October 23, 2015

ကိုယ်ကအရင် စပြင်ကြစို

တစ်ခါတလေ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရင် 
မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဖြစ်ပြီးသွားတဲ့ ကိစ္စတွေမှာ 
ကိုယ်ကအရင်စပြီး ဘယ်နှစ်ခါများ လျော့ချဖူးသလဲလို့။ ကိုယ်ကအရင် စပြီးတောင်းပန်တာ၊ 
ကိုယ်ကအရင်စပြီး ခွင့်လွှတ်ပေးတာ၊ ကိုယ်ကအရင်စပြီး သည်းခံတာ စသဖြင့် 
ဘယ်နှစ်ခါများ လုပ်ဖူးသလဲလို့ပေါ့။မလုပ်ဖြစ်တာ များပါတယ်။ 

တစ်ချို့ ကိုယ်ကမှားနေမှန်း သိပေမယ့် ကိုယ့်မာနနဲ့ကိုယ်၊ 
ကိုယ်ဂုဏ်နဲ့ကိုယ်၊ ကိုယ့်အတ္တနဲ့ကို အလိုလို မာန်တက်ပြီး အမှန်ကို ဝန်ခံရဲတဲ့ သတ္တိ မရှိတော့ 
မထူးပါဘူးဆိုပြီး ကိုယ်ကအရင်စပြုပြင်ဖို့ မလုပ်ဖြစ်ကြတတ်ပါဘူး။

တကယ်ဆိုရင် ဘဝမှာ နေရတဲ့ အခိုက်အတန့်လေးဟာ 
ဘာမှအကြာကြီး မဟုတ်ပါဘူး။ ညီညီညွတ်ညွတ် ၊ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ တစ်ဦးအကျိုးကို တစ်ဦးက 
လိုလားတဲ့ မေတ္တာတရားလေးနဲ့သာ နေထိုင်နိုင်ကြရင်လောကကြီးဟာ သိပ်ကိုချမ်းသာမှာ အမှန်ပါပဲ။

ဆိုတော့ကား။ ဘယ်သူတွေ ဘယ်လိုပဲ မာန်ခံနေပါစေ၊
ဘယ်သူတွေ ဘယ်လိုပဲ တင်းနေပါစေ ၊ကိုယ့်ကိုကိုယ်တော့ မာန်တွေလျော့ဖို့၊ 
ကိုယ်ကအရင်စပြီး ခွင့်လွှတ်ဖို့၊ ကိုယ်ကအရင်စပြီး သည်းခံဖို့၊ 
ကိုယ်ကအရင်စပြီး မေတ္တာထားဖို့ ကြိုးစားကြည့်လိုက်ပါ။ 
အဲဒီလို ပြုပြင်လိုတဲ့ စိတ်လေးနဲ့သာ အားလုံးက ကိုယ်ကအရင်စပြီး လျော့ချနိုင်ရင် ကိုယ်လည်းငြိမ်းချမ်း၊ 
သူလည်းငြိမ်းချမ်း၊ လောကကြီးလည်း ငြိမ်းချမ်းသွားမှာ အမှန်ပါပဲ။
သေချာတာကတော့ လျော့ချနိုင်တဲ့သူဟာ အရင်ဆုံး 
အပူသက်သာသွားမယ်ဆိုတာ အသေအချာပါပဲ။

မေတ္တာဖြင့်
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】

No comments:

Post a Comment