ဆရာ။ ။
သည်အမေးပုစ္ဆာက ရဟန္တာအရှင်မြတ်ကြီး ဖြစ်နေလို့ အရာကျယ်လှတယ်၊ ပုစ္ဆာဆိုတာ
စိတ်ကူးစိတ်သန်းနဲ့ မှန်းဆ မေးတာမျိုးလည်းရှိတယ်၊ အဟုတ်တကယ်ဖြစ်ပုံကို
မျက်မြင်တွေ့ကြုံဖူးလို့ မေးတာမျိုးလည်းရှိတယ်၊ ဒကာကြီးတို့အမေးက ကိုယ်တွေ့
မျက်မြင်လား၊ စိတ်ကူးယဉ် ပုစ္ဆာလား။
ဒကာ။ ။
ဒါကတော့ ကိုယ်တွေ့ဒိဋ္ဌကို ထုတ်ဆောင်မေးတာပါ ဆရာတော်၊ တပည့်တော်များ
ကိုးကွယ်ဆည်းကပ်နေတဲ့ ကျောင်းတိုက်ကြီးတခုမှာ ပုဂ္ဂိုလ်တပါးက သူဟာ
အာသဝေါကုန်ခန်း ရဟန်းကိစ္စပြီးပြီဆိုတဲ့ သတင်းစကားတွေ ကြားသိရလို့ ဒကာများက
သွားရောက်ဆွေးနွေးမေးမြန်းကြရာ အရဟတ္တဖိုလ်ရောက်ပြီးကြောင်း
ကိုယ်တိုင်ဝန်ခံချက်အရ သူ၏ရုပ်ပုံနှင့်တကွ သတင်းစာက လူသိနတ်ကြား
ရေးသားချီးကျူး သတင်းတွေထည့်ပေးလိုက်လို့ ကျော်ကြားထင်ရှားကာ ဒကာ, ဒကာမတွေ
ဝိုင်းဝိုင်းလည် ပူဇော်အထူးကို ခံယူတော်မူနေတဲ့ ရဟန္တာအရှင်မြတ်ကြီးက
ဒကာကြီးတို့ စီးပွားရေး အရောင်းအ၀ယ်များကော ကောင်းကြရဲ့လား၊ အခု
ဘာတွေရောင်းဝယ် နေကြသလဲ၊ ဘယ်ကုန်တွေတော့ ရောင်းသွက်တယ် ကြားရတယ်၊
တိုင်းရေးပြည်ရေးကကော ဘယ်လိုလဲ၊ ဘယ်သူ့ကို ဖမ်းသွားတယ်ဆိုတာ ဟုတ်သလား၊
အထူးသတင်းလေးများရှိရင် ပြောပြပါဦး စတဲ့ လူမှုရေးရာ လောကီအလုပ်နဲ့သာ
ဝင်ရောက်ရှုပ်ထွေးနေလို့ တရားစွဲခံရ၊ လူရုံးတွေ ရောက်လာတာကို ဒကာကြီး
ကိုယ်တွေ့မို့ မေးရတာပါ ဘုရား။
ဒါ့ကြောင့်
စာပေ မသိမတတ်သေးတဲ့ ဒကာကြီးတို့လို လူသားများ၏ အကျိုးတရားကို
ငဲ့ညှာသနားသဖြင့် ရဟန္တာအစစ် ဖြစ်သူများဟာ မိမိကိုယ်ကို လူသိရှင်ကြား
ရဟန္တာပါလို့ သတင်းစာထဲက ကြေညာခြင်း၊ ပုထုဇဉ်တို့လုပ်ငန်းထဲပါဝင်
ရောစွက်လုပ်ကိုင်ခြင်းတို့ ပြုကောင်း, မကောင်းများကို ယထာဓမ္မကျကျ
ဒကာကြီးတို့ နားလည်ေ
အာင် အဖြေစကား မိန့်ကြားတော်မူပါ ဆရာတော်။
အာင် အဖြေစကား မိန့်ကြားတော်မူပါ ဆရာတော်။
ဆရာ။ ။
ဒကာကြီးတို့ ပုစ္ဆာက ပုထုဇဉ် ရဟန်းတော်များ၏ လုပ်ငန်းထဲ ရဟန္တာက ပါဝင်နေလို့
တော်တော့ကိုပဲ စဉ်းစားစရာ ဖြစ်နေတယ်၊ ကဲ...ပိဋကတ်တော်စာပေမှာ လာတဲ့အတိုင်း
ဓမ္မဓိဋ္ဌာန်ကျကျနဲ့ပဲ နောင်လာနောင်သားတို့လည်း မှတ်သားနည်းယူကြဖို့
စိတ်ထားနဲ့ ဖြေကြားပေးပါမည်လေ။
သမ္မာသမ္ဗုဒ္ဓသာသနာတော်၌
ရဟန်းပြုသော အမျိုးကောင်းသားသည် ရဟန်းကိစ္စ ပဓာနအလုပ်ကို အားထုတ်လို့
အရဟတ္တဖိုလ်သို့ ရောက်ကာ ရဟန္တာကြီး ဖြစ်သောကာလမှစ၍ လောကီရေးရာ ပုထုဇဉ်တို့
အလေ့အလာအလုပ်ကိစ္စတို့ကို လျစ်လျူရှုမြဲဓမ္မတာမို့ မိမိရရှိပြီးသော
အရဟတ္တဖိုလ်တရားဖြင့်သာ မွေ့လျော်ကာ နေလေ၏-
လို့
ပိဋကတ်တော်မှာ ပါရှိတာ တွေ့ရတယ်၊ သာဓက၀တ္ထုကြောင်းများကတော့ ခမည်းတော်
သုဒ္ဓေါဒနမင်းကြီးက သားတော်ဘုရားထံ အမတ်ကြီးများစေလွှတ် အပင့်ခိုင်းတဲ့
ဗုဒ္ဓ၀င်အခန်း ကဏ္ဍတခုထဲမှာ.....
မှူးကြီးခေါင်းဆောင်
အမတ်ကြီးတယောက်နဲ့ မင်းချင်းယောက်ျား တထောင်စီ တထောင်စီ ကိုးလီကိုးကြိမ်
ကိုးခါအထိ ဘုရားသခင်တော်ထံသို့ ပင့်ဆောင်ခဲ့ရန် မင်းမိန့်ဖြင့်စေလွှတ်ကာ
အပင့်ခိုင်းရာ ကိစ္စတို့၌ မင်းကြီး၏ အမိန့်တော်မြတ်ကို
ရိုသေစွာနာခံမှတ်သားပြီး ရာဇဂြိုဟ်ပြည်သို့ရောက်တိုင်း ရောက်တိုင်းသော
အမတ်ကြီးတယောက်နဲ့ မင်းချင်းတထောင်စီတို့ဟာ ဝေဠုဝန်ကျောင်းတိုက်ကြီးထဲသို့
ဝင်ရောက်မိတဲ့အခါတိုင်းမှာပဲ ပရိသတ်အလယ်၌ မြတ်စွာဘုရား တရားဟောတော်မူနေတဲ့
တရားပွဲကြီးတွေနဲ့သာ ကြုံကြိုက်နေတုန်းအခါတွေချည်းပဲ ဖြစ်ဖြစ်နေလို့
မင်းကြီးတံဆိပ်ခတ်၍ အမိန့်တော်ချမှတ်လိုက်သော စကားကို ဘုရားသခင်အား
မလျှောက်ကြားသေးဘဲ တရားပွဲကြီး၏ ပရိသတ်နောက်နားက ရပ်တည်လျက် တရားတော်နာကြား
ကြစဉ်ပင် အခြံအရံ မင်းချင်းတထောင်တို့နှင့်တကွ အမတ်ကြီးပါ အရဟတ္တဖိုလ်သို့
ရောက်ရှိကြလျက် မြတ်စွာဘုရားထံ ရဟန်းအဖြစ်ကို ပေးသနားတော်မူရန်
တောင်းပန်လျှောက်ထားကြကာ ဧဟိ ဘိက္ခု ရဟန္တာကြီးတွေ ဖြစ်သွားကြတယ်တဲ့။
အဲဒီလို
ရဟန္တာကြီးတွေ ဖြစ်တဲ့အချိန်က စပြီးတော့ လောကီရေးရာတို့၌ ဥပေက္ခာထားကြမြဲ
ဓမ္မတာအတိုင်း မင်းကြီးစေခိုင်းလိုက်တဲ့ သတင်းစကားတွေကိုလည်း
မြတ်စွာဘုရားအား မလျှောက်ကြားတော့ဘူး၊ သုဒ္ဓေါဒန မင်းကြီးထံကိုလည်း ဘာသတင်း
စကားမှ မပြန်ကြား မပေးပို့တော့ဘူး တဲ့။
နောက်အထပ်ထပ်
စေလွှတ်ပင့်ခိုင်းတဲ့ တထောင်စီ တထောင်စီတွေဟာလည်း သည်နည်းအတိုင်းချည်းပဲ၊
ကဲ..အဲဒါဟာ ရဟန္တာတို့ရဲ့ဖြစ်ရပ် သိမှတ်စရာပဲ ဒကာကြီးတို့ရဲ့၊ ဘုရင်မင်းတို့
စေခိုင်းတဲ့ မင်းအမိန့်တွေ ဘာတွေကို မလိုက်နာကြတော့ဘူး၊ အဲဒါနဲ့ နောက်ဆုံးအကြိမ် စေလွှတ်လိုက်တဲ့ အမတ်ကြီး ကာဠုဒါယီ အလှည့်ကျတော့ အမတ်ကြီးက မင်းကြီးအား သည်လိုဝန်ခံချက် လျှောက်ထားလိုက်တယ်။
"
အရှင်မင်းကြီးသည် အကျွန်ုပ်အား ရဟန်းပြုခွင့် ပေးသနားတော်မူပါက
အရှင်မင်းကြီး၏ သားတော်ဘုရားကို အရှင်မင်းကြီး ဖူးမြော်ခွင့်ရအောင်
ဆောင်ရွက်ပေးနိုင်ပါလိမ့်မည်"
ဟု
ဝန်ခံချက်တောင်းလို့ ခွင့်ပြုချက်ရမှ ကာဠုဒါယီ အမတ်ကြီးနဲ့
သုဒ္ဓေါဒနမင်းကြီးတို့ ကတိက၀တ်အရ မြတ်စွာဘုရားသခင်အား တိုင်းတော်,
ပြည်တော်သို့ကြွရန် ၆၄ ဂါထာတို့ဖြင့် ပင့်လျှောက်၍ တိုင်းတော်,
ပြည်တော်သို့ ကြွတော်မူတာဖြစ်တယ်။
အဲသည်
၆၄ ဂါထာထဲမှာလည်း ခမည်းတော်မင်းကြီးက ပင့်ခိုင်းလို့ ပင့်ရတယ် ဆိုတဲ့
စကားနည်းနည်းလေးမှ မပါဘူး၊ အဲဒါကို သတိထားကြည့်ပါ၊ ရာသီဥတု လမ်းပန်းဆက်တာ
သာယာတင့်တယ် ရှုချင်ဖွယ်ကောင်းသော သစ်ပင် ပန်းမန်တို့ အကြောင်းတွေနဲ့သာ
ဆောင်းနှောင်း နွေဦး ပွင့်ဖူးမွှေးကြိုင်ပုံတွေကို ဖွဲ့နွဲ့ကာ ကြွချီဖို့ ကောင်းတဲ့အကြောင်း တောင်းပန်လျှောက်ထား သွားတာတွေကိုသာ တွေ့ရတယ်။
အဲဒါ့ကြောင့်
ရဟန္တာများဟာ လောကီရေးရာကို မလေ့လာ မလိုက်စား ပုထုဇဉ်တို့
လုပ်ကိုင်မှုကြားထဲ သွားလာဝင်စွက်မှု မပြုတော့ဘူးလို့ မှတ်ပေတော့၊ ဒါပဲ
ကျေနပ်ရဲ့လား။
ဒကာ။ ။ သည်အတွက်တော့ အားရနှစ်သက် ကျေနပ်လှပါတယ် ဆရာတော်၊
http://www.thamameggin.blogspot.com/ မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment