November 7, 2015

ချီးမွှမ်း ၇ ရက် ၊ကဲ့ ရဲ့ ၇ ရက်

တစ်ခါက မြတ်စွာဘုရားရှင်သည် နောက်လိုက်ရဟန်းငါးရာနှင့်အတူ ကောသမ္ဗီနေပြည်တော်အတွင်း ဆွမ်းခံလှည့်လည်လာစဉ် မာဂဏ္ဍီ မိဖုရားကြီး၏ ခိုင်းစေမှုကြောင့် ကောသမ္ဗီပြည်သားတို့သည် ဆွမ်းမလောင်းရုံမျှမက ရဟန်းတို့ကို ဆဲရေးတိုင်းထွာပြီး သတ်ပြစ်မည် ရိုက်ပြစ်မည် ဆိုပြီး ခြိမ်းခြောက် ဆဲရေးကြတယ်။

 
မြတ်စွာဘုရားကတော့ ဘာမျှမဖြစ်ပေမယ့် အရှင် အာနန္ဒာကတော့ သောတာပန်မျှဖြစ်၍ စိတ်ပျက်လက်ပျက်ရှက်အားပိုကာ တုန်လှုပ်မှုဖြစ်ရသည်။မြို့ပြင်သို့ရောက်ရောက်ချင်း မအောင့်နိုင်တော့ဘဲ မြတ်စွာဘုရားရှင်အား ကောသမ္ဗီပြည်မှ ထွက်သွားကြပါစို့ဟု လျှောက်တင်တယ်။
မြတ်စွာဘုရားရှင်က " အာနန္ဒာ ပြသနာတစ်ခုကို လှည့်ပတ်ရှောင်ပြေးနေရုံမျှဖြင့် ပြေလည်သွားမည်မဟုတ်၊ ငါဘုရားသည် ခေါင်းဆောင်ပီသစွာ ရှေ့တန်းမှနေ၍ ရင်ဆိုင်ဖြေရှင်းမည်။ စစ်မြေပြင်တွင် ဆင်ပြောင်ကြီးသည် ဓါး၊လှံ၊လေး၊မြား လက်နက်ပေါင်းစုံတို့ကို မတွန့်မဆုတ် ကြံ့ကြံ့ခံသကဲ့သို့ ကောသမ္ဗီပြည်သားတို့၏ ဆဲရေးမှုကို ငါဘုရားသည်းခံတော်မူမည် " ဟုမိန့်၍ သွားနေကြအတိုင်း နေ့စဉ် ဆွမ်းခံလေသည်။

ဆဲရေး ခြိမ်းခြောက်ကြသူများလည်း မြို့ဝင်မှ မြို့ထွက်အထိ လိုက်လံဆဲရေးရေရွတ်ကြရာ ကြာသော် ၄င်းတို့၏ စကားလုံးများမှာ အပ်ကြောင်းထပ်ကာ ရိုးလာသည်။ ဆဲသူရော ကြားရသူများပါ မဆန်းသလို ဖြစ်လာသည်။ ဆဲဆိုသူများကိုယ်တိုင်လဲ စိတ်သိပ်မပါတော့ ဆဲဆိုသူများလဲလျှော့နည်းလာလေသည်။

တစ်စုံတစ်ရာ ပြန်မပြောဘဲ နေ့စဉ်အဆဲခံကြွလာနေသော ဘုရားနှင့် ရဟန်းတော်များကို ဘေးပရိတ်သတ်က စိတ်ညွတ်လာသည်။
၇ ရက်ခန့်ကြာလာသောအခါ ကောသမ္ဗီပြည်တွင် ဆဲရေးခြိမ်းခြောက်သူများ မရှိတော့ချေ။
 
မောင်စိုင်း

No comments:

Post a Comment