August 6, 2015

မွန်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ။


        ဆေးရုံမှာ ဆိုလို့ရှိရင် လူ(နာ)တွေရဲ့ အခြေအနေအလိုက် “မေတ္တာ”လည်း ဖြစ်တယ်။
“မုဒိတာ”လည်း ဖြစ်တယ်။ “ဥပေက္ခာ” လည်း ဖြစ်တယ်။ ကိုယ့်သန္တာန်မှာ ဒီလို ဖြစ်လာတဲ့
တရားလေးတွေကိုတန်ဖိုးထားပြီးတော့ မှန်မှန်ကန်ကန် ဒီမွန်မြတ်တဲ့ စိတ်ဓာတ်တွေနဲ့ ပြုစု

စောင့်ရှောက်မယ် ဆိုလို့ရှိရင် ကုသိုလ်ရပါတယ်။ ဒီကုသိုလ်ဟာလည်း အလွန်မွန်မြတ်တဲ့
ကုသိုလ်ပါပဲ။
         ဒီလိုပါပဲ ကျောင်းဆရာပဲ ဖြစ်စေ၊ ကျောင်းဆရာမပဲ ဖြစ်စေ၊ ပညာရေးဝန်ထမ်းပဲ
ဖြစ်စေ၊ တခြားတခြား တာဝန်ထမ်းဆောင်နေတဲ့ ဘယ်သူပဲဖြစ်ဖြစ် “မေတ္တာ၊ ကရုဏာ၊ မုဒိ
တာ၊ ဥပေက္ခာ” လို့ဆိုတဲ့ ဒီ မိမိရဲ့ စိတ်ထား၊ သဘောထား ကောင်းကောင်းလေးတွေ ရှိသင့်
တာပါပဲ။ စိတ်ထားတတ်ရင် ကုသိုလ်လည်းရ ၀မ်းလည်းဝ(လှ)တွေချည်းပါပဲ။
         ဘယ်မှာပဲ ဖြစ်ဖြစ် အများနဲ့ ဆက်ဆံတဲ့အခါမှာ သူများရဲ့အကျိုးကို လိုလားတဲ့စိတ်
ထားရင် ဘယ်လုပ်ငန်းပဲဖြစ်ပါစေ ..နောက်ဆုံးမှာ မီးဖိုချောင်ထဲမှာ ထမင်းချက်တဲ့ ပုဂ္ဂိုလ်က
စပြီးတော့ “ကောင်းကောင်းမွန်မွန် စားကြပါစေ” ဆိုရင် ဒါ “မေတ္တာ” ဖြစ်တာပဲ။ ဒီစိတ်လေး
ထားလိုက်တာနဲ့ ကိုယ့်မှာ “မေတ္တာ” ဖြစ်လာတယ်။ အေး .. ဆာလောင်ခြင်းဆိုတဲ့ ဒုက္ခတွေက
လွတ်ကင်းကြပါစေဆိုရင် ဒါ “ကရုဏာ” ဖြစ်တယ်။ စားသောက်ပြီး ပျော်ပျော်ရွှင်ရွှင် ၀၀လင်
လင် ကျန်းကျန်းမာမာ ဖြစ်နေတာကို ကြည့်ရင် “မုဒိတာ” ဖြစ်ပါတယ်။ “မေတ္တာ၊ ကရုဏာ၊ မု
ဒိတာ” ဆိုတာ ဘယ်နေရာပဲ ဖြစ်ဖြစ် စိတ်ထားလေးကို ဖြစ်အောင်ထားနိုင်မယ်ဆိုလို့ရှိရင်
အင်မတန် မွန်မြတ်တဲ့ စိတ်ထားတွေလို့ မြတ်ဗုဒ္ဓက ဟောကြားထားပါတယ်။
         မိခင်၊ ဖခင်တွေလည်း သားသမီးနဲ့ ပတ်သက်တဲ့ “မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေ
က္ခာ” ဆိုတာ ရှိပါတယ်။ မိဘတွေက ကိုယ့်သားသမီးအပေါ်မှာ ကောင်းကျိုးချမ်းသာတွေ လို
လားကြတယ်။ ကြီးပွားစေချင်တယ်။ ပညာရေးဘက်က တိုးတက်အောင်မြင်စေချင်တယ်။ စီး
ပွားရေးဘက်က တိုးတက်ကြီးပွားစေချင်တယ်။ ရာထူးဌာနန္တရတွေ အဆင့်မြင့်တိုးတက်စေ
ချင်တယ်။ သြော် .. သူတို့တစ်တွေ ဒုက္ခတွေကင်းပါစေ၊ လွတ်မြောက်စေချင်တာ “ကရုဏာ”
အဆင်ပြေလို့ ရှိရင်လည်း ၀မ်းသာပြီးနေတာ “မုဒိတာ”၊ နောက်ဆုံးမှာ အဆင်ပြေသွားပြီး
သူ့ကိုယ်သူ ရပ်တည်လို့ ဘ၀တစ်ခုမှာ ထိုက်ထိုက်တန်တန် ပြည့်ပြည့်စုံစုံ နေပြီဆိုရင် “ဥပေ
က္ခာ” ။ အတိုင်းဆတာတစ်ခု “မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ” ဖြစ်ကြပါတယ်။
         ဘယ်ပုဂ္ဂိုလ်မှာပဲ ဖြစ်ဖြစ် မွန်မြတ်တဲ့ စိတ်ဓာတ်တွေ မိမိတို့သန္တာန်မှာ ဖြစ်ရင် မွန်မြတ်
တဲ့ ပုဂ္ဂိုလ်ပါပဲ။ တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း မွန်မြတ်တဲ့စိတ်ဓာတ်လေးများ
ကိုယ်စီကိုယ်စီထားနိုင်ကြကာ မြတ်ဗုဒ္ဓဟောကြားတဲ့တရားတော်နဲ့အညီ ကျင့်ကြံအားထုတ်
ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
 {၁၃၇၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်၊ နေပြည်တော်၌ အရှင်နန္ဒမာလာဘိဝံသ(Ph.D)
   ဟောကြားသော ဘေသဇ္ဇဂုရုတရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment