July 28, 2014

သည်းခံစိတ်ထားရှိသော သုမင်္ဂလသူဌေး။

    ကဿပဘုရားရှင် လက်ထက်တော်အခါက သုမင်္ဂလ အမည်ရှိသော သူဌေးတစ်ဦးသည်
ကြီးကျယ်ခမ်းနားသော ရွှေကျောင်းကြီးတစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းထား၏။ မကြာခဏ
ဘုရားကျောင်းတော်သို့  သွားလေ့ရှိ၏။ တစ်နေ့သ၌ ကျောင်းမှအပြန် မြို့တံခါးအနီးရှိ ဇရပ်တစ်
ဆောင်ပေါ်တွင် သင်္ကန်းကို ခေါင်းမြီးခြုံ၍ အိပ်နေသော သူခိုးတစ်ယောက်ကို တွေ့မြင်၏။

         “ ခြေထောက်တွင် ရွှံ့နွံအလိမ်းလိမ်းကပ်လျက် သင်္ကန်းကို ခေါင်းမြီးခြုံပြီး ဤဇရပ်ပေါ်၌
မတော်မလျော် အိပ်စက်နေသူမှာ ရဟန်းအယောင်ဆောင်ထားသော သူခိုးသာ ဖြစ်ရမည်။ ဘယ်
နည်းနှင့်မျှ ရဟန်းကောင်း မဖြစ်နိုင် ” ဟု မှတ်ချက် ချ၍ ပြောဆို၏။
          အယောင်ဆောင် သူခိုးသည် သူ့အား ဤသို့ပြောရမည်လားဟု အမျက်ဒေါသ ပြင်းစွာ
ထွက်လျက် သူဌေးကို ရန်ငြိုးဖွဲ့၏။ သူဌေးပိုင်သော လယ်ယာများကို ခုနှစ်ကြိမ်တိတိ မီးတိုက်
ဖျက်ဆီး၏။ သူဌေးပိုင်သော နွားခြံသို့ဝင်၍ ခုနှစ်ကြိမ်တိုင်တိုင် နွားများ၏ ခြေထောက်ကို ဓားဖြင့်
ခုတ်ဖြတ်၏။ သူဌေး၏ နေအိမ်ကို ခုနှစ်ကြိမ်တိတိ မီးကွင်းပစ်၍ မီးရှို့၏။
          ခိုးသူသည် ဤမျှလောက် ဖျက်ဆီးရသည်ကို မကျေနပ်သေးမူ၍ သူဌေးဆောက်လုပ်လှူ
ဒါန်းထားသော နံ့သာရွှေကျောင်းတော်ကြီးကို ကဿပဘုရားရှင် ဆွမ်းခံကြွနေသည့်အခိုက် မီး
တိုက်ဖျက်ဆီးပြန်လေ၏။ သုမင်္ဂလ သူဌေးသည် မီးလောင်ရာသို့ ပြေးလာပြီးလျှင် စိတ်မချမ်းသာ
ခြင်း၊ ဒေါသထွက်ခြင်း အလျင်းမရှိမူ၍ တစ်ကြိမ်မီးလောင်သော် နှစ်ကြိမ်လှူမည်ဟု လက်ရုံးဆန့်
၍ ပြောကြား၏။ မကြာမီ နောက်ထပ် ကျောင်းသစ်ကြီးတစ်ဆောင် ဆောက်လုပ်ပြီးလျှင် သံဃာ
နှစ်သောင်း ခြံရံလျက် မြတ်စွာဘုရားအား လှူဒါန်းပြန်၏။
          ဗျာပါဒအားကြီးသော ခိုးသူသည် “ ဤသူဌေးကို အရှင်ထား၍ အရှက်တကွဲ အကျိုးနည်း
အောင် လုပ်လေခြင်းထက် အသေသတ်ပစ်မှ နားအေးမည် ” ဟု ပြင်းထန်သော အစွဲဖြင့် ဓား
မြှောင်ကို ခါးထိုး၍ အမြဲတစေ
ချောင်းမြောင်းနေ၏။ သို့သော် အခွင့်မသာ၍ မသတ်နိုင်။
         သူဌေးကြီးသည် မြတ်စွားဘုရားနှင့် ရဟန်းသံဃာတို့ကို ပင့်၍ ကျောင်းရေစက်ချပွဲကို ပြု
လုပ်သောအခါ “ တပည့်တော်၏ အကျိုးတရား ပျက်ပြားအောင် ဖျက်ဆီးပြီး အသက်ကိုပင် ရန်
ရှာနေသောသူသည် ဤပရိသတ်အတွင်း၌ ရှိနေပါသည်။ ထိုသူအား တပည့်တော် အမျက်ဒေါသ
မထားသည့်အပြင် ယခုပြုသော ကုသိုလ်အဖို့ကို ထိုသူအား ရှေးဦးစွာ ပေးပါ၏ ” ဟု လျောက်
ထားပါသည်။
        ထိုစကားကို ကြားသောအခါ သတ်ဖြတ်ရန် ချောင်းမြောင်းနေသော ခိုးသူသည် မိမိ၏ အ
မှားကို သိ၍ သူဌေးကြီးအား သည်းခံရန် တောင်းပန်၏။ သူဌေးကြီးက သည်းခံသော်လည်း သူ၏
ဗျာပါဒစေတနာကြောင့် သေသောအခါ အ၀ီစိငရဲ၌ နှစ်ပေါင်းများစွာ ခံရလေ၏။ ငရဲမှ လွတ်သော
အခါ ရာဇဂြိုဟ်မြို့အနီး ဂိဇ္ဈကူဋတောင်ဝယ် တစ်ကိုယ်လုံး မီးလောင်၍ ဝေဒနာပြင်းပြစွာ ခံစား
ရသော စပါးကြီး မြွေပြိတ္တာကြီး ဖြစ်ရပြန်လေသည်။
(ဓမ္မပဒအဌကထာ၊ ဒုတိယအုပ်၊ ဒဏ္ဍ၀ဂ်၊ အဇရပေတ၀တ္ထု)
 {နှစ်ဖက်လှ ဦးကျော်လွင်၏ ဗုဒ္ဓဘာသာ လူထက်လူ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment