November 15, 2015

ဘ၀အမောပြေ

မိမိတို့ ရဲ့ဘ၀မှာ ဘ၀အမောပြေဆိုပြီး ရှာကြပါတယ်။

တစ်ယောက်နှင့်တစ်ယောက်တော့ မတူကြပါဘူး။ မိမိအားသန်ရာ

အားသန်ရာရှာကြပါတယ်။

ဘ၀အမောပြေလို့ ကိုယ်ထင်ထားတဲ့ အရာဟာ ကိုယ်လက်ထဲ

ရောက်လာပြီးဆိုရင် အမောမပြေဘဲ အမောဆို့သွားတာတွေကြုံဖူး

ကြပါလိမ့်မယ်။ ဘာလို့ အမောမပြေတာလည်းဆိုရင် စစ်မှန်သော

အမောဖြေနည်း မမှန်လို့ပါ။ စစ်မှန်သော အမောပြေနည်းမဟုတ်ရင်

တစ်သံသရာလုံးအမောဆို့ နေကြရဦးမှာပါ။ဒါကြောင့် စစ်မှန်သော

အမောပြေနည်းကို သိထားဖို့ လိုပါတယ်။

အမောပြေနည်း မပြောခင် ပုံပြင်လေးတစ်ပုဒ်အရင်ပြောပါရစေ။

တစ်ခါတုန်းက အကိုင်းခက်မတွေနှင့်ပြည့်စုံနေတဲ့ညောင်ပင်ကြီး

တစ်ပင်မှာ ငှက်ကလေးတစ်ကောင်း အသိုက်လုပ်ပြီး နားခိုနေတယ်။

ညောင်ပင်ကြီးက အသီးတွေ သီးလာတဲ့အခါ အခြားသစ်ပင်တွေမှာ

နေထိုင်တဲ့ ငှက်တွေက ညောင်သီးတွေလာစားကြတယ်။ပျော်ကြတယ်။

ဒါကိုကြည့်ပြီး ညောင်ပင်အိုကြီးမှာ ပျော်မွေ့ နေတဲ့ငှက်ကလေးရဲ့

ရင်ထဲမှာ မကျေနပ်မှု ဒေါမနဿတွေပေါက်ဖွားလာတယ်။ ညောင်ပင်ဟာ

ညောင်ပင်ပဲ။ငှက်ဟာ ငှက်ပဲလို့  မသိတဲ့ငှက်ကလေး မနာလိုမှုတွေ

ရင်မှာပိုက်ပြီး ငါ့ညောင်ပင်ငါ့အသီးတွေလို့ လိုက်အော်နေရင်းနဲ့ပဲ

ငှက်ကလေးဟာ အမောဆို့ ပြီး သေသွားရှာပါတယ်။

လောကမှာလည်း အ၀ိဇ္ဇာနှင့်တဏှာတရားတွေဖုံးထားလို့

ငါနဲ့ ငါ့ဥစ္စာ အတူတူလို့ ထင်ပြီး ငှက်ကလေးလို ငါ့ဥစ္စာ၊ ငါ့သားသမီး၊

ငါ့ဆွေမျိုးလို့ အော်ပြီး အမောဆို့ သွားတဲ့သူတွေ စာရင်းကောက်ရင်

ကမ္ဘာမှာ ရှိတဲ့စာရွက်တွေသာ ကုန်သွားမယ်။ စာရင်းတွေကတော့

ကုန်မယ် မထင်ပါဘူး။

တစ်ကယ်လို့ သာ ငှက်ကလေးဟာ ညောင်ပင်ကြီးကို ငါ့ဥစ္စာ၊

ငါ့ပစ္စည်းလို့ မစွဲလမ်းဘူး။ ညောင်ပင်ဟာ ညောင်ပင်ပဲ ငှက်ဟာငှက်ပဲလို့ 

သိရင်လောကရဲ့အမှန်တရားကို နားလည်ထားရင် သောက၊ ပရိဒေ၀၊

ဒုက္ခ၊ ဒေါမနဿဆိုတဲ့တရားတွေ မိမိတို့ ရဲ့အသိဉာဏ်မှာ မကပ်ငြိဘဲ

ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ ဘ၀ချမ်းသာကို ရရှိကြပြီးတော့

ဘ၀အမောတွေက လွတ်မြောက်မှာ သေချာပါတယ်။

ဘ၀အမောတွေမဆို့ အောင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက

မဟာသတိပဋ္ဌာနသုတ်မှာ (ဧကာယနော အယံဘိက္ခဝေ မဂ္ဂေါ သတ္တာနံ

ဝိသုဒ္ဓိယာ သောက၊ပရိဒေ၀ါနံသမတိက္ကမာယဒုက္ခဒေါမနဿာနံအတ္ထင်္ဂမာယ

ဉာယဿအဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တရော သတိပဋ္ဌာနာ)

လို့ တစ်ခုတည်းသောလမ်းကိုဟောကြားခဲ့ပါတယ်။

ဆိုလိုတာက သောက၊ပရိဒေ၀၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏

ဆင်းရဲ့ခြင်းမှ လွတ်မြောက်ပြီးနိဗ္ဗာချမ်းသာကို မျက်မှောက်ပြုချင်တယ်

ဆိုရင် သတိတရား လက်ကိုင်ထားပြီး ရုပ်ကိုစူးစိုက်ရှုရမယ်။ခံစားမှုကို

စူးစိုက်ရှုရမယ်။ စိတ်ကို စူးစိုက်ရှုရမယ်။ သဘောတရားကို စူးစိုက်ပြီး

ရှုရမယ်လို့ ပြောတာပါ။

ဒါကြောင့် မိမိရဲ့ခန္ဓာကိုယ်နှင့်စိတ်မှာ ဖြစ်နေတဲ့သဘောတွေကို

ဖြစ်နေတဲ့သဘောအတိုင်း သတိနဲ့ စောင့်ရှုနေမယ်ဆိုလိုရှိရင်သောက၊

ပရိဒေ၀ဆိုတဲ့စိတ်ကိုညစ်ညူးတက်တဲ့တရားတွေ မလာတော့ဘဲ

ဘ၀အမောတွေ ပြေပါလိမ့်မယ်လို့ ပြောလိုက်ပါရစေ။

(သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။)
အရှင်ဝိစက္ခဏ(မဟာလယ်တီ)

No comments:

Post a Comment