November 19, 2016

“ ပညာသုံးဆင့် ဂုဏ်ရည်မြင့် ''


လောကမှာ အမှောင်ကြောက်သူ၊ အလင်းရလိုသူတို့ အတွက် အမှောင်ကို ဖြိုခွင်းပေးနိုင်တဲ့ အလင်းရောင်လေးမျိုး ရှိပါတယ်။
နေရောင်၊ လရောင်၊ မီးရောင်၊ပညာရောင်တို့ ပါပဲ။ ဒါပေမယ့် နေဆိုတာ နေ့ အခါမှာပဲ လင်းပြီး၊ညအခါ မလင်းနိုင်ပါဘူး။
လကလည်း လဆန်းပိုင်းညအခါမှာပဲ လင်းပြီးနေ့ အခါ မလင်းနိုင်တော့ပါဘူး။  မီးဆိုတာလည်းထွန်းတဲ့နေရာမှာပဲ ထွန်းထားတုန်းသာ လင်းနိုင်ပါတယ်။

ဒါကြောင့် နေ၊ လ၊ မီးရောင်တို့ ဟာ ကာလ၊ ဒေသ အနေနဲ့  ကန့် သတ်ထားပြီးတော့သာ အလင်းရောင်ပေးနိုင်ကြပါတယ်။
ဒါ့အပြင် အဲဒီအရောင်တွေကြောင့် သံသရာကို ခြယ်လှယ်နေတဲ့ သတ္တဝါတွေရဲ့ ရင်တွင်းအမှောင်အဝိဇ္ဇာကိုတော့
နည်းနည်းလေးမျှပါးသွားအောင်၊ အလင်းရအောင် မစွမ်းဆောင်နိုင်ကြပါဘူး။

မြတ်စွာဘုရားရှင်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ နှစ်ဖက်မြင် ပညာအလင်းရောင်ကသာ နေရာမရွေး၊
အချိန်မရွေး ထွန်းလင်းနိုင်ပါတယ်။ အဝိဇ္ဇာကင်းပြီးစိတ်အလင်းရအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
စိတ်ရဲ့ အပူအခိုးအငွေ့ ကင်းစင်ပြီး အမှန်အတိုင်းမြင်ရအောင် စွမ်းဆောင်ပေးပါတယ်။

ဒါကြောင့် သံသရာခရီးသည်ဘဝနဲ့ အဝိဇ္ဇာမှောင်တွင်း ချဉ်းနင်းသွားလာရတဲ့အခါ  နေ၊ လ၊မီးရောင်တွေ ရှိရုံမျှနဲ့ မလုံလောက်သေးပါဘူး။
ဘဝရပ်တည်ရေး တစ်ဖက်မြင်ပညာ တတ်ရုံမျှ နဲ့ လည်း မပြည့်စုံသေးပါဘူး။ သာသနာ့လမ်းညွှန်ချက်နှစ်ဖက်မြင် ပညာကို ရအောင်ယူနိုင်မှသာ ဖြစ်ပါလိမ့်မယ်။ အာရုံနဲ့ စိတ်စွမ်းအားများကို အရှိအတိုင်းသိနိုင်တာကို (ပညာ )လို့ ခေါ်ပါတယ်။ အဲဒီပညာက တရားစွမ်းအင် ထုတ်လုပ်ရေးဆိုင်ရာမှာ အကျဉ်းချုပ်သုံးဆင့် ရှိပါတယ်။

(၁) 'ကံသာ ကိုယ်ပိုင်ဥစ္စာ'လို့ ကြောင်းကျိုးဆက်သွယ်သိတတ်တဲ့ မူလတန်းပညာ။ ကံအရှိကိုသိတတ်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိပေါ့။

(၂) ရုပ်နာမ် သင်္ခါရတို့ ရဲ့ မခိုင်မြဲတဲ့သဘော၊ဆင်းရဲတဲ့သဘော၊ အစိုးမရတဲ့သဘောကို အမှန်အတိုင်းသိတတ်တဲ့ အလယ်တန်းပညာ။
ခန္ဓာအရှိကို သိတတ်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိပေါ့။

(၃) လွတ်ငြိမ်းချမ်းသာမှု အစစ်ဖြစ်တဲ့ နိဗ္ဗာန်ရဲ့သဘောကို တိုက်ရိုက်သိမြင်တတ်တဲ့ အထက်တန်းပညာ။
နိဗ္ဗာန်အရှိကို သိတတ်တဲ့ မဂ်ဖိုလ်၊စတုသစ္စသမ္မာဋ္ဌိပေါ့။

အဲဒီလို သုံးဆင့်ရှိပေမယ့် အလုပ်ပိုင်းဆိုင်ရာမှာတော့ မူလတန်းပညာနဲ့ အလယ်တန်းပညာကသာ လိုရင်းပါ။
အဲဒီပညာနှစ်မျိုးကို 'မျက်မှန်နှစ်လက်'လို့  ခေါ် နိုင်တယ်။ ကမ္မဿကတာ သမ္မာဒိဋ္ဌိပညာက ကိုယ်လုပ်ထားတဲ့
အကောင်းအဆိုး ကံနှစ်မျိုးကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကြောင်းကျိုးဆက်သွယ်ကာ အရှည်မြော်မြင်ပြီး ကြည့်ရတာမို့ 
'အဝေးကြည့်မျက်မှန်'နဲ့ တူပါတယ်။

လုပ်ထိုက်တဲ့ ကံ၊ မလုပ်ထိုက်တဲ့ကံ၊ရှောင်သင့်တဲ့ ကံ၊ ဆောင်သင့်တဲ့ကံလို့ အမှန်အတိုင်းသိအောင် စဉ်းစားနှိုင်းချိန်
သေချာစွာ ဓာတ်ခွဲပြီး ကြည့်ရှုပေးတတ်ပါတယ်။ ရုပ်နာမ်ခန္ဓာ အရှိကို တကယ်မြင်အောင် ကြည့်နိုင်တဲ့
ဝိပဿနာသမ္မာဒိဋ္ဌိပညာက ဖြစ်တိုင်း ပျက်တိုင်းမြင်အောင် အနီးကပ်ရှု မှတ်သုံးသပ်၍ ကြည့်ရတာမို့ 'အနီးကြည့်မျက်မှန်'နဲ့ တူပါတယ်။
ဒီမျက်မှန်နှစ်လက် တပ်ထားမှ တရားအသိ၊ လူ့ မျက်စိကို ရပြီး အကွက်စေ့အောင် လမ်းမှန်ကြည့်တတ်မှာပါ။

လမ်းမှန်သိမှလည်းနည်းမှန်အောင် အားထုတ်တတ်မှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်ကံကိုယ်ပိုင်ရုံမျှမက နိုင်လည်းနိုင်အောင် ထိန်းချုပ်ကိုင်တွယ်ကာ လမ်းရှင်းပေးတာမို့ 'ကံထိန်းခလုတ်' အစစ်လည်း ဖြစ်ပါတယ်။

တရားအသိ၊ လူ့ မျက်စိရှိတာမို့ ကုသိုလ်ကံကြောင့် နောက်ထပ် ရရှိလာမယ့် လောကီကောင်းကျိုးများကို အနှစ်အစိုင် အခိုင်အမာ ပန်းတိုင်
အဖြစ် လက်မခံဘဲ အသုံးချစရာ အသုံးအဆောင်အဖြစ်၊ အချိန်တန်ကလက်လွှတ်လိုက်ရမယ့် ယာယီအငှားပစ္စည်းတွေအဖြစ်ပဲ
လက်ခံတော့တယ်။

အချိန်တန်က ဖျက်ချခံရမယ့်အပေါ်ကို တက်နိုင်ရုံအတွက် ခဏဆောက်လုပ်ပေးထားတဲ့  'ငြမ်း' အဖြစ်လည်း မြင်လာတယ်။
အကြောင်းရှိနေသမျှ ဖြစ်ပေါ်နေပြီး အချိန်တန်က ပျက်စီးပျောက်ကွယ်သွားရတာဟာ ရုပ်နာမ်သင်္ခါရတို့ ရဲ့ အလုပ်သာဖြစ်တယ်၊ကိုယ့်အလုပ် မဟုတ်သေးဘူး။ ကိုယ့်အလုပ်မထည့်ဘဲ သူ့ အလုပ်ကိုသာ လက်ပိုက်ကြည့်နေရင် မူးလဲမတတ် မောဟိုက်ပင်ပန်းရုံပဲ ရှိမယ်။

သူ့ အလုပ်ထဲမှာ ကိုယ့်အလုပ် ထည့်ပေးမှသာ ငြိမ်းအေးချမ်းသာမယ်ဆိုတာလည်း အမြင်ရှင်းလာတယ်။
အဲဒီလို အသိပညာ တိုးပွားလာတာနဲ့ အမျှ လူဟာလည်း ဂုဏ်ရည် မြင့်မားလာပါတယ်။ ဘဝခန္ဓာနဲ့ ပတ်သက်လို့ လည်း နောက်ထပ်
အပူမီးမပွားစေဘဲ စွမ်းအားကို တိုးတက်လာစေပါတယ်။ အသိစွမ်းအားတွေလည်း ငြိမ်းအေးကြည်လင်သန့် စင်သွားရပါတယ်။

မဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုတာက

ရလဒ်ပန်းတိုင် အထက်တန်းပညာပဲ ဖြစ်ပါတယ်။

အကျဉ်းချုပ်....၊

❈ အသိပညာ၊ ရှိမှသာ၊ မှန်စွာအဆင့်ဆင့်။
❈ ကြောင်းကျိုးဆက်ကာ၊ကြည့်တတ်ပါ၊ပညာအလင်းဖြင့်။
❈ ကိုယ်တိုင်ပြုထား၊ ကံတရား၊သိငြား မူလဆင့်။
❈ ဝိပဿနာ၊ မြတ်ပညာ၊ မှတ်ပါ အလယ်ဆင့်။
❈ မဂ်ဥာဏ်'ဖိုလ်ဥာဏ်၊ အသိမှန်၊ မှတ်ရန် အထက်ဆင့်။
❈ အသိ(၃)ဖြာ၊ တိုးပွားလာ၊လူမှာ ဂုဏ်ရည်မြင့်။

(တိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ(ယော)ဆရာတော်ဘုရား)


No comments:

Post a Comment