February 7, 2014

ခန္ဓာကိုယ်ကြီး နာချင်နာပါစေ၊ စိတ်မနာပါစေနဲ့။

တခါတုန်းက နကုလပိတာ ဆိုတဲ့ ဒကာကြီးတစ်ယောက် ရှိပါတယ်။ သူက မြတ်စွာဘု
ရားနဲ့ အလွန်ရင်းနှီးပါတယ်။ ဘ၀ကလည်း မြတ်စွာဘုရားနဲ့ ဆွေမျိုးတော်ခဲ့တဲ့ ဘ၀တွေကများ
တော့ ဘုရားကို သူ့သားလို့ သူကယူဆပါတယ်။ သံသရာက အချစ်နဲ့ မြတ်စွာဘုရား အပေါ်
မှာ သံယောဇဉ် ဖြစ်ပါတယ်။ သို့သော် အဲဒီအချိန်မှာ သူက တရားထူး တရားမြတ် ရပြီးတဲ့
ပုဂ္ဂိုလ် ဖြစ်နေပါပြီ။ အနာဂါမ်အဆင့်လောက် ရောက်နေပါပြီ။ အသက်အရွယ် ကြီးလာလို့
ကျန်းမာမှုတွေ ယိုယွင်းလာတဲ့အခါမှာ ဘုရားဆီကို မရောက်နိုင်ဘူး။ တစ်နေ့တော့ ရောဂါ
ဝေဒနာ သက်သာလို့ ကြိုးစားပြီးတော့ ကျောင်းသို့ရောက်လာပါတယ်။
ရောက်လာတဲ့အခါ နကုလပိတာ ဒကာကြီးက “အရှင်ဘုရား .. တပည့်တော် အသက်
အရွယ်ကလည်း ကြီးပြီ၊ အရှင်ဘုရားဆီကိုလည်း မလာနိုင်ဘူး။ ခန္ဓာကလည်း အမြဲတမ်း နာ
တာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာတွေ ဖြစ်နေပါတယ်။ အဲဒါကြောင့်မို့လို့ တပည့်တော်ကို ဆုံး
မသြ၀ါဒလေး ပေးပါဦး ” လို့လျှောက်ပါတယ်။ အဲဒီအခါ မြတ်စွာဘုရားက “ အေး .. ဟုတ်
တာပေါ့၊ ခန္ဓာကိုယ်ကြီးဆိုတာ အမြဲတမ်း နာနေတာပဲ”။
ဘယ်လောက်ကျန်းမာတဲ့လူ ဖြစ်ပါေ
စ၊ ဣရိယာပုတ် မပြောင်းဘဲနဲ့ .. ထိုင်တာကြာရင်
ညောင်းလာတာပဲ၊ အိပ်တာ ကြာလာရင် ညောင်းလာတာပဲ၊ လမ်းလျှောက်တာ ကြာလညရင်
လည်း ညောင်းလာတာပဲ။ တစ်ခုနဲ့တစ်ခု အပြောင်းအလဲလေး လုပ်သည့် အတွက်ကြောင့်
ကိုယ့်ကိုယ်ကို ကျန်းမာတယ်လို့ ထင်နေရတာပါ။ ဣရိယာပုတ် တစ်ခုတည်းကို အကြာကြီး
ထိုင်လိုက်တာနဲ့ တပြိုင်နက် သူရဲ့ သဘာဝက ပေါ်လာပါတယ်။
ဒါကြောင့်မို့ မြတ်စွာဘုရားက “အေး. ရုပ်ခန္ဓာကိုယ်ကြီးဆိုတာ အမြဲတမ်း နာနေတာပါ။
မဆန်းပါဘူး။ “အဏ္ဍဘူတော” ခန္ဓာကိုယ်ကြီးဆိုတာ ကြက်ဥ၊ ငှက်ဥလိုပါပဲ တဲ့။ ပရိယောနဒ္ဓေါ
-အင်မတန်ပါးလွှာတဲ့ အရေလေးနဲ့ ဖုံးအုပ်ထားတာ” တဲ့။
အဲဒီတော့ ..လိုက်နာကျင့်သုံးရမယ့် သြ၀ါဒလေးတစ်ခု မြတ်စွာဘုရားက ဟောပါတယ်၊
“ ခန္ဓာကိုယ်ကြီး နာချင် နာပါစေ၊ စိတ်မနာ ပါစေနဲ့ ” လို့ ပြောပါတယ်။ ခန္ဓာကိုယ်ကြီး နာတာ
ကတော့ သဘာဝအတိုင်းပဲ၊ လုပ်လို့ မရပါ။ စိတ်က အနာအောင် လုပ်လို့ ရပါတယ်။
သဘာဝစိတ်ကလေး ဖြူစင်နေတဲ့အချိန်မှာ စိတ်ကြည်လင်အေးမြနေပါတယ်။ ဆိုပါစို့ .
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ ဆိုတဲ့ ဒီ ကောင်းမြတ်တဲ့ အနေအထားလေးတွေ ဖြစ်
နေလို့ ရှိရင် သူက စိတ်မှာရောဂါကင်းနေပါတယ်။ ကျန်းမာတယ်လို့ ပြောရပါမယ်။ အေး...
လောဘ ဖြစ်လာပြီ၊ ဒေါသဖြစ်လာပြီ၊ မောဟတွေ ဖြစ်လာပြီ၊ မာန်မာနတွေ ဖြစ်လာပြီဆိုရင်
စိတ်ဟာထိခိုက်လာတာပါပဲ။ နာမကျန်း ရောဂါဖြစ်လာဖြစ်လာတယ်လို့ ဆိုလိုရမှာပါ။ ရုပ်နဲ့
ဆိုင်ရာ ရောဂါ(အို၊ နာ)ဝေဒနာ ပျောက်အောင် မကုနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒ
နာက ပျောက်အောင်ကုသနိုင်ပါတယ်။ အသိဉာဏ်တွေ ရှိပြီးတော့ စိတ်ထဲမှာ လောဘ၊ ဒေါသ၊
မောဟတွေ ဘယ်တော့မှ မပေါ်အောင်ဆိုတဲ့ နည်းစနစ်(ဗုဒ္ဓလမ်းညွှန်မှု) တွေနဲ့ ကုသလိုက်ပါ
က အမြစ်ပြတ် ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း သတိသမ္ပဇညတရား ကိုယ့်
သန္တာန်မှာ ဖြစ်ပွားအောင် ကြိုးစားပြီး အမှန်အကန်သိမယ်ဆိုရင် ဘ၀နေပျော်ပြီး နောက်ဆုံး
မှာ ဘ၀ကလွတ်မြောက်တဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်
စီ သဘောကျပြီး ကျင့်ကြံအားထုတ်နိုင်ကြပါစေ ကုန်သတည်း။ ။
{၁၃၇၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်၊ နေပြည်တော်၌ အရှင်နန္ဒမာလာဘိဝံသ(Ph.D)
ဟောကြားသော ဘေသဇ္ဇဂုရုတရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment