September 8, 2015

သမ္မုတိသစ္စာနှင့် ပရမတ္တ သစ္စာ


သစ္စာဆိုတာ အမှန်တရားလို့ အဓိပ္ပာယ်ရှိပါတယ်။ အမှန်တရားဆိုတာ ပြောတိုင်း ဟုတ်နေတာ မှန်နေတာ၊ ဒါကိုပဲ သစ္စာလို့ ခေါ်တာပါ။

သစ္စာဆိုတာ တချို့က ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ၊ သစ္စာလေးပါးဆိုတာတွေ ရှိနေတော့ မြင့်မြတ်တာကိုမှ သစ္စာခေါ်တယ် ထင်နေတယ်၊ အမှန်ကတော့ ဘာပဲဖြစ်ဖြစ် ပြောတိုင်း ဟုတ်တာ သစ္စာပါ။

အမှန်သစ္စာ လောကမှာ နှစ်မျိုးရှိပါတယ်၊ သမ္မုတိသစ္စာနဲ့ ပရမတ္တသစ္စာပါ။

သမ္မုတိသစ္စာဆိုတာ သမုတ်ထားတာ၊ လူအများက သဘောတူထားလို့ ဖြစ်နေတဲ့ အသုံးအနှုန်းတွေ၊ စကားလုံးတွေ ဒါတွေကို သုံးစွဲပြောဆိုနေတာ ဟာ သစ္စာတစ်မျိုးပါ၊ အဲဒါကို သမ္မုတိသစ္စာလို့ခေါ်ပါတယ်၊ သမ္မုတိ သစ္စာဟာလည်းပဲ သစ္စာပါပဲ၊ အဲဒီ သမ္မုတိသစ္စာနဲ့ ပရမတ္တသစ္စာ နှစ်မျိုးကို ဗုဒ္ဓဘာသာမှာ လက်ခံထားတယ်ပေါ့။

မြတ်စွာဘုရား ကိုယ်တော်တိုင်လည်းပဲ နှစ်မျိုးလုံးကို သုံးပြီးတော့ အခါအားလျော်စွာ ဟောတော်မူပါတယ်။

လောကမှာ ပရမတ္တသစ္စာအားဖြင့် တကယ်မရှိပဲနဲ့ တကယ်ရှိတယ်လို့ လောကက သမုတ်ထားတဲ့ ဥစ္စာတွေရှိတယ်။ အဲဒီလို သမုတ်ထားတွေကို မပယ်နိုင်ကြဘူး၊ ဒါတွေပယ်ပြီးတော့ ပရမတ္တသစ္စာ အသုံးအနှုန်းကိုမှသုံးပြီး ပြောရမယ်လို့ ဒီလို လုပ်လို့ မရပါဘူး၊ မြတ်စွာဘုရား ကိုယ်တော်တိုင်လည်းပဲ သမ္မုတိသစ္စာတွေသုံးပြီးတော့ ဟောထားတာ၊ သုတ္တန်ထဲက သမ္မုတိသစ္စာ စကားလုံးတွေ သုံးပြီးတော့ ဟောထားတာပါ။

မြတ်စွာဘုရားကလည်း ငါ ခန္ဓာငါးပါးလာတယ်ဟေ့၊ ခန္ဓာငါးပါးဟာ ဟီရိ သြတ္တပ္ပ ရှိတယ်၊ ခန္ဓာငါးပါးက ကုသိုလ်ကံကိုပြုတယ်လို့ မဟောပါဘူး၊ အမှန်ကတော့ သတ္တ၀ါဆိုတာ ခန္ဓာငါးပါးပါပဲ၊ ဒါပေမယ့် သတ္တ၀ါဆိုတဲ့ အသုံးနှုန်းကို သုံးပြီးတော့ မြတ်စွာဘုရားက ဟောတော်မူတယ်၊ ဒါ လူတွေ နားလည်အောင် ဟောရတာပါ၊ ဒါကြောင့်မို့ အဲဒီလို ဟောနေတာတွေကို သမ္မုတိသစ္စာနယ်ထဲက ဟောနေတာလို့ ဒီလိုဆိုရတယ်။

အဲဒီ သမ္မုတိသစ္စာကိုပဲ ပညတ်လို့လည်း ခေါ်ပါတယ်။ ပညတ်နဲ့သမ္မုတိသစ္စာနဲ့ အတူတူပါပဲ။

ပညတ်ဆိုတာ အမှန်ကတော့ အခေါ်အဝေါ်ကို ဆိုလိုတာပါ၊ ဝေါဟာရ၊ သင်္ကေတ၊ ပညတ်၊ နာမည်တဲ့ ဒါတွေဟာ အကုန်လုံး အတူတူပါပဲ။ အဲဒီလို ပစ္စည်းလေးတွေကိုရော သတ္တ၀ါတွေကိုရော၊ နာမည်လေးတွေ ပေးပေးထားတယ်၊ အဲဒီ နာမည်လေးတွေ အသုံးပြုပြီးတော့ စကားပြောကြရတာ၊ ဒါဟာ သမ္မုတိသစ္စာပါ။

အဲဒီ သမ္မုတိသစ္စာကို ပညတ်လို့ ခေါ်ပါတယ်၊ အဲဒီပညတ်က ၂ မျိုး ရှိတယ်။ တစ်ခုက နာမပညတ်တဲ့၊ နာမဆိုတာ ဒီနေရာမှာ နာမည်ကို ဆိုလိုတာပါ၊ အခေါ်အဝေါ် name ပညတ်ပေါ့။ လူဆိုတဲ့အမည်၊ လူဆိုတဲ့ noun ဟာ နာမပညတ်ပါ။

အဲဒီ နာမပညတ်က ကိုယ်စားပြုတဲ့ တကယ်ပစ္စည်းဆိုတာ ကျတော့ အတ္ထပညတ် လို့ ဆိုရမှာပါ။ တစ်ခါတစ်လေ နာမပညတ်သာရှိပြီးတော့ အတ္ထပညတ်မရှိတာလည်း ရှိပါသေးတယ်။ ယုန်ချို - လိပ်မွှေး - ပုဇွန်သွေး တို့ ဆိုတာ တကယ်မရှိဘူး ဒါပေမယ့်လို့ လူတွေက ကြံဖန်ပြီးတော့ သုံးထားတာမျိုး ရှိတယ်ပေါ့။

ဒါကြောင့်မို့ နာမပညတ် နဲ့ အတ္ထပညတ် ဒီနှစ်မျိုး ပထမ နားလည်ရပါမယ်။
သူများပြောတာကို ကိုယ်က ကြားတဲ့အခါမှာ နာမပညတ်ကို ပထမ အာရုံပြုတယ်။ နာမပညတ်ကမှ တစ်ဆင့် အတ္ထပညတ်ကိုရောက်ပါတယ်။

စိတ်ဖြစ်တာ အလွန်မြန်တယ်။ ကြားကြားချင်း ငါကတော့ သိတာပဲလို့ ထင်တယ်၊ ဒါပေမယ့်လို့ ကြားတာက တစ်ဝီထိ Thought Process တစ်ခု၊ နောက်သိတာက Thought Process တစ်ခုပါ။

နာမည်ကို အရင်ကြားတယ်၊ ပြီးတော့မှ အနက်ဒြပ်ကို သိတယ်၊ ဒါကြောင့်မို့လို့ ကိုယ်က ကြားတဲ့ပုဂ္ဂိုလ်အနေနဲ့ ပြောမယ်ဆိုရင် နာမပညတ်က အရင်လာတယ်။

ကိုယ်ကပြောတဲ့လူကျတော့ အတ္ထပညတ်က အရင်လာတယ် နာမပညတ်က နောက်လာတယ်။ အဲဒီလို ကွာခြားမှုရှိပါတယ်။

ကြားတဲ့ ပုဂ္ဂိုလ်အနေနဲ့ဆို နာမပညတ်ကအရင် အတ္ထပညတ်ကနောက်၊ ပြောတဲ့ ပုဂ္ဂိုလ်အနေနဲ့ဆိုရင် အတ္ထပညတ်က အရင်၊ နာမပညတ်ကနောက်၊ အဲဒီ နှစ်ခုစလုံးကို ပညတ်လို့ခေါ်ပါတယ်၊ ဒါတွေကို သမ္မုတိသစ္စာ ဒီလိုခေါ်တာပါ။

နောက်တစ်ခုက ပရမတ္ထသစ္စာ၊ ပရမတ္ထသစ္စာဆိုတာက ဘာလဲဆိုရင် တကယ်ဟုတ်မှန်တာ ရှိတယ်လို့ပြောရင် တကယ်ရှိတာ၊ အဲဒီ သစ္စာမျိုးကို ပရမတ္ထသစ္စာလို့ ခေါ်ပါတယ်။

ပရမတ်တရားဆိုတာ (မဖောက်မပြန်၊ မှန်ကန်တည့်မတ်၊ ဂုဏ်သကတ်၊ အမြတ်ဟူ၍ခေါ်) ဆိုပြီးတော့ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် ရေးထားတာ ရှိပါတယ်။

မဖောက်မပြန် တတ်တဲ့ သဘောတရား မှန်ကန်တည့်မတ်တဲ့ သဘောတရားမျိုးကို ပရမတ္တ တဲ့။
ဒါကြောင့်မို့ ပရမတ်ဆိုတာ ဘယ်လိုဟာတွေလဲဆိုရင် ရုပ်လို့ ၊ နာမ်လို့ဆိုတာပါ၊ တကယ်ကတော့ ရုပ် နာမ် ဝေဒနာ သညာ စသည်ဖြင့်ပေါ့လေ၊ ဒါတွေကို ပရမတ္တ သစ္စာလို့ခေါ်ပါတယ်။

ရုပ်ဆိုတဲ့ စကားလုံးဟာ ပညတ်ပဲ၊ အဲဒီရုပ်ကကိုယ်စားပြုတဲ့ တကယ့်သဘောတရားကမှ ပရမတ်။ ဝေဒနာလို့ ခေါ်ဝေါ်ထားတဲ့နာမည်လေးကတော့ ပညတ်ပဲ၊ အဲဒါ ကိုယ်စားပြုထားတဲ့ ခံစားမှု သဘောတရားကမှ ပရမတ်။ အဲဒီလိုသွားတယ်ပေါ့။

ပထ၀ီ အာပေါ တေဇော ၀ါယော စသော ဓာတ်ကြီးလေးပါးစသည်က တကယ်ရှိတာ၊ အဲဒီ တကယ်ရှိတဲ့ ဓာတ်တွေကို အကုန်မြင်လား၊ မမြင်ပါဘူး၊ ရူပါရုံဆိုတာလေးပဲမြင်ရတယ်၊ ပထ၀ီဓာတ်ဆိုတာ မျက်လုံးနဲ့မမြင်နိုင်ဘူးး၊ အာပေါဓာတ်ဆိုတာ မျက်လုံးနဲ့မမြင်နိုင်ဘူး၊ မြင်တာက အဆင်းပဲ၊ မမြင်ပေမယ့် ရှိနေတယ် ဒါက ပရမတ်ရဲ့ အဓိပ္ပာယ်တစ်မျိုး။

နောက်တစ်ခုကတော့ ၀ိပဿနာဉာဏ်ဖြင့် ကိုယ်တိုင် မြင်တွေ့နိုင်တဲ့ သဘောတရားမျိုးကို ပရမတ္ထ၊ ကိုယ်တိုင် မြင်တွေ့နိုင်တယ်၊ သူများဆီကတစ်ဆင့် ကြားတယ်ဆိုတာ ဟုတ်တာလည်းရှိတယ် မဟုတ်တာလည်းရှိတယ်၊ တစ်ဆင့်ကြားဆို ဘယ်တော့မှ စိတ်မချရဘူး၊ အခုဟာ တကယ့်ကို ဟုတ်ရမှာ၊ တကယ့်ကို မှန်ရမှာဆိုတော့ ကိုယ်တိုင်မြင်မှပဲ ဖြစ်မှာပေါ့၊ ကိုယ်တိုင်မြင်တာတောင်မှ တစ်ခါတလေ ဟုတ်ချင်မှဟုတ်တာ၊ ၀ိပဿနာဉာဏ်နဲ့ မြင်တာကျတော့ အမှန်မြင်တာပေါ့။

ဒါကြောင့်မို့ ပရမတ်သဘောတရားဆိုတာ ကိုယ်တိုင် မိမိဉာဏ်ဖြင့်သိနိုင်တဲ့ မြင်နိုင်တဲ့ တရားမျိုးကို ပရမတ္တတရား။

အဲဒီလို ကိုယ်တိုင်အားထုတ်ပြီး မြင်သိလာတာမျိုးကို မြင်သိလာတဲ့ သဘောတရားမျိုးကို ပရမတ္ထသဘောတရားလို့ ခေါ်ပါတယ်။

အခုပြောနေတာ စိတ်ပဲ၊ စေတသိက်ပဲ ခန္ဓာငါးပါးပဲ၊ ပြောနေကြတာ ကိုယ် ကိုယ် တိုင်က ၀ိပဿာနာဉာဏ်နဲ့ တရားအားထုတ်ပြီးတော့ မတွေ့သေးတာ မမြင်သေးတာ ဆိုရင် အဲဒါတွေဟာ ကိုယ့်အတွက် ပရမတ်မဟုတ်သေးပါဘူး။

ဒါကြောင့်မို့ နိဗ္ဗာန်ဟာ နိဗ္ဗာန်ကို မျက်မှောက်မပြုဘူးသေးတဲ့ ပုဂ္ဂိုလ်တွေအတွက် ပရမတ် မဟုတ်သေးဘူး၊ ပညတ်ပဲရှိသေးတယ်၊ နိဗ္ဗာန်ဆိုတဲ့ အမည်လေးကြားပြီးတော့ နိဗ္ဗာန်ကတော့ ကောင်းသတဲ့၊ ငါတော့ လိုချင်တယ်၊ နိဗ္ဗာန်ရရပါလို၏ ဆိုကြတယ်။

အဲဒီ နိဗ္ဗာန်ရရပါလို၏လို့ အာရုံပြုတဲ့ နိဗ္ဗာန်ဟာ တကယ့်နိဗ္ဗာန်အစစ် မဟုတ်ပါဘူး၊ ပရမတ်နိဗ္ဗာန် မဟုတ်ဘူး၊ ပညတ်နိဗ္ဗာန်ကို အာရုံပြုနေတာပါ။

ပရမတ်နိဗ္ဗာန်ကို အာရုံပြုတာက မဂ်စိတ်၊ ဖိုလ်စိတ်ကမှ အာရုံပြုတာပါ၊ အဲဒါကြောင့်မို့ နိဗ္ဗာန်က ပုထုဇဉ်တို့အဖို့ နိဗ္ဗာန်၊ နိဗ္ဗာန်လို့ ပြောနေတာ ပရမတ်မဟုတ်သေးပါဘူး၊ ကိုယ်ကိုယ်တိုင်မြင်မှ ပရမတ်၊ ပရမတ္တသဘောတရားဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့မြင်ခြင်း၊ ကိုယ်ပိုင်ဉာဏ်ဆိုတာ တရားအားထုတ်လို့ ဖြစ်ပေါ်လာတဲ့ဉာဏ်၊ ဒီဉာဏ်နဲ့သိနိုင်တဲ့ တရားမျိုးကို ပရမတ္တတရားလို့ ခေါ်ပါတယ်၊ အဲဒါကြောင့်မို့ ၀ိပဿနာတရား တကယ်အားထုတ်လာပြီဆိုတော့ ဒိဋ္ဌေ ဒိဋ္ဌမတ္ထံ ဘ၀ိဿတိ ဆိုတဲ့ ပါဠိလေးကို ကြားဖူးကြမှာပါ။ ဒိဋ္ဌေ ဒိဋ္ဌမတ္ထံဆိုတာ အဲဒီ ပရမတ်တင် စိတ်ရပ်အောင် လုပ်ရမယ်၊ ပညတ်ကို မရောက်စေနဲ့၊ ဘာကြောင့်တုန်း-ပညတ်ရောက်သွားတာနဲ့တစ်ပြိုင်နက် သူ့ကို လူလို့ သိမှတ်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့ကို ချစ်သွားပြီ၊ သူ့ကို မုန်းသွားပြီစသည်ဖြင့် ဖြစ်လာတာပေါ့၊ သူ့ကို ရုပ်နာမ်အနေနဲ့ပဲ မြင်နေမယ်ဆိုရင် အဲဒီထက် ရှေ့မတိုးဘူးဆိုရင် သူ့ကိုမစွဲလန်းဘူး၊ ချစ်တာ မုန်းတာ မဖြစ်ဘူး။

အဲဒါကြောင့်မို့ ဒိဋ္ဌေဒိဋ္ဌမတ္တံဘ၀ိဿတိ စသည်ဖြင့် မြတ်စွာဘုရားက ဟောထားတာပါ။
သုတ္တန်မှာဟောထားတာလည်း မျက်စိဖြင့် အဆင်းကို မြင်၍ ယောက်ျား မိန်းမတည်းဟူသော အမှတ်နိမိတ်ကို မယူ၊ လက်ခြေအစရှိတဲ့ အနုဗျဉ္ဇနတို့ကို မယူ၊ ဒီလောက်ပဲ ပါဠိတော်ကဟောထားတာပါ၊ အဲဒီလိုမယူဆိုတော့ ဘာတုန်းဆို မြင်လိုက်တဲ့ခါမှာ သူ့ကို ရူပါရုံပဲ မြင်စရာ အာရုံတစ်ခုပဲလို့ စိတ်က ဆိုတဲ့ဟာနဲ့ ရပ်နေတာ၊ နာမပညတ်တွေ၊ အတ္ထပညတ်တွေ အဲဒီဟာတွေ မရောက်အောင်စိတ်က ထိန်းနိုင်မှ တားနိုင်မှ အဲဒါကို ဒိဋ္ဌမတ္တံ၊ တကယ်နက်နဲတာ ခက်လည်းခက်ပါတယ်။

အဲဒါကြောင့်မို့ ရူပါရုံတစ်ခုကို၊ မြင်စရာအဆင်း တစ်ခုကိုမြင်တဲ့ခါမှာ မြင်တယ်ဆိုတာလေးတင် ရပ်လိုက်နိုင်ရင် ဒိဋ္ဌေ ဒိဋ္ဌမတ္တံကို ကျင့်သုံးလိုက်နိုင်ပါပြီ။

ဟိုဘက်လွန်သွားရင်တော့ ကြိုက်တာတို့ မကြိုက်တာတို့ ဖြစ်ကုန်တတ်ပါတယ်၊ အဲဒီတော့ ပညတ်နယ်ထဲကို မရောက်စေပဲ၊ ပရမတ်နဲ့တင် ကိစ္စပြီးဖို့လိုပါတယ်။

အဲဒါကြောင့်မို့ မဟာစည်ဆရာတော်က ပရမတ်မြင်အောင်ရှုလို့ မိန့်တော်မူတာပါ၊ သို့သော် စစချင်း ပရမတ်ရှုရမယ်လို့တော့ ပြောလို့မဖြစ်ဘူးပေါ့။ ဒီလိုပဲ ၀င်တယ် ထွက်တယ်နဲ့ပဲ ပညတ်နဲ့ပဲသွားရမှာပါ၊ ကြာတော့ ပညတ်ကွာပြီးတော့ ပရမတ် ရှုနိုင်သွားမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ သမ္မုတိသစ္စာရယ်၊ ပရမတ္တသစ္စာရယ်၊ ပရမတ္တသစ္စာကို မမြင်ဘဲနဲ့ ကိစ္စမပြီးဘူး၊ တရားထိုင်တဲ့ခါမှ ပရမတ္တသစ္စာကို မြင်အောင်ကို လုပ်ရမှာ၊ ပရမတ္တသစ္စာမြင်အောင် ဆိုပြီးတော့ တရားထိုင်ရတာ၊ တရားထိုင်တဲ့ခါကျတော့ ဘာကြောင့် ပရမတ္တသစ္စာကို မြင်လာသလဲ? မေးစရာရှိပါတယ်။

စိတ်ငြိမ်လာလို့ မြင်လာတာပါ၊ စိတ်ရဲ့ သဘောတရားက တည်ငြိမ်လာရင် တန်ခိုးရှိတယ်၊ ဖောက်ထွင်းနိုင်တယ်။ မှန်ဘီးလူးနဲ့နေရောင်ကို စုလိုက်တဲ့ခါကျတော့ မီးလောင်နိုင်တယ်။ ဒီသဘောမျိုးပါပဲ။

စိတ်ဟာလဲ ငြိမ်ပြီးတော့ (concentrate) လုပ်လိုက်တဲ့ခါကျတော့ ထိုးထွင်းနိုင်တဲ့ အစွမ်းသတ္တိရှိတယ်။ အဲဒီ ဖောက်ထွင်းပြီးတော့ သိမြင်တာမျိုးကို ၀ိပဿနာပညာလို့ ခေါ်တာပါ။ စိတ်ကူးပြီးတော့ သိတာမျိုးကို ၀ိပဿနာပညာမခေါ်ပါဘူး။ စာဖတ်ပြီးသိတာမျိုး၊ ၀ိပဿနာပညာမခေါ်ပါဘူး၊ ကိုယ်တိုင် အားထုတ်ပြီးတော့ မြင်သိသွားမှ ၀ိပဿနာပညာလို့ ခေါ်လို့ရပါတယ်။

ဒါကြောင့်မို့ သမ္မုတိသစ္စာရယ်၊ ပရမတ္တသစ္စာရယ် နှစ်ခုရှိတယ်။

အဲဒီလို မဖောက်မပြန် မှန်ကန်တည့်မတ်တဲ့ သဘောတရား ဗုဒ္ဓဘာသာမှာ လေးမျိုး လက်ခံထားပါတယ်။ ဒီလေးမျိုးဟာ စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ်၊ နိဗ္ဗာန်ရယ်ပါ၊ ဒီလေးမျိုးကတော့ တကယ်ရှိတဲ့ သဘောတရား၊ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဒီလေးပါးကို ပရမတ္တတရား (သို့မဟုတ်) မြန်မာဆန်ဆန်ဆိုရင် ပရမတ်တရားပေါ့။

စိတ်ဆိုတာ ဘာကိုခေါ်တာလဲ? စိတ်ရဲ့ သဘောလက္ခဏာကို သိရမယ်၊ စိတ်ရဲ့လက္ခဏာဟာ အာရုံကိုသိခြင်းမျှ (Just the awareness of the object) အာရုံကို သိခြင်းမျှကို စိတ်လို့ ခေါ်တာဖြစ်ပါတယ်။

သိခြင်းမျှဆိုတာ ဉာဏ်နဲ့သိတဲ့ အသိမျိုးမဟုတ်ပါဘူး၊ မှတ်သားသိတဲ့ အသိမျိုးမဟုတ်ပါဘူးး၊ (Just awareness) ပဲ၊ ဒါအာရုံပဲ၊ ဒါမြင်စရာလေးပဲ၊ ဒါလောက်ကလေးသိတာ၊ တစ်ခါတစ်လေရှေ့ကြည့်ရင်းနဲ့ ဘေးကဟာ တစ်ခုခု သိနေတယ် မဟုတ်လား၊ အဲ့ဒါမျိုး။ အဲဒီလို (awareness) သက်သက်ကို စိတ်လို့ ခေါ်တာပါ၊ သိတယ်လို့ မြန်မာစကားကတော့ သုံးရတော့တာပေါ့။

စိတ်ဆိုတာ အာရုံကို ကြံတတ်၊ သိတတ်သောကြောင့် စိတ်လို့ ဒီလိုပဲဆိုတာပါ၊ သို့သော် ကြံတယ်၊ သိတယ်ဆိုတာ တကယ်စဉ်းစားကြံတာကို မဆိုလိုပါဘူး၊ အဲဒါတွေက စေတသိက်ရဲ့ သဘောတွေပါ (Just the awareness of the object)၊ ဒီ (awareness) ဆိုတာ တရားထိုင်တဲ့ခါ awareness လည်းမဟုတ်ပါဘူး။ တရားထိုင်တဲ့အခါမှာ awareness က သတိကို ဆိုလိုတာပါ။

ဒီမှာက ဒီလိုမဟုတ်ဘူး၊ ဒါလေးဟာ ရှိနေတယ်ဆိုတာ သိတာမျိုး၊ စိတ်သဘောတရား သိပ်သိမ်မွေ့ပါတယ်၊ သူက ဘာနဲ့တူသလဲဆိုတော့ ဘာမှ အရောင်မရှိတဲ့ ရေနဲ့တူတယ်၊ သူ့ထဲကို အနီရောင်တွေထည့်လိုက်တော့ ရေဟာ အနီရောင်၊ အစိမ်းရောင်လေး ထည့်လိုက်တော့ ရေဟာ အစိမ်း။

ထို့အတူပဲ စေတသိက်တွေနှင့် ရောလိုက်တဲ့ခါကျမှ တွဲဖြစ်တဲ့ခါကျမှ ကောင်းတဲ့ စေတသိက်နဲ့ တွဲဖြစ်တော့ သူ့ကို ကောင်းတဲ့စိတ်ပဲ၊ ကုသိုလ်စိတ်။ မကောင်းတဲ့ စေတသိက်တွေနဲ့ တွဲဖြစ်တော့ အကုသိုလ်စိတ်ပဲလို့ ခေါ်ရတယ်။ အမှန်ကတော့ စိတ်ဆိုတာ တစ်ခုထဲရှိတာပါ၊ သူ့ရဲ့သဘောလက္ခဏာက အာရုံကို သိခြင်းမျှပါပဲ။

အာရုံကို သိခြင်းမျှ သဘောတရားကို စိတ်လို့ခေါ်တဲ့အတွက်ကြောင့်မို့ စိတ်ဟာ အာရုံနဲ့ ကင်းပြီးတော့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။

စိတ်ဟာ ရုပ်အမှီမရှိဘဲနဲ့ မဖြစ်ဘူး၊ အာရုံလည်းရှိရတယ်။ မှီရာလည်းရှိရတယ်။ တစ်ခုနဲ့တစ်ခု အမှီပြုနေတာ၊ ရုပ်က အရေးကြီးတယ်၊ စိတ်က အရေးကြီးတယ်လို့ ပြောတာမဟုတ်ပါဘူး။ ပဋိစ္စသမုပ္ပါဒ်သဘော၊ ပဋ္ဌာန်းသဘောနဲ့ ဆက်သွယ်နေကြတာပါ၊ အဲဒီလို အာရုံကို သိခြင်းသဘောမျှကလေးကိုပဲ စိတ်လို့ခေါ်တာပါ။

စိတ်နှင့် စေတသိက်က အမြဲတမ်းတွဲဖြစ်ပါတယ်၊ စိတ်ဖြစ်တယ်ဆို စေတသိက် မပါလို့ မရပါဘူး။
အဲဒီစိတ်ကိုပဲ မြတ်စွာဘုရားက အမျိုးအစားပေါင်း ၈၉ (သို့မဟုတ်) ၁၂၁ ပါး ရှိတယ်၊ ဒီလိုခွဲခြားပြီးတော့ အဘိဓမ္မာပါဠိတော်မှာ ဟောထားပါတယ်။

စေတသိက်ဆိုတာ ဘာလဲဆိုတော့ စိတ်ကို မှီတွယ်ပြီးတော့ ဖြစ်တတ်တဲ့ သဘောတရား၊ စိတ်၌မှီတွယ် စိတ်ကိုခြယ်တဲ့၊ လယ်တီဆရာတော်ကြီး ရေးထားတာ ရှိပါတယ်။ စိတ်ကို အမှီပြုပြီးတော့ စိတ်၌ဖြစ်တတ်တဲ့တရားကို စေတသိက်။

စိတ်မပါပဲနှင့်တော့ စေတသိက် မဖြစ်နိုင်ပါဘူး။

စိတ်ဖြစ်တိုင်း ဖြစ်တိုင်းကတော့ စေတသိက် ဖြစ်ရမယ်၊ အဲဒီ စေတသိက်တွေ ကလည်းပဲ ကောင်းတဲ့စေတသိက်တွေ ရှိတယ်၊ မကောင်းတဲ့ စေတသိက်တွေ ရှိတယ်။

အဲဒီတော့ Neutral စေတသိက်တွေကတော့ စိတ်တွေ အများကြီးနဲ့ တွဲလိုရတယ်။ ကောင်းတဲ့ စေတသိက်တွေနဲ့ တွဲတဲ့အခါမှာ ကောင်းတဲ့စိတ်လို့ ခေါ်မယ်၊ ကုသိုလ်စိတ်လို့ခေါ်တယ်၊ မကောင်းတဲ့ စေတသိက်တွေနဲ့ တွဲတဲ့ခါမှာ သူ့ကို မကောင်းတဲ့ စိတ်လို့ ခေါ်တယ်။

အဲဒီတော့ စေတသိက်က ဘာနဲ့တူလဲဆိုတော့ color နဲ့တူတယ်။ အရောင်တွေပေါ့။ စိတ်က ဒီအာရုံယူရင် စေတသိက်ကလည်း ဒီအာရုံ ယူရမယ်၊ စိတ်က အာရုံတစ်ခု၊ စေတသိက်က အာရုံတစ်ခု ဘယ်တော့မှ လုပ်လို့ မရဘူး။ နာမ်တရား အတူတူဖြစ်တာ၊ မှီရာအနေနှင့်လည်း အတူတူပဲ။

ဓမ္မပဒ ပါဠိတော်မှာ ပထမဆုံးဂါထာက မနော ပုဗ္ဗင်္ဂမာ ဓမ္မာ၊ တရားတွေဟာ စိတ်လျှင် ရှေ့သွား ရှိကြတယ်တဲ့၊ ဆိုလိုတာက စေတသိက်တွေဟာ စိတ်လျင်ရှေ့သွား ရှိတယ် (သို့) စိတ်ဟာ စေတသိက်တွေရဲ့ ရှေ့သွားဖြစ်တယ်လို့ ဆိုလိုတာပါ။

တတိယ ပရမတ္တတရားက ရုပ်။
ရုပ်ကလည်း မြန်မာစကား မဟုတ်ဘူး။ ဖောက်ပြန်တတ်တဲ့ သဘောတရားကို ရုပ်လို့ ဒီလိုဆိုရတယ်၊ ဖောက်ပြန်တတ်တယ်ဆိုတာ ဘာလဲ?
ဖောက်ပြန်တတ်တယ် ဆိုတာ ရှေ့ရုပ်အစဉ်နဲ့မတူတဲ့ နောက်ရုပ်အစဉ် ဖြစ်တတ်တာမျိုးကို ဖောက်ပြန်တယ်လို့ ဆိုပါတယ်။ အဲဒီလို ရှေ့ရုပ်အစဉ်နဲ့ မတူတဲ့ နောက်ရုပ်အစဉ်ဖြစ်တာမျိုးကို ဖောက်ပြန်တာလို့ ခေါ်တာ။ အဲဒီလို ဖောက်ပြန်တတ်တဲ့ သဘောတရားမို့လို့လည်း ရုပ်လို့ခေါ်ခြင်း ဖြစ်ပါတယ်။

ရုပ်ဟာ အဇ္ဈတ ဗဟိဒ္ဓ ဆိုပြီး (External) လည်းပဲ ရှိနိုင်တယ်၊ (Internal) လည်းပဲ ရှိနိုင်ပါတယ်၊ စိတ်စေတသိက်ကတော့ ကိုယ့်ခန္ဓာကိုယ်မှပဲရှိပါတယ်။

နောက်ဆုံးတစ်ခုက နိဗ္ဗာန်ပါ။
နိဗ္ဗာန်လည်း မြန်မာစကားမဟုတ်ပါဘူး။ နိဗ္ဗာန်ဆိုတာ ချုပ်ငြိမ်းတဲ့သဘောတရား။ ဒီ ရာဂ ဒေါသ မောဟ ချုပ်ငြိမ်းတဲ့ သဘောတရား (သို့မဟုတ်) ဒုက္ခအားလုံး ချုပ်ငြိမ်းတဲ့ သဘောတရားကို နိဗ္ဗာန်လို့ ခေါ်တာပါ။

နိဗ္ဗာန်အကြောင်းကတော့ ပြောဖို့ရာ တော်တော်ခက်ပါတယ်၊ ကိုယ်တိုင်လည်း မရောက်ဖူးသေးတော့ ပြောဖို့ရာ မလွယ်ဘူးပေါ့။ ဒီ ရာဂ ဒေါသ မောဟ ကင်းနေတဲ့ သဘောတရားမျိုး၊ ဒုက္ခတွေ ချုပ်သွားတဲ့ သဘောတရားမျိုးကို နိဗ္ဗာန်လို့ ပြောလိုက်ရင် နိဗ္ဗာန်ဟာ ရောက်စရာနေရာ တစ်ခုလိုလို၊ ဘာလိုလို ထင်သွားတတ်တယ်။

ဒါကြောင့်မို့ နိဗ္ဗာန်ဟာ ချုပ်ငြိမ်းခြင်းသဘောမျှပဲလို့ ပြောလိုက်ရင် နိဗ္ဗာန်လိုချင်တဲ့သူ မရှိတော့ဘူးး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဒါကို တွယ်တာနေတာ၊ ဒီဘ၀ကြီးကင်းသွားမယ်၊ ဒီဘ၀ကြီးနောက်ထပ် ဆက်မဖြစ်တော့ပါဘူးဆို တကယ် မလိုချင်ဘူးနော်၊ ဘာဖြစ်လို့တုန်းဆို ကိုယ်က ဆက်ဖြစ်နေချင်တာကိုး။

ဒီဘ၀ငြီးငွေ့တယ်ဆိုတာ အမှန်က ဒီဘ၀ထက်ကောင်းတဲ့ဘ၀ ရောက်ချင်တာ။

နိဗ္ဗာန်လိုချင်ဖို့က မလွယ်ဘူး၊ နိဗ္ဗာန်လိုချင်ဖို့က ပထမ အခုလက်ရှိဘ၀ကို အပြစ်တကယ်မြင်ရမယ်၊ အနိစ္စ ဒုက္ခ အနတ္တ သဘောတရား တကယ်မြင်မှ ၀ိပဿာနာသဘောမျိုးနှင့်မြင်မှ အဲဒီလို တကယ်မြင်လာတဲ့ခါကျမှ ဒါတွေ ကင်းငြိမ်းတဲ့သဘောတရား တကယ်ရှိပါလား၊ အဲဒါကို လိုချင်တဲ့ စိတ်ကလေး နည်းနည်းပေါ်ချင် ပေါ်လာတာ၊ ဘ၀အနေနဲ့သာ ကြည့်နေရင်တော့ နိဗ္ဗာန်မလိုချင်ဘူး လို့ပြောရမှာပါ။

ဒါကြောင့် ပရမတ္တတရား လေးပါး စိတ် စေတသိက် ရုပ် နိဗ္ဗာန်၊ နာမ် ရုပ် ဆိုတဲ့ အသုံးအနှုန်းရှိတယ်၊ ဒီပရမတ္တတရားလေးပါးကို နာမ်ရုပ်ထဲသွင်းလိုက်တော့ ..
ဘယ်သူက နာမ်၊ ဘယ်သူက ရုပ်လဲ?
စိတ်နဲ့စေတသိက်က နာမ်၊ ဒီနာမ်က နာမည်နာမ် မဟုတ်ဘူး၊ mind လို့ လည်းပြောလို့ မရဘူး၊ နိဗ္ဗာန်ရှိသေးတယ်လေ။ စိတ် စေတသိက် နိဗ္ဗာက နာမ်၊ ရုပ်ကရုပ်၊ ဒါ ပထမ နားလည်ထားရမယ်။

ပရမတ္တတရားလေးပါးကို နာမ်ရုပ် ခွဲလိုက်ရင် စိတ် စေတသိက် နိဗ္ဗာန်ကို ဘယ်ထဲသွင်းလဲ? နာမ်ထဲဝင်တယ်၊ ရုပ်က ရုပ်။

စကားပြောတဲ့ခါမှာ နာမ်ရုပ်၊ နာမ်ရုပ်လို့ စကားပြောကြတယ်။

နာမ်ရုပ်ဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ပြောတဲ့အခါမှာ နာမ်ဆိုတာ စိတ်နှင့်စေတသိက် ကိုပဲဆိုလိုတယ်၊ နိဗ္ဗာန်ကို မဆိုလိုဘူး။ ဒါပေမယ့်လို့ နိဗ္ဗာန်ကို ရုပ်လား၊ နာမ်လားလို့မေးရင် နိဗ္ဗာန်ဟာ နာမ်ထဲပါတယ်။ သို့သော် စိတ် စေတသိက်မဟုတ်သည့် အတွက်ကြောင့်မို့ နိဗ္ဗာန်ဟာ သီးခြားတရားတစ်ခုဖြစ်နေတယ်။

အဲဒီတော့ နာမ ဆိုတဲ့ပုဒ်ရဲ့ အဓိပ္ပာယ်ကို ပထမ နားလည်ဖို့လိုတယ်။

နာမ ဆိုတာ အာရုံရှိရာသို့ ညွှတ်တတ်တဲ့ တရားကို နာမလို့ ခေါ်တယ်။ စိတ်ဟာ အာရုံဆီသို့ ညွှတ်သွားတတ်တယ်၊ စိတ်ထဲတစ်ခုခုပေါ်လာရင် ညွှတ်တယ်လို့ ဆိုတာပေါ့၊ စေတသိက်ဟာ အာရုံဘက်ဆီသို့ ညွှတ်သွားတတ်တယ်၊ ဒါကြောင့်မို့ စိတ်နှင့်စေတသိက်ကို နာမ်လို့ခေါ်တယ်။

တစ်ခါ နောက်ထပ် အဓိပ္ပါယ်တစ်ခုက မိမိထံသို့ စိတ်နှင့်စေတသိက်ကို ညွှတ်အောင် လုပ်တတ်ရင်လည်း နာမလို့သုံးကြတယ်။

ဒါကြောင့်မို့ စိတ် စေတသိက်ဟာ သူများဆီကိုလည်း သူတို့ကညွှတ်တတ်တယ်။

သူ့ဆီကိုလည်း တခြားစိတ် စေတသိက်တွေ ညွှတ်အောင် လုပ်နိုင်တယ်။ ဒါကြောင့်မို့ ဒီ (definition) နှစ်မျိုးလုံးအရစိတ်နှင့် စေတသိက်ဟာ နာမလို့ အမည်ရတယ်။

နိဗ္ဗာန်ကျတော့ မိမိဆီသို့ ညွှတ်အောင်လုပ်တတ်တယ်ဆိုတဲ့ (definition) တစ်ခုအတွက်ကြောင့်သာ နိဗ္ဗာန်ကို နာမလို့ ခေါ်တာ။

နိဗ္ဗာန်က သူများဆီကို မညွှတ်တတ်ဘူး။ စိတ် စေတသိက်က နိဗ္ဗာန်ဆီကို ညွှတ်တတ်တယ်။

ဒါကြောင့်မို့ နိဗ္ဗာန်ကို နာမလို့ ခေါ်တယ်။

စိတ်စေတသိက်ကို နာမလို့ခေါ်တာ ဘာကြောင့်တုန်းဆိုတော့ အာရုံသို့ ညွှတ်တတ်သောကြောင့်၊ ပြီးတော့ တခြားစိတ်စေတသိက်ကို မိမိသို့ ညွှတ်စေတတ်သောကြောင့် အကြောင်းနှစ်မျိုးနဲ့ နာမခေါ်တယ်။

နိဗ္ဗာန်ကို နာမခေါ်တာကျတော့ အကြောင်းတစ်မျိုးတည်းဖြင့် ခေါ်တယ်။ မိမိထံသို့ စိတ်စေတသိက်တို့ကို ညွှတ်စေတတ်သောကြောင့် နာမ။

အချုပ်ပြောရယင် ပရမတ်တရား လေးမျိုးရှိတယ်။

စိတ် စေတသိက် ရုပ် နိဗ္ဗာန်။

ချမ်းမြေ့ကြပါစေ။

မေတ္တာဖြင့်

မှတ်ချက်။ ။ဒေါက်တာသီလာနန္ဒဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက် မှ ပြန်လည်မှတ်စုထုတ်ယူပါသည်။

https://www.facebook.com/kotheinnaingohn?fref=phot

No comments:

Post a Comment