February 22, 2015

" ဆန်းကြယ်သော တရားဂုဏ်တော်"


ဒါတွေဒီလိုလုပ်လို့ ရတယ်၊ ဘုရားတွေ ဒီလိုဒီလို ဖူးရတယ်ဆိုတာ ယုံစရာမရှိဘူး။ ဘုန်းကြီး အနှစ်၃၀ ရှိပြီ တောထဲမှာ တရားပြလာတာ။ စောစောကတော့ ဒါတွေ ဘယ်သူ့ မှမပြောကြနှင့်လို့  ပိတ်ခဲ့ရတယ်။ သဒ္ဓါတရားမရှိတဲ့လူတွေ ငရဲကြီးကြမှစိုးလို့ ။ မြတ်စွာဘုရားရှင် တရားတော်တွေက ယုံနိုင်စရာမရှိလောက်အောင် ဆန်းကြယ်တာ- ဧ၀ံ ဗုဒ္ဓါ အစိန္တိယာ၊ ဗုဒ္ဓ ဓမ္မာ အစိန္တိယာ။ ဟို မနှစ်က ရန်ကုန်၊ မှော်ဘီမြို့ ၊ လှပဒါးရွာ ဦးသုစိတ္တ ဘုန်းကြီးတပည့်ကြီးပါပဲ။ အဲဒီ ဦးသုစိတ္တကျောင်းမှာပြတော့ ဓမ္မာစရိယခေတ်ပညာတတ်တွေပေါ့။ လူ ၄၀ ကျော် ၅၀ ရှိတယ်။ အဲဒီထဲမှာလဲ နိမိတ်အမြင်သန်တဲ့ ယောဂီတွေ၊ ၀ိပဿနာအား ကောင်းတဲ့ယောဂီတွေ တော်တော်များများပါတယ်။ ဦးသန်းအောင်တို့ ၊ ဦးစောသာယံတို့ ၊ ဦးထွန်းရွှေတို့ ၊ မောင်ဋ္ဌေးလှိုင်တို့  အကုန်အကျခံပြီးလုပ်ကြတာ။ အတော်လဲ ကျေးဇူးများသွားတယ်။ အဲဒီတရားစခန်းကစပြီး ဘုန်းကြီးလဲ သိပ်ပြီး မပိတ်ပင်တော့ပါဘူး။ မပိတ်ပင်တဲ့အပြင် ခေတ်ပညာတတ်-စာတတ်ပေတတ် ဦးပဉ္ဖင်းတွေ၊ သီလရှင်တွေ ယောဂီတွေ အားလုံး သမထရော၊ ၀ိပဿနာပိုင်းပါ ကိုယ်တွေ့ မှတ်တမ်း အသီးသီးရေးကြရမယ်လို့  ဘုန်းကြီးက ခိုင်းလို့ အားလုံးရေးထားကြပြီး ဘုန်းကြီးကို ကပ်ထားကြတယ်။ ဒီလိုမှ လုပ်မထားရင် တရားတွေက နှမြောစရာကြီးဗျာ့။ သိတဲ့လူ မြင်တဲ့လူ မှန်တဲ့လူကပဲ အရှုံးပေးရမလို ဖြစ်နေပြီ၊ တရားတွေ ကွယ်တယ်ဆိုတာ ဒီိလိုကွယ်တာပဲ။ မြတ်စွာဘုရားတောင်မှ သက်သေမရှိရင် မဟောဘူး။ တစ်ခါက အရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးနှင့် အရှင်လက္ခဏတို့ ဂိဇ္ဈကုဋ်တောင်မှာ သီတင်းသုံးပြီး ရာဇဂြိုလ်မြို့ ထဲ ဆွမ်းခံကြွဖို့  တောင်ပေါ်က ဆင်းလာကြသတဲ့။ လမ်းခုလတ်ရောက်တော့ အရှင်မောဂ္ဂလာန်က ပြုံးတော်မူတယ်။ ဒါကိုသိလို့  အရှင်လက္ခဏက "ဘာကြောင့်ပြုံးတော်မူပါသလဲ" လျှောက်တယ်။ ဒီတော့ အရှင်မောဂ္ဂလာန်က "ငါ့ရှင်၊ အခု မမေးနှင့်၊ ဘုရားရှင်ရှေ့ တော်မှောက်ရောက်မှ မေးပါ" တဲ့။ ဒီလိုနှင့် ရာဇဂြိုလ်မြို့ ထဲ ဆွမ်းခံ ဆွမ်းစားပြီးလို့  ဝေဠုဝန်ကျောင်းတော် ဘုရားရှင်ထံမှောက် ရောက်ကြလို့  အရှင်လက္ခဏက ထပ်ပြီးမေးတော့ ဂိဇ္ဈကုဋ်တောင်အဆင်း ကောင်းကင်ထဲမှာ နွားသတ်သမား အရိုးစု၊ အသားစု ပြတ္တာကြီးတွေ ကျီးကန်းသိန်းစွန်တွေ နောက်ကလိုက်ပြီး ဆိတ်ကြဆွကြလို့  အော်မြည်ပြီး ပြေးနေကြရရှာတာ အရှင်မောဂ္ဂလာန်က မြင်တော်မူတာကိုး။ "သြော်..ဒီသတ္တလောကကြီးထဲမှာ ဒီလိုဆန်းကြယ်တဲ့ အတိဒုက္ခရောက်နေတဲ့ သတ္တ၀ါအထူးအဆန်းတွေလဲ ရှိပါသေးကလား" လို့  သံဝေဂဖြစ်တော်မူတယ်။ ဒီအကြောင်းကို မြတ်စွာဘုရားရှင်ရှေ့ မှာ အရှင်လက္ခဏကို အရှင်မောဂ္ဂလာန်က ပြောပြတာ။ ဒီတော့မှ မြတ်စွာဘုရားရှင်က ရဟန်းတော်တွေကို ဆက်ဟောတယ်။ "မျက်စိအမြင် ဥာဏ်အမြင်ရှိတဲ့ အရှင်မောဂ္ဂလာန်လို တပည့်သာဝကကြီးတွေ ထွက်ပေါ်လာမှကိုး" ဆိုပြီး ၀မ်းမြောက်တော်မူတာ။ ဆက်ပြီးဟောတယ်။ "ချစ်သားတို့  ငါဘုရားလဲ လောကကြီးထဲမှာ ဒီလိုဆန်းကြယ်တဲ့ သတ္တ၀ါတွေ ဟို .. အစောကြီးကတည်းက မြင်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူကိုမှ မပြောခဲ့ဖူးဘူး..တဲ့။ ဘာလို့ လဲဆိုတော့.... "အဟဉ္စေတံ ဗျာကရေယျံ - ငါပြောရင်လဲပဲ ..... ပရေစ မေ န သဒ္ဒဟေယျုံ - ယုံကြမှာမဟုတ်ဘူး" တဲ့။ မယုံတော့ ဘာဖြစ်မယ်ထင်သလဲ? "ယေ မေ န သဒ္ဒဟေယျုံ-တေသံ တံ အဿဒီဃရတ္တံ အဟိတာယ ဒုက္ခာယ - မယုံတဲ့လူတွေ တစ်သံသရာလုံး ဒုက္ခရောက်ကုန် ရှာကြမှာပေါ့...တဲ့။ (သံ-၁၊၄၄၆။ လက္ခဏသံယုတ်၊အဋ္ဌိသုတ်၊ပေသိသုတ်-စသည်) ဘုန်းကြီးလဲ ခုတော့ ဦးပဉ္ဖင်းတို့ လို လောကုတ္တရာစာရော၊ လောကီပညာတွေရော တတ်တဲ့ပုဂ္ဂိုလ်တွေ ပေါ်လာပြီဆိုတော့ ခပ်တိုးတိုးတော့ ပြောရမှာပဲ။ (မောင်းထောင်မြေဇင်းတောရ ဆရာတော်ကြီး)

No comments:

Post a Comment