September 2, 2015

အနေတတ်၍ အသေမြတ်ရန် နည်းလမ်း


…                        အခု တရားဟောတဲ့သူရော၊ တရားနာတဲ့သူရော၊ ဒီခန္ဓာ ရ-ထားလို့ ဒုက္ခမျိုးစုံ တွေ့ရတာ။ စားဝတ်နေရေးနဲ့ ပတ်သက်တဲ့ ဒုက္ခတွေ၊ ခန္ဓာမှာဖြစ်တဲ့ ၉၆ ပါး ရောဂါနဲ့ ပတ်သက်တဲ့ ဒုက္ခတွေ၊ အမျိုးမျိုး မတွေ့ရဘူးလား သူတော်ကောင်းတို့…။

…ဒီခန္ဓာရှိနေလို့ ဒုက္ခတွေ့ရတာကိုး။ ဒီခန္ဓာကလည်း သမုဒယသစ္စာကြောင့်ဖြစ်တာကိုး။ အခြေခံရှိတဲ့ပုဂ္ဂိုလ်ကို ဘေးကနေပြီး အဲဒီလို နည်းနည်းပါးပါး ပြောပေးရမယ်။ ဦးဇင်းဟောတာ လူမမာကို အဓိကထား ပြောနေတာ။
…သမုဒယသစ္စာဆိုတာ သား ခင်၊ သမီး ခင်၊ ဇနီး ခင်၊ ဆွေမျိုး ခင်၊ အဲဒီခင်တဲ့ သမုဒယသစ္စာကြောင့် ဒီခန္ဓာကြီး ဖြစ်ရတယ်။ ဒီခင်တာတွေကို အခုကစပြီးတော့ အချိန်ပိုင်းနဲ့ ဖြုတ်လိုက်ပါ။ အဲဒါတွေဟာ ရုပ်တွေ၊ နာမ်တွေပဲ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေပဲ။ သား၊ သမီး၊ ဇနီး၊ ခင်ပွန်းအပေါ်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တရောက်အောင် လုပ်လိုက်။ သူ့ကျတော့ မှတ်လို့ မရဘူး။ ဆင်ခြင်ရတယ်။
… အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတွေပဲလို့ ဆင်ခြင်လိုက်ရင် ခုနက ခင်တဲ့ မင်တဲ့စိတ်တွေ လျော့မသွားဘူးလား။ ခင်တဲ့ မင်တဲ့ စိတ်တွေ လျော့သွားတော့ ပြန်မှတ်။ ပစ္စုပ္ပန်တည့်တည့် ပြန်မတ်တော့…။ နည်းလမ်းတွေ ပေးနေတာနော် သူတော်ကောင်းတို့…။
…လောဘ၊ ဒေါသ၊ မောဟတွေ လျော့သွားပြီဆိုရင် ပြန်မှတ်။ နာရင် နာတယ်၊ ကိုက်ရင် ကိုက်တယ်၊ အောင့်ရင် အောင့်တယ်၊ ၀မ်းနည်းရင် ၀မ်းနည်းတယ်၊ မှတ်လို့ ရသလောက် အကုန်ပြန်မှတ်။ မှတ်လို့ မရပြန်ဘူး၊ အဲဒီ ခင်မင်တဲ့ စိတ်တွေ အရမ်းများနေတယ်ဆိုရင် ပြောခဲ့သလို ဆင်ခြင်အုံး။ အနိစ္စတရားတွေပဲ၊ ဒုက္ခ တရားတွေပဲ၊ အနတ္တတရားတွေပဲ။ အနတ္တတရားဆိုတာ ကိုယ်မှ မပိုင်တာပဲ၊ ကိုယ်မပိုင်တဲ့ တရားတွေကို အပိုင်လုပ်ချင်လို့ ရပါ့မလား။
…အဲဒီလို ပြန်ဆင်ခြင်လိုက်တဲ့အခါကျတော့ ခုနက သောကတွေ၊ ဒေါသတွေ လျော့သွားတယ်၊ လျော့သွားရင် ပစ္စုပ္ပန် တည့်တည့်ပြန်မှတ်။ ရှုမှတ်ဖို့ ပြောနေတာနော် သူတော်ကောင်းတို့။ တိုက်ရိုက် ရှုမှတ်လို့ မရလို့၊ ရှုမှတ်လို့ ရတဲ့နည်းကို လှည့်ပြောနေတာ။
…၀မ်းနည်းနေတယ်၊ အားငယ်နေတယ်ဆိုရင် ဆင်ခြင်လိုက်အုံး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေကို ဆင်ခြင်လိုက်။ ဆင်ခြင်လိုက်လို့ စိတ်က နည်းနည်း သက်သာသွားပြီဆိုရင် လောဘ၊ ဒေါသတွေ လျော့သွားပြီ ဆိုရင် ပစ္စုပ္ပန် တည့်တည့် ပြန်မှတ်။ အဲဒီလို ပစ္စုပ္ပန်တည့်တည့် ပြန်မှတ်နိုင်လာလို့ရှိရင် ၀ိပဿနာဉာဏ်တွေ ဖြစ်လာတယ်။ ခုနတုန်းကဟာက ဆင်ခြင်တဲ့ဉာဏ်၊ ရှုမှတ်တာက ၀ိပဿနာဉာဏ်။
…ဆင်ခြင်တဲ့ဉာဏ်ကို စိန္တာမယဉာဏ်လို့ ခေါ်တယ်။ ပစ္စုပ္ပန် တည့်တည့် ရှုမှတ်လို့ ဖြစ်ပေါ်လာတဲ့ ဉာဏ်ကို ဘာဝနာမယဉာဏ်လို့ ခေါ်တယ်။
…အဲဒီလို ဆင်ခြင်လိုက်၊ ရှုမှတ်လိုက်ဆိုတော့ စိန္တာမယဉာဏ်ဖြစ်လိုက်၊ ဘာဝနာမယဉာဏ်ဖြစ်လိုက်၊ တဖြည်းဖြည်းနဲ့ ၀ိပဿနာဉာဏ်တွေ ရင့်ကျက်ပြီး သေရင် အပါယ်မကျနိုင်တော့ဘူး။
…ဒါကြောင့်မို့ လူမမာများ အားမငယ်ပါနဲ့။ မိမိတို့မှာ သရဏဂုံတွေ ကျကျနနရှိတယ်၊ ကုသိုလ်တွေ ရှိတယ်၊ လူမှုရေးမှာ ကူညီထားတာတွေ ရှိတယ်။ အများအကျိုး ဆောင်ရွက်ထားတာတွေ ရှိတယ်။ အဲဒါကြောင့်မို့ အားငယ်စရာ မလိုဘူး။
~ ရှုကြ၊ မှတ်ကြ၊ ပွားများကြ၊ အားထုတ်ကြ၊ ဆင်ခြင်ကြ။
~ ဆင်ခြင်တဲ့အခါမှာ ဆင်ခြင်ကြ၊ ရှုမှတ်တဲ့အခါမှာ ရှုမှတ်ကြ။
…အခုလို ရှုမှတ်နေကြတဲ့ သူတော်ကောင်းတွေအတွက်…သောတာပန် ၂၄ မျိုးထဲက အကျင့်အားဖြင့် ၄ မျိုးကို ကြည့်ရအောင်…။
ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ၊
ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ၊
သုခပဋိပဒါ ဒန္ဓာဘိညာ၊
သုခပဋိပဒါ ခိပ္ပါဘိညာ။
~ ဒုက္ခပဋိပဒါ-ဆင်းဆင်းရဲရဲ ကျင့်ရတယ်၊ ဒန္ဓာဘိညာ-တရားကျတော့လည်း နှေးနှေးမှ ရတယ်။
…ကျင့်တာလည်း ဆင်းဆင်းရဲရဲ ကျင့်ရတယ်။ သူများထက်ပိုပြီး ဝေဒနာတွေ ခံစားရတယ်။ တရားကျ တော့လည်း သူများတွေက ၆လ၊ ၁ နှစ်လောက်နဲ့ ရတယ်၊ ကိုယ်က ၂ နှစ် ၃ နှစ်လောက်မှ ရတယ်။ သူများထက် နောက်ကျတယ်၊ ဘာဖြစ်လို့ ဆင်းဆင်းရဲရဲ ကျင့်ရသလဲ။ တရားအရ နှေးသလဲဆိုတာကို ကြည့်မယ်ဆိုရင်-
~ ဆင်းဆင်းရဲရဲ ကျင့်ရတာက သမာဓိလုပ်ငန်း အားနည်းလို့။
…အဲဒီသမာဓိကို ကုသိုလ်ကောင်းမှုတွေက အားပေးတယ်၊ ကုသိုလ်ကောင်းမှုကို အရကောက်တော့ စေတနာပဲ။ ကုသိုလ် အားနည်းတာရယ်၊ သမထ နည်းတာရယ်၊ အဲဒီနှစ်မျိုးကြောင့် ဒုက္ခပဋိပဒါ ဖြစ်ရတယ်။
…တော်တော်နဲ့ သမာဓိ မရတော့ အသားလွတ်ခံနေရတယ်။ နာတာကို မှတ်လို့ တော်တော်နဲ့ မပျောက်ဘူး။ ကိုက်တာ၊ ခဲတာတွေပဲ တွေ့တယ်၊ တရားအရသာကို မတွေ့ဘူး။ သဒ္ဓါနဲ့သာ တွန်းမှတ်နေရတယ်၊ သူ့မှာ သူများထက် ပိုပြီးခံစားနေရတယ်။ အဲဒါ ဒုက္ခပဋိပဒါ အကျဉ်းချုပ်။
~ ဒါတဘိညာ-တရားကို နှေးနှေးမှ ရတယ်။
…ဘာဖြစ်လို့ တရားနှေးနှေးမှရသလဲဆိုတော့ သူတော်ကောင်းတရားတွေကို စိတ်ပါလက်ပါ မနာဘူး။ မှတ်မှတ် သားသားလည်း မရှိဘူး။ ခန္ဓာကိုယ်မှာ ရုပ်တွေ၊ နာမ်တွေပဲရှိတယ်လို့ ဆရာတော်တွေက ခဏ၊ ခဏ ဟောနေတယ်။ ဟောပေမယ့် လူတိုင်း မှတ်မထားဘူး။ ဟောတဲ့သူက ဟောသွားတာပဲ၊ ဒီသုညတဓမ္မတွေဆိုတာ တော်ရုံတန်ရုံသူတွေ စိတ်ဝင်စားခဲတယ်။ ရုပ်တွေ၊ နာမ်တွေ၊ အကြောင်းတွေ၊ အကျိုးတွေ၊ အ၀ိဇ္ဇာတွေ၊ သင်္ခါရတွေ စိတ်မ၀င်စားဘူး။ အဲဒီလို သုညတဓမ္မတွေဆိုရင် ပျင်းခြောက်နေကြတာ။
…ဉာဏ်ပညာရှိတဲ့သူကတော့ မှတ်သားထားတယ်။ ဒါဟာ ဘုရားပွင့်မှ ကြားရတဲ့ စကား၊ မြတ်စွာဘုရားဟောမှ သံဃာတော်တွေ ပြန်ဟောနိုင်တာ၊ သံဃာတော်တွေ ဆိုတာ ဘုရားဆီက ဉာဏ်ကို ပြန်ဟောရတာ၊ အဲဒီတော့ တရားနာတဲ့သူက ရုပ်၊ နာမ်နဲ့ပြောတော့…ရုပ်၊ နာမ် ၂ ပါး၊ ခန္ဓာနဲ့ပြောတော့…ခန္ဓာငါးပါး၊ အာယတနနဲ့ပြောတော့ အာယတန ၁၂ ပါး၊ ဓာတ်နဲ့ပြောတော့ ဓာတ် ၁၈ ပါးလို့ မှတ်ထားတယ်။
…ရုပ်က ဖောက်ပြန်တဲ့သဘောရှိတယ်၊ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော။ နာမ်က ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်။
…ဒါ အကျဉ်းပေါ့ဗျာ…။ အဲဒီလို မှတ်မှတ်သားသားရှိတဲ့ ပုဂ္ဂိုလ်က တရားအားထုတ်တဲ့ အခါမှာ သံသယ နည်းတယ်။ ငါ့ပေါင်ကြီးက ဘာဖြစ်တာလဲ၊ ငါ့ဗိုက်ကြီးက ဘာဖြစ်တာလဲ၊ ဒီလို မလာဘူး။ သူက တရားနာထား တာကိုး။ ဉာတပရိညာနဲ့ ဒိဋ္ဌိဖြုတ်ထားတယ်။ ပေါင်တွေ၊ ခါးတွေ၊ လက်တွေဆိုတာ ရှိမှ မရှိဘဲ။ အဲဒါတွေ ရုပ်တရားတွေပဲ၊ အဲဒီလို ရုပ်တရားတွေအပေါ်မှာ သံသယကင်းနေတော့ တရား အားထုတ်တဲ့အခါမှာ သို့လော၊ သို့လော မဖြစ်ဘူး။ ကိုယ်အားထုတ်နေတဲ့ တရားကို ဆက်ပြီး အားထုတ်သွားလို့ရတယ်။
…ဥပမာ-လက်တွေက တဆတ်ဆတ် လှုပ်မယ်၊ ပေါင်တွေက လှုပ်မယ်၊ ခေါင်းတွေက ယမ်းမယ်ဆိုရင် ဘာများ ဖြစ်တာပါလိမ့်မလဲလို့ သံသယ၀င်တတ်တယ်။ သရဲများ ၀င်တာလား၊ တရားနဲ့ ငါနဲ့ မတည့်ဘူးထင်တယ်။ တရားများ နာမထားရင် ဒီလို သို့လော၊ သို့လော မဖြစ်နိုင်ဘူးလား။
…အဲဒါကို စိုးရိမ်ပြီး ဆရာပေါင်းစုံ သွားမေးတော့ မင်းတို့ အိမ်တွင်း အုန်းခြောက်နေလို့ စသည်ဖြင့် ပြောတဲ့သူက လျှောက်ပြောလိမ့်မယ်။ အုန်းသီးခြောက်ရင် လွှင့်ပစ်လိုက်ပေါ့။ ဘာမှ မဖြစ်ဘူး။ ယောဂီတို့ ဒါဟာ ၀ါယော ဖောက်ပြန်တာ မဟုတ်လား။
…၀ါယော ဖောက်ပြန်တာကို မသိရင် သည့်ပြင်ဟာတွေလျှောက်ပြီး ထင်ကုန်ရော။ တရားနာထားတဲ့အခါ ကျတော့ ဒါဟာ ၀ါယောဖောက်ပြန်တာလို့ သိတယ်။ ၀ါယောဓာတ်ဟာ သူဖောက်ပြန်ချင်တဲ့အခါမှာ ဖောက်ပြန် မှာပဲ။ အနတ္တတရား မဟုတ်လား သူတော်ကောင်းတို့…။ တရားထိုင်တာကတော့ ငြိမ်ငြိမ်ထိုင်တာပဲ၊ ဒါပေမယ့် မလှုပ်နဲ့လို့ အမိန့်ပေးလို့ မရဘူး။ လှုပ်ချင်တဲ့အခါ ဆတ်-ဆတ်၊ ဆတ်-ဆတ်နဲ့ ဆွဲဆက် လှုပ်ပစ်လိုက်တာပဲ။
…သူ့အလုပ် သူလုပ်တာ၊ လှုပ်ချင်လှုပ်၊ မလှုပ်ချင်နေ၊ ကျွမ်းပဲပြန်ပြန် အနတ္တ တရားပဲလို့ သိပေးလိုက်။ လုပ်တာကတော့ ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်။ ကိုယ့်အလုပ်က တရားရှုမှတ်တဲ့ အလုပ်ပဲ။ လှုပ်ရင် လှုပ်တယ်၊ လှုပ်တယ်လို့ မှတ်ပေါ့။ အရမ်းလှုပ်နေလို့ရှိရင် ထိုင်တာ၊ ထိတာကို မှတ်။ ထိုင်တယ်၊ ထိတယ်၊ ထိုင်တယ်၊ ထိတယ်၊ ထိုင်တယ်၊ ထိတယ်လို့မှတ်။
…သူကလည်း သူ့အလုပ် သူလုပ်၊ ကိုယ်ကလည်း ကိုယ့်အလုပ် ကိုယ်လုပ်၊ နောက်တော့လည်း ငြိမ်သွားတာပဲ။ အမြဲတမ်းကြီး လှုပ်နေတာမှ မဟုတ်ဘဲဗျ။ အဲဒီလို တရားတွေ နာထားတဲ့အခါကျတော့ ဒါ ၀ါယောပဲလို့ သိတယ်။
…ခန္ဓာကိုယ်ကြီးက တောင့်တင်းမာကျောပြီးတော့ ကျောက်ပျဉ်ကြီးလိုဖြစ်နေတာရော မရှိဘူးလား။ အဲဒါ ပထ၀ီတွေ ဖောက်ပြန်တာပဲ၊ ခေါင်း၊ ခါး၊ ခြေ၊ လက် မဟုတ်ဘူးနော် သူတော်ကောင်းတို့…။ ရုပ်ဆိုတာ ဖောက်ပြန်တဲ့သဘောရှိတယ်။ ပထ၀ီဓာတ်တွေ ဖောက်ပြန်တာ။
…မင်းကိုယ်မင်း ယောက်ျားတွေ၊ ဘာတွေ မှတ်နေတာ၊ ငါ…ဖောက်ပြန်ပြမှာပဲ တဲ့။ ယောက်ျားလည်း မဟုတ်ဘူး၊ မိန်းမလည်း မဟုတ်ဘူး၊ ငါ…ပထ၀ီဓာတ်ကွ တဲ့။ ငါ…မင်းကို ဖောက်ပြန်ပြမယ် တဲ့။ အခုနေအခါမှာ မင်းကို ငါ…နည်းနည်းပဲ ဖောက်ပြန်ပြတာ။ မင်းအားနည်းလာတဲ့အခါ ငါ…သေအောင် လုပ်ပြမယ် တဲ့။ အဲဒီလို ပြောရာ မရောက်ဘူးလား သူတော်ကောင်းတို့…..။
…(၁၅.၁၂.၂၀၀၇)၊ စနေနေ့၊ မာလာမြိုင် (၇)လမ်း၊ မိသားစု ဓမ္မသဘင်တွင် မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ (လိမ္မော်ခြံ-တိုက်ကြီး) ဟောကြားအပ်သော “အနေတတ်၍ အသေမြတ်ရန် နည်းလမ်း” တရားတော်

No comments:

Post a Comment