February 25, 2016

"မြတ်စွာဘုရားရှင်-ပြည်တော်ဝင်နေ့(သို့)တပေါင်းလပြည့်"

တပေါင်းလပြည့်နေ့ကို မြတ်စွာဘုရား ပြည်တော်ဝင် အခါနေ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ရခြင်း အကြောင်းကား မြတ်စွာဘုရားရှင်နှင့်ဖွားဖက်တော် (၇)ဦးထဲမှ ကာဠုဒါယီ မထေရ်က ကပိလဝတ် နေပြည်တော်သို့ ကြွရောက်တော်မူပါရန် လျှောက်ထားသည်ကို အကြောင်းပြုပြီး သတ်မှတ်ရခြင်း ဖြစ်ပေသည်။

မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ နေတော်မူလျက် လူအပေါင်းကို တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးနေတော်မူချိန်ဖြစ်ပါတယ်။ ထိုအကြောင်းကို ကပိလဝတ်ပြည့်ရှင် ဖခင်ဖြစ်သူ သုဒ္ဓေါဓနမင်းကြီး ကြားလေလျှင် အမတ်တစ်ဦးကို မင်းချင်းယောက်ျား တစ်ထောင် အခြံအရံဖြင့် မြတ်စွာဘုရားရှင်အား ကပိလဝတ်ပြည်တော်သို့ ကြွရောက်ရန် ပင့်လျှောက်ခိုင်းပါတယ်။ ထိုအမတ်သည် မင်းချင်းယောက်ျား တစ်ထောင်ခြံရံလျက် ယူဇနာ ၆၀ဝေးသော ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်သို့ ရောက်လျှင် မြတ်စွာဘုရားရှင် လူအပေါင်းကို တရားဟောနေတော်မူခိုက်နှင့်ကြုံသဖြင့် မြတ်စွာဘုရား တရားကို နာကြားခွင့်ရသည့်အတွက် ရဟန္တာဖြစ်ပြီး ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ရောက်တော်မူကြပါတယ်။ ရဟန္တာဖြစ်သည့်အတွက် လောကီရေးရာ အားလုံးကို လျစ်လျှူရှုသည် ဖြစ်ရကား သုဒ္ဓေါဓနမင်းကြီး၏ ပင့်လျှောက်ခိုင်းမှုကို မြတ်စွာဘုရားရှင်အား မလျှောက်ဘဲ နေကြတော်မူပါတယ်။


သုဒ္ဓေါဓနမင်းကြီးလည်း နောက်ထပ် အမတ်တစ်ဦးကို မင်းချင်းယောက်ျား တစ်ထောင်ခြံရံစေလျက် ထပ်မံပင့်ခိုင်းပြန်ပါတယ်။ ထိုအမတ်နှင့် မင်းချင်းတစ်ထောင်လည်း ရှေးနည်းတူ ရဟန္တာများ ဖြစ်သွားကြပြန် ပါတယ်။  ဒီလိုနှင့် ဆယ်ကြိမ်မြောက်မှာ ကာဠုဒါယီမထေရ်အား မင်းချင်းတစ်ထောင်ခြံရံလျက် ထပ်ဆင့် ပင့်ခိုင်းပြန်ပါတယ်။ ကာဠုဒါယီမထေရ်နှင့် မင်းချင်းတစ်ထောင်လည်း ရဟန္တာချည်း ဖြစ်သွားပြန်ပါတယ်။ ကာဠုဒါယီမထေရ် ရောက်လာ၍ ရဟန္တာဖြစ်ပြီး ၇ရက် ၈ရက်မြောက်သော နေ့ကား တပေါင်းလပြည့်နေ့ ပင်တည်း။

ကာဠုဒါယီမထေရ်သည် တပေါင်းလ၏ သာယာပုံကို ဂါထာ၆၀ကျော်ဖြင့် ချီးမွမ်း၍ ဖခင်သုဒ္ဓေါဓနမင်းကြီး အပင့်ခိုင်းသည့် စကားအလုံးစုံးကို လျှောက်ကြားလေတော့၏။
မြတ်စွာဘုရားရှင်က ချစ်သား ကာဠုဒါယီ ငါဘုရားသည် ဆွေတော်မျိုးတော်တို့အား ချီးမြှောက်တော်မူအံ့ဟု မိန့်တော်မူကာ တပေါင်းလပြည့်ကျော်တစ်ရက်နေ့တွေင် ရဟန္တာ နှစ်သောင်း ခြံရံလျက် ဝေဠုဝန် ကျောင်းတော်မှ တစ်နေ့ တစ်ယူဇနာနှုန်းဖြင့် ရက်ပေါင်း(၆၀) ၊ (၂)လကြာမျှ ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူပါတယ်။
မြတ်စွာဘုရားရှင် ကပိလဝတ်ပြည်တော်ပြန်ခရီး ကြွရောက်တော်မူခြင်းဖြင့် သာသနာ့သမိုင်းမှာ ကောင်းသော အကျိုးဆက်များကား
-ဖခင်သုဒ္ဓေါဓနမင်းကြီးစသော ဆွေတော်မျိုးတော် သာကီဝင်မင်းအပေါင်းတို့သည် မြတ်စွာဘုရားရှင်နှင့် သံဃာတော်များ သီတင်းသုံးတော်မူစေရန်အတွက် ဆောက်လုပ်ထားသော နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း။

