February 22, 2015

"ပြောသလို လုပ်၊ လုပ်သလို ပြော တဲ့သူ"



စကားတစ်ခု ကြားဖူးတာရှိတယ်။
"ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ "။
သဘောက ငါဟာ အပြောနဲ့  အလုပ် မညီဘူး ဆိုတဲ့
အဓိပ္ပါယ်ပေါက်သွားတယ်နော်။

အရက်သောက်တဲ့လူက ဘယ်လိုပြောသလဲဆိုတော့
မင်းတို့ အရက်မသောက်ကြနဲ့ ကွာ။ ဒါဖြင့် ခင်ဗျားတော့ရော
ဘာလို့ သောက်လဲဆိုတော့ "ငါလုပ်သလို မလုပ်နဲ့ ကွာ၊
ငါပြောသလိုလုပ်"။ အဲသလို ပြောတတ်တယ်။

ဘုန်းကြီးတို့ မြတ်စွာဘုရားရဲ့ ဂုဏ်ပုဒ်တစ်ခုကို
ဖတ်ဖူးတာ ရှိတယ်။ ဂုဏ်တော် ၉ ပါးထဲမှာတော့
တိုက်ရိုက်မပါဘူး။ မြတ်စွာဘုရားရဲ့  ဂုဏ်ပုဒ်ကို
ချီးမွမ်းပြီးတော့ ပြောကြတာ ရှိတယ်နော်။
မြတ်စွာဘုရားကိုယ်တိုင်လည်း
ပြောတာရှိတယ်။
အဲဒါ ဘာလဲဆိုတော့ -

"ယထာ ၀ါဒီ၊ တထာ ကာရီ။
ယထာ ကာရီ၊ တထာ ၀ါဒီ" တဲ့။

"ပြောသလို လုပ်တဲ့သူ၊
လုပ်သလို ပြောတဲ့သူ"။

သဘောက အပြောနဲ့ အလုပ်က ကွာဟမှုမရှိဘူး၊
တစ်ထပ်တည်း ဖြစ်နေတယ်တဲ့။ အဲဒီ မြတ်စွာဘုရားနဲ့ 
ပက်သက်ပြီးတော့ အင်မတန် ကြည်ညိုစရာကောင်းတဲ့
အချက်တစ်ချက်ပဲ။ သူ မလုပ်နိုင်တာကို
သူများကို မလုပ်ခိုင်းဘူး။ သိပ်ကြည်ညိုဖို့ ကောင်းတာပဲနော်။
ဘုန်းကြီးက ဒီစကားကို ကြားရတဲ့အခါ ဘုရားကို
အင်မတန်ကြည်ညိုတဲ့စိတ် ဖြစ်တယ်။
အပြောနဲ့ အလုပ် ညီဖို့ ဆိုတာ တော်တော်ခက်ပါတယ်။

မြတ်စွာဘုရားရဲ့ စကားကို အခုချိန်ထိ
(နှစ်ပေါင်း ၂၅၀၀ ကျော်သွားပြီ) လိုလိုချင်ချင်
နာကြတုန်း ရှိသေးတယ်။ နှစ်နှစ်သက်သက်
ကြည်ကြည်နူးနူး ကြည်ညိုတဲ့စိတ်နဲ့  နာကြတုန်းရှိသေးတယ်။
ဘာဖြစ်လို့ လဲဆိုတော့ ဘုရားဟာ ပြောသလို လုပ်တယ်။
လုပ်သလို ပြောတယ်။ အပြောတခြား၊ အလုပ်တခြား မဟုတ်ဘူး။

ဒါကြောင့် ကိုယ့်စကား ထိရောက်ချင်ရင် ကိုယ်ပြောတဲ့အတိုင်း
ကိုယ်ကိုယ်တိုင်လုပ်မှ ဖြစ်မယ်။

ဆရာတော် ဦးဇောတိက

No comments:

Post a Comment