January 6, 2017

ဝေဒနာကို ရှုမြင်ပုံတရားတော်။


        လူတွေမှာ နာမ်တရားအနေနဲ့ ပြောမယ်ဆိုရင် ခံစားချက်တွေရှိကြပါတယ်။ ပျော်ရွှင်
တာလည်း ခံစားတာပါပဲ၊ ၀မ်းနည်းတာလည်း ခံစားတာပါပဲ၊ အဲဒီ- ပျော်ရွှင်မှု ဆိုတာလည်းပဲ
ထာဝရပျော်ရွှင်နေတာ မဟုတ်ပါ၊ ၀မ်းနည်းမှု ဆိုတာလည်းပဲ ထာဝရ ၀မ်းနည်းနေတာ မ
ဟုတ်ပါ။ ဒါကြောင့်မို့ ဝေဒနာဆိုတဲ့ ခံစားမှုဟာလည်းပဲ မြဲတဲ့အရာမဟုတ်ပါ။ မြဲတဲ့အရာ
မဟုတ်တဲ့အတွက် မမြဲတဲ့ ဒီခံစားမှုကို ငါလို့ ရှုမှတ်မယ်၊ ငါ့ဥစ္စာလို့ ရှုမှတ်မယ်ဆိုရင်
မသင့်တော်ပါ။ မြဲတဲ့အရာမဟုတ်လို့ သုခလည်း မဟုတ်ပါ၊ ဒုက္ခသာ ဖြစ်ပါတယ်။ အဲဒီ-မြဲတဲ့
အရာ မဟုတ် တဲ့အတွက် အတ္တမဟုတ်ပါ၊ အနတ္တ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဝေဒနာနဲ့ ပတ်
သက်ပြီးတော့လည်းပဲ အဲဒီ ခံစားချက်တွေဟာ တည်မြဲနေတာ မဟုတ်ပါ။
         အဲဒါကို အရှင်ပုဏ္ဏ က “ဝေဒနာဟာ အနိစ္စ ဆိုလို့ရှိရင်  ဒုက္ခပဲ ခေါ်ရမှာပါ” တဲ့။ အဲဒီ
လို ဒုက္ခဖြစ်ပြီး ပြောင်းလဲတတ်တဲ့ သဘာဝတရားကို “ငါ၊ ငါ့ဟာ” လို့ ရှုမြင်သုံးသပ်မယ်ဆိုရင်
မသင့်တော်ပါ။ ဒါကြောင့် မှန်ကန်တဲ့ အသိဉာဏ်နဲ့ ရှုသင့်ပါတယ်။ ခံစားချက် ဝေဒနာဟာ
ငါလည်းပဲ မဟုတ်ပါ၊ ငါ့ဥစ္စာလည်း မဟုတ် ဆိုတာ မှန်ကန်တဲ့ ၀ိပဿနာ ဉာဏ်အမြင်နဲ့ ရှုရ
ပါမယ်။ အဲဒီလို ရှုမြင်လိုက်တဲ့အခါမှာ ခံစားမှုအပေါ်မှာ သာယာတွယ်တာမှုဆိုတာ မလာ
တော့ပါ။
  တို့တတွေရဲ့ ဝေဒနာကိုယ်ကြီးကလည်း အမြဲတမ်း ပြောင်းလဲပြီးတော့နေတာပါ။ အဲဒီလို
ထာဝရ ပြောင်းလဲနေတဲ့  ဝေဒနာတရားကြီးဟာ ငါ့ဟာလို့၊ ငါ့ဥစ္စာလို့၊ ငါ့ရဲ့အတ္တလို့ ဒီလို
စိတ်ထဲမှာ မှတ်ယူထားဖို့ မသင့်တဲ့တရား ဖြစ်ပါတယ်။ အဲဒီလို သိလိုက်တာနဲ့၊ မှန်ကန်တဲ့
ဉာဏ်အမြင်နဲ့ ဆင်ခြင်စဉ်းစားလိုက်တာနဲ့ တစ်ပြိုင်နက်  ဝေဒနာတရားပေါ်မှာ ငြီးငွေ့မှု
ဆိုတာ ဖြစ်ပေါ်လာပါတယ်။ ငြီးငွေ့တယ်ဆိုတာ သာယာမှုကို ရှာမတွေ့တာကိုခေါ်တာပါ။
ပျော်စရာတို့၊ နှစ်သက်စရာတို့၊ ကျေနပ်စရာတို့ဆိုတာ မရှိတော့ပါ။
         ဒါကြောင့် မိမိတို့လည်း ၀ိပဿနာတရား အားထုတ်လို့ရှိရင် ဒီရှုမှတ်ဖွယ်ရာ အာရုံတွေနဲ့ပဲ
တရားအားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး ရှင်အာနန္ဒ မထေရ်မြတ်ကဲ့သို့
တရားထူး တရားမြတ်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။
{ ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊  ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


No comments:

Post a Comment