-သာကီဝင်မင်းမျိုးတို့၏ မာန်စွယ်ကို ပယ်ရှားသောအားဖြင့် ပေါက္ခရဝဿမိုးကိုရွာသွန်းစေပြီး ထိုပေါက္ခရဝဿမိုးကို အကြောင်းပြု၍ ဝေဿန္တရာဇာတ်တော်ကို ဟောကြားတော်မူခြင်း၊

-ဆွမ်းပင့်ဖိတ်သူ ဒကာများမရှိခဲ့ပါလျှင် အိမ်စဉ်မပြတ် လှည့်လည်ဆွမ်းခံရပ်ခြင်းသည် ဗုဒ္ဓဝံသ ဗုဒ္ဓအနွယ်ဝင် ဖြစ်သော ရှေးရှေးဘုရားရှင်တို့၏ အနွယ်စဉ်ဆက်မှ ဆင်းသက်လာသောအကျင့်မြတ်ဖြစ်ကြောင်းကို (၂)ဂါထာဖြင့် မြတ်စွာဘုရားရှင်မှ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးကို ဟောတော်မူခြင်းကြောင့် ပထမဂါထာဖြင့် သုဒ္ဓေါဓနမင်းကြီး သောတာပန်တည်ခြင်း၊ ဒုတိယဂါထာဖြင့် သကဒါဂမ်တည်ခြင်း၊ မိထွေးတော်ဂေါတမီမှာ သောတာပန်တည်ခြင်း၊ မဟာဓမ္မပါလဇာတ်တော်ကို ဟောကြားတော်မူပြီး ဖခင်ကြီးအား အနာဂါမ်တည်စေခြင်း၊ နောင်သောအခါ အရဟတ္တဖိုလ်တည်ခြင်း။

-ယသောဓရာမိဖုရားကို အကြောင်းပြု၍ စန္ဒကိန္တွရီဇာတ်ကို ဟောကြားတော်မူခြင်း၊

-ဇနပဒကာလျာဏီ၏ နန္ဒမင်းသားကို ရဟန်းပြုပေးခြင်း၊

-သားတော်ရာဟုလာ အမွေတောင်းခံခြင်းကို အကြောင်းပြု၍ လောကုတ္တရာအမွေ ပေးသည့်အနေဖြင့် သာမဏေဘောင်သို့ သွတ်သွင်းခြင်း၊ မိဘတို့ ခွင့်မပြုသော သားကို ရဟန်းပြုမပေးရဟူသော သိက္ခာပုဒ်ကို ပညတ်ခြင်း။

-သာကီဝင်မင်း မင်းသားတစ်ထောင် ရဟန်းပြုခြင်း၊ ထိုသာကီဝင်မင်း မင်းသားတစ်ထောင်မှ ထင်ရှားကျော်ကြားသည့် အနုရုဒ္ဓ၊ အာနန္ဒ၊ ဘဒ္ဒိယ၊ ကိမိလ၊ ဘဂု၊ ဒေဝဒတ္တ(ဒေဝဒတ်) ၇ဦးတို့သည် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ဝေဠုဝန်ကျောင်းတော်သို့ လိုက်ပါသွား၍ ဒုတိယဝါကပ်တော်မူခြင်း၊ ထိုဝါတွင်း၌ပင် ထို(၇)ဦးထဲမှ အရှင်ဘဒ္ဒိယသည် ဝိဇ္ဇာသုံးပါး ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်ခြင်း၊ အရှင်အနုရုဒ္ဓါကား ဒိဗ္ဗစက္ခု အဘိဥာဏ်ကို ရခြင်း၊ အရှင်အာနန္ဒာကား သောတာပန်ဖြစ်ခြင်း၊ အရှင်ဘဂု၊ အရှင်ကိမိလ အရှင်ဥပါလိတို့သည်နောင်သောအခါ ရဟန္တာဖြစ်ခြင်း၊ အရှင်ဒေဝဒတ်ကား ပုထုဇဉ်၏ အဘိဥာဏ်တန်ခိုးဖြင့် ပြည့်စုံခြင်း၊

-အရှင်သာရိပုတ္တရာလျှောက်ထား၍ ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောကြားခြင်း။

-ကာဠုဒါယီမထေရ်က ဆွေမျိုးတို့အား မြတ်စွာဘုရားရှင်ကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ကို ချီးမြင့်တော်မူခြင်း စသော အကျိုးဆက်တို့ပင်တည်း။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


No comments:

Post a Comment