November 5, 2015

ကျောခိုင်းသွားဖို့ အချိန်ရောက်လာရင်

ဘုရားရှင်လက်ထက်က ဘုရားရှင်ကို သူတို့သားအရင်းတစ်ယောက်လိုသဘောထားပြီး သိပ်ချစ်ကြတဲ့ နကုလပိတာသူကြွယ်လင်မယားနှစ်ယောက်အကြောင်းကို ပိဋကတ်စာပေလေ့လာဖူးကြတဲ့သူတွေဆို ရင်းရင်းနှီးနှီးကို သိကြမှာပါ။ ဒီသူကြွယ်ကြီးအတွက် ရည်ရွယ်ပြီး ဘုရားရှင်ဟောခဲ့တဲ့ “ကိုယ်သာနာပါစေ၊ စိတ်မနာပါစေနဲ့” ဆိုတဲ့ တရားဆိုရင် ၀ိပဿနာတရားအားထုတ်နေကြတဲ့ ယောဂီတွေ အကြိမ်ပေါင်းများစွာ၊ ထပ်ခါထပ်ခါ ကြားဖူး၊ နာဖူး၊ ဖတ်ဖူးပြီးသား တရားတစ်ပုဒ်လို့ ပြောမယ်ဆိုရင်မလွဲနိုင်ပါဘူး။

ဒီသူကြွယ်လင်မယားကို အကြောင်းပြုပြီး မြတ်စွာဘုရားရှင်ဟောခဲ့တဲ့ သုတ်တော်တွေထဲက အိမ်ထောင်ရှင်လင်မယားတွေရဲ့ ကြားမှာ အတုယူအားကျပြီး ကြိုးစားပြုလုပ်သင့်တဲ့ အချက်တွေပါတဲ့၊ လူအများကြား သိပ်ကြားဖူးနေကြမဟုတ်တဲ့ သုတ်တော်တစ်ခုကို အိမ်ထောင်သည်ဓမ္မမိတ်ဆွေတွေအတွက် ဝေမျှပြောပြချင်ပါတယ်။ သိပြီးသား မိတ်ဆွေများကတော့ နာဖူးထပ်မံဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ကိုယ့်ရဲ့  ဇနီးခင်ပွန်းသည်လုပ်သူဟာ တစ်ချိန်ချိန်မှာ အနာရောဂါနှိပ်စက်လာလို့ လူ့လောကကို ကျောခိုင်းစွန့်ခွာ ထွက်သွားရတော့မယ့် အချိန်တစ်ခုဟာ အိမ်ထောင်သည်တိုင်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မဖြစ်မနေရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ဘေးနားကပြုစုပေးနေတဲ့ ဇနီးခင်ပွန်းသည်ဟာ အဲဒီအချိန်မျိုးမှာ ပရိဒေ၀သောကမီးတွေ တောက်လောင်နေတတ်ကြပြီး မကြာမီအားလုံးကို စွန့်ခွာသွားတော့မယ့် ချစ်ခင်သူအတွက် အသိဉာဏ်နှင့်ယှဉ်တဲ့ လိုအပ်တဲ့ပြင်ဆင်တည့်မတ်ပေးမှုမျိုးကို လုပ်မပေးလိုက်နိုင်ကြတာများပါတယ်။ တချို့ အဆင်ခြင်ဉာဏ်နည်းကြတဲ့ လူမမာ ပြုစုပေးကြတဲ့ သူတွေကြောင့်တောင် သွားလေသူမှာ ပစ္စည်းသံယောဇဉ်၊ မိသားစုသံယောဇဉ်တွေနှင့်ငြိပြီး ဘ၀ကူးမကောင်းဖြစ်ကြရတဲ့ သာဓကတွေလည်း အများကြီး ပါပဲ။

အခုသုတ်တော်မှာလည်း တစ်ချိန်တော့ နကုလပိတာသူကြွယ်ကြီးဟာ အကြီးအကျယ်နာမကျန်းဖြစ်ပါတော့တယ်။ ဒီအခါမှာ လူမမာယောကျာ်းကို ပြုစုပေးနေတဲ့ ဇနီးဖြစ်သူ သူကြွယ်မဟာ သူ့ယောကျာ်းရဲ့  ဘေးကနေ ပြောပေးခဲ့တဲ့ အားပေးစကားလေးတွေကို ကျွန်တော်တို့ လေ့လာ အတုယူမှတ်သားကြည့်ရအောင်ပါ။

သူကြွယ်မက သူ့ယောကျာ်းလူမမာကို ဘယ်လိုတွေ ပြောပေးလဲဆိုတော့....

“ယောကျာ်းရေ...။ မိန်းမကို ငဲ့ကွက်ပြီးတော့ မသေလိုက်ပါနဲ့။ အဲဒီလို ငဲ့ကွက်ပြီး သေရတာမျိုးဟာ မကောင်းပါဘူး။ ဘုရားရှင်ကလည်း ဒီလိုသေခြင်းမျိုးကို ကဲ့ရဲ့ ပါတယ် ယောကျာ်းရေ။”

“ယောကျာ်းရေ...။ ငါတကယ်လို့ သေရင် ငါ့မိန်းမတော့ သားတွေ၊ သမီးတွေနှင့် အိမ်ထောင်စီးပွားကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်မှာမဟုတ်ဘူး လို့လည်း စိတ်ထဲမှာ တွေးပူမနေပါနဲ့။ ကျွန်မ ဗိုင်းငင်ချည်ရက်တဲ့အလုပ်ကို တတ်ကျွမ်းပါတယ်။ ဒီအလုပ်နှင့် သားတွေ၊ သမီးတွေကို ကောင်းကောင်း လုပ်ကျွေးစောင့်ရှောက်နိုင်ပါတယ်။ ဒါကြောင့် မိသားစုကို ငဲ့ကွက်တဲ့စိတ်နှင့်လည်း မသေလိုက်ပါနဲ့။ အဲဒီလိုသေရတာ မကောင်းပါဘူး။ ဘုရားရှင်လည်း မချီးမွှမ်းပါဘူး။”

“ယောကျာ်းရေ...။ ငါသေခဲ့ရင် ငါ့မိန်းမတော့ နောက်အိမ်ထောင်ပြုလိမ့်မယ်ထင်တယ် လို့လည်း စိတ်ပူမနေပါနဲ့။ ဗြဟ္မာ့စရိယအကျင့်ကို ကျင့်သုံးလာတာ အခုဆို တစ်ဆယ့်ခြောက်နှစ် ရှိလာပြီဆိုတာ ရှင်လည်းသိပါတယ်။ ကျွန်မလည်း သိပါတယ်။ နောက်အိမ်ထောင်ပြုမှာကို စိုးရိမ်တဲ့စိတ်နှင့်လည်း မသေပါနဲ့။ အဲဒီလိုသေရတာ မကောင်းပါဘူး။ ဘုရားရှင်လည်း မနှစ်သက်ပါဘူး။”

“ယောကျာ်းရေ...။ ငါသေပြီးတဲ့နောက် မိန်းမတော့ ဘုရားရှင်နှင့် သံဃာတော်တွေဆီ ဆည်းကပ်ပူဇော်တော့မှာ မဟုတ်ဘူး လို့လည်း တွေးမပူပါနဲ့။ တကယ်လို့ ရှင်မရှိတော့ရင် အချိန်တောင်ပိုရသွားတာမို့ မြတ်စွာဘုရားရှင်နှင့် သံဃာတော်တွေဆီကို အရင်ကထက်တောင် ပိုပြီး ဆည်းကပ်ပူဇော်လုပ်ကျွေးနိုင်အုံးမှာပါ။ ဒါကြောင့် ဒီကိစ္စကိုလည်း တွေးပူပြီး မသေလိုက်ပါနဲ့။ အဲဒီစိတ်နှင့် သေရတာ ဆင်းရဲလှပါတယ်။ ဘုရားရှင်လည်း ကဲ့ရဲ့ တော်မူပါလိမ့်မယ်။

“ယောကျာ်းရေ....။ တကယ်လို့ ငါသေသွားရင် မိန်းမတော့ သီလတွေကို လုံခြုံအောင်စောင့်ထိန်းတော့မှာ မဟုတ်ဘူးလို့လည်း တွေးမပူလိုက်ပါနဲ့။ သီလကို ဖြည့်ကျင့်စောင့်တည်တဲ့ ဘုရားရှင်ရဲ့  လူဝတ်ကြောင် တပည့်မတွေထဲမှာ ကျွန်မလည်း တစ်ဦး အပါအ၀င်ဖြစ်ပါတယ်။ မယုံရင် ဘုရားရှင်ကို မေးလျှောက်ကြည့်လို့ရပါတယ်။ ဒါကြောင့် ဒီကိစ္စကို အကြောင်းပြုပြီး တွေးပူပြီး မသေလိုက်ပါနဲ့။ ဒီလိုသေရတာ ဆင်းရဲသလို ဘုရားရှင်လည်း ကဲ့ရဲ့ ပါလိမ့်မယ်။”

”ယောကျာ်းရေ....။ စိတ်ထဲမှာ မိန်းမကတော့ အတွင်းစိတ်နှလုံးငြိမ်းချမ်းအောင် သမထဘာဝနာတစ်ခုခုစီးဖြန်းပြီး နေနိုင်သူ မဟုတ်သေးဘူးလို့လည်း မတွေးလိုက်ပါနဲ့။ အတွင်းစိတ်နှလုံးငြိမ်းချမ်းအောင် သမထဘာဝနာစီးဖြန်းပြီး နေနိုင်တဲ့ ဘုရားရှင်ရဲ့  တပည့်မတွေထဲမှာ ကျွန်မလည်း တစ်ယောက် အပါအ၀င်ဖြစ်ပါတယ်။ မယုံဘူးဆိုရင် ဘုရားရှင်ကိုသာ မေးလျှောက်ကြည့်ပါ။ ဒီကိစ္စကို တွေးပူပြီးတော့လည်း မသေလိုက်ပါနဲ့။ ဒီလိုသေရခြင်းဟာ ဆင်းရဲပါတယ်။ ဘုရားရှင်လည်း ချီးမွှမ်းတော် မမူပါဘူး။”

“ယောကျာ်းရေ...။ ငါ့မိန်းမကတော့ ဘုရားရှင်ရဲ့  သာသနာတော်မှာ သို့လော သို့လော သံသယတွေ မကင်းသေးတဲ့၊ အယူအမြင် မစင်ကြယ်သေးတဲ့၊ မြတ်စွာဘုရားရှင်မှတစ်ပါး တခြားအားကိုးရာ ရှိနိုင်သေးတယ်လို့ ထင်တတ်တဲ့သူမျိုးပဲ ဖြစ်နေလိမ့်အုံးမယ်လို့လည်း မထင်လိုက်ပါနဲ့။ မြတ်စွာဘုရားရှင်ရဲ့  သာသနာတော်မှာ ထောက်တည်ရာရပြီးဖြစ်တဲ့ လူဝတ်ကြောင်တပည့်မတွေထဲမှာ ကျွန်မလည်း တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ တကယ်လို့ မယုံကြည်ရင် မြတ်စွာဘုရားရှင်ကို မေးလျှောက်ကြည့်နိုင်ပါတယ်။ ဒီကိစ္စကြောင့်လည်း စိတ်မဖြောင့်ပဲ မသေလိုက်ပါနဲ့။ ဒီလိုသေရတာမျိုးဟာ ဆင်းရဲပါတယ်။ ဘုရားရှင်လည်း ကဲ့ရဲ့ တော်မူပါလိမ့်မယ်။”

ဒီလိုမျိုးစကားတွေကို လူမမာ သူကြွယ်ယောကျာ်းရဲ့  ဘေးကနေပြုစုလုပ်ကျွေးရင်း မိန်းမလုပ်တဲ့သူက ပြောပေးလိုက်တော့ ယောကျာ်းလုပ်သူခမျာ စိတ်နှလုံးငြိမ်းအေးသက်သာရာ ရသွားပြီး ခံစားနေရတဲ့ အနာရောဂါတွေဟာလည်း ခဏချင်းပဲ သက်သာသွားခဲ့ပါတယ်။

ဒီအကြောင်းကို ပြန်ကြားသိရတဲ့ မြတ်စွာဘုရားရှင်ကလည်း နကုလပိတာသူကြွယ်ကို “ဒီလို ဇနီးမယားမျိုးကို ရထားတဲ့ ဒကာကြီးဟာ အရတော်လိုက်တာ၊ လူဖြစ်ရကျိုးနပ်လိုက်တာ” လို့ ချီးမွှမ်းစကား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီနေရာမှာ မကျန်းမမာဖြစ်နေတဲ့ နကုလပိတာသူကြွယ်ဟာ သေချိန်မကျသေးလို့ အနာရောဂါတွေ သက်သာပျောက်ကင်းပြီး ပြန်လည်နလန်ထလို့ ချမ်းသာရာရသွားခဲ့တယ်လို့ ဆိုစေအုံး။ တကယ်သေရတော့မယ့် လူမမာတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင်လည်း အခုလိုသတိပေးစကားမျိုးတွေသာ ကြားခွင့်ရမယ်ဆိုရင် ဘယ်လောက် စိတ်တင်းကျပ်နေတာတွေ၊ စိုးရိမ်ထိတ်လန့်နေရတာတွေ လျှော့ကျသွားမလဲဆိုတာ စဉ်းစားကြည့်လို့ရနိုင်ပါတယ်။ တရားနှလုံးသွင်းဖို့ မေ့နေတဲ့ လူမမာတောင်မှ ကိုယ့်ဇနီးခင်ပွန်းရဲ့  ဒီလို သတိပေးစကားမျိုးကို ကြားရရင် တရားအားရုံဘက်ကို စိတ်က ညွှတ်သွားစေနိုင်တဲ့ ခွန်အားကိုဖြစ်စေတဲ့ အနေအထားမျိုးပါပဲ။

ကျွန်တော်တို့အားလုံးဟာ ကိုယ်ချစ်တဲ့ သူတွေနှင့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ နောက်ဆုံး သေကွဲကွဲရမှာက ရှောင်လွှဲလို့မရတဲ့ အမှန်တရားတစ်ခုပါ။ ဒါကို ခေါင်းအေးအေးထားလက်ခံနိုင်ဖို့နှင့် ရောက်လာမယ့် အဲဒီအချိန်အတွက် ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ၊ ကိုယ့်ကိုယ်ကို ဘာတွေ ကြိုတင်ပြင်ဆင်ထားကြမလဲဆိုတာကို အခုကတည်းက စနစ်တကျကြိုတင်လေ့ကျင့်ထားသင့်ကြပါတယ်။

ဇနီးကပဲ အရင်စွန့်ခွာစွန့်ခွာ၊ ခင်ပွန်းသည်ကပဲ အရင်စွန့်ခွာစွန့်ခွာ ဘယ်သူကပဲဖြစ်ဖြစ် နောက်ဆုံး ကျောခိုင်းနှုတ်ဆက်ရတော့မယ့်အချိန်မှာ သွားမယ့်သူ စိတ်ဖြောင့်ဖြောင့်နှင့် သွားနိုင်စေဖို့ ကိုယ်ကိုယ်တိုင်က သူစိတ်ဖြောင့်နိုင်မယ့် အခြေအနေ၊ အနေအထားမျိုး ဖြစ်နေအောင် ကြိုးစားထားသင့်ကြပါတယ်။

ဒါမှသာ အခု နကုလမာတာသူကြွယ်မကြီးက သူယောကျာ်းကို ပြောသလို သတိပေးစကားမျိုးတွေ ကိုယ့်ဇနီးခင်ပွန်းလုပ်တဲ့သူကို အားပေးပြောကြားနိုင်ပါလိမ့်မယ်။ မဟုတ်ရင် လူမမာဘေးမှာ ခြေမကိုင်မိ၊ လက်မကိုင်မိ၊ မျက်ရည်တွေ ဒရဟောကျ၊ သူတော့ သေတော့မှာပဲ ဆိုတဲ့ အပူရုပ်ကြီးနှင့် လူမမာကို ကြည့်နေမိရင် အကြည့်ခံရတဲ့သူရဲ့  စိတ်ထဲမှာလည်း ဘယ် အဆင်ပြေနိုင်ပါ့မလဲ။ ဒီလိုနှင့် ဘာကောင်းရာကောင်းကြောင်းမှ နှလုံးမသွင်းနိုင်ပဲ သေကြရတော့ လားရာဂတိလည်း ကောင်းလာနိုင်စရာ အကြောင်းမရှိတော့ဘူးပေါ့။

အခုသုတ်တော်လာ အကြောင်းအချက်တွေကို အတုယူအားကျဆင်ခြင်ပြီး အချိန်မနှောင်းသေးခင် အားလုံး ကိုယ်စီ တစ်ယောက်ကို တစ်ယောက် ရဲရဲရင့်ရင့် အားပေးစကားပြောကြားနိုင်တဲ့ အခြေအနေမျိုးထိ ရောက်အောင် ကိုယ်တိုင် ကြိုးစားအားထုတ်သွားကြပါလို့ ခင်မင်ရတဲ့ မိတ်ဆွေများအားလုံးကို မေတ္တာဖြင့် တိုက်တွန်းသတိပေးရင်း ဓမ္မစကားလက်ဆောင်ပါးလိုက်ရပါတယ်ခင်ဗျာ။

(အဂုင်္တ္တရနိကာယ်၊ ဆက္ကနိပါတ်၊ နကုလပိတုသုတ်တော်မှ ထုတ်နုတ်ရေးသားပူဇော်ပါသည်။)

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၂၁၊ ၃၊ ၂၀၁၅။ (စနေနေ့)

No comments:

Post a Comment