February 1, 2015

ငါ့ရဲ့ သားသမီးသို့။


 *** ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။   *** ငါအိုသွား၍ ၀မ်းစာရှာမကျွေးနိုင်သောအခါ ဆန်ကုန်မြေလေး၊ လူငနွားကြီးလို့ မပြောပါနဲ့၊ မမြင်ပါနဲ့၊ တစ်ချိန်တုန်းက ညမိုးချုပ်သည်အထိ တစ်ခါတစ်လေ ညမနားဘဲ ကြိုးစားရှာကျွေးခဲ့တာတွေကို အမှတ်ရပေးပါ။ *** ငါအိုသွား၍ နာမကျန်းဖြစ်တဲ့အခါ အထီးကျန် မထားပါနဲ့၊ စောင့်ရှောက်ပေးပါ၊ ငယ်စဉ်အရွယ်ကပင် တက္ကသိုလ်အရွယ်ထိ ကျောင်းကြို ကျောင်းပို့ သွားသွားလာလာ စောင့် ရှောက်ပေးခဲ့တာတွေကို တွေးကြည့်ပေးပါ။   *** ဘုရားဝတ်ပြု၊ ပုတီးစိတ်၊ ဥပုသ်သီလဆောက်တည်၊ တရားမှတ်တဲ့အခါ လိုအပ်ရင် အကူအညီပေးပါ၊ ငါ့ကို မငြူငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ဘုရားသွား၊ ကျောင်းတက် ယဉ်ကျေး လိမ္မာလာအောင် ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးမအနဲ့အညီ သွန်သင်ဆုံးမပေးခဲ့တာတွေ သတိရပေးပါ။   *** ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါ အင်္ကျီ၊ လုံချည်၊ ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကို မရွံ့ပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး တွေးကာ သတိရပေးပါ။   *** အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ၊ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ၊ ဇတ်ကြီးဆယ်ဘွဲ့တွေ၊ စတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို တွေးကာ သတိရပေးပါ။ ( သားသမီးကို ပုံပြင်ပြောခဲ့တဲ့ခွေတွေ သိမ်းထားပါသေးတယ်။)   *** မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြူငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တလှည့် ခြောက်တစ်ခါ ရေချိုးသန့်စင်ပေးခဲ့တဲ့ ပုံရိပ်လေးကို တွေးပြီး မြင်ယောင်ပေးပါ။   *** ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်ဆိုတဲ့” မေးခွန်းတိုင်းကို သားနဲ့သမီး နားလည်သဘောပေါက်အောင် စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာတွေကို တွေးပြီး သတိရပေးပါ။ ( M,B,B,S ဘွဲ့တွေ ရယူတော့မယ့် သားနဲ့သမီး)   *** စိတ်သွားတိုင်း ကိုယ်မပါ၊ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ စေတနာခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်သင်ပေးခဲ့တာတွေကို တွေးလျက် သတိရပေးပါ။   *** တစ်နေ့ထက်တစ်နေ့ အိုဇာသွားတဲ့ငါ့ကို ကြည့်ပြီး ၀မ်းမနည်းပါနှင့်၊ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀ နောက်ဆုံး အချိန်အတွက် အဖော်ပြုပေးပါ။   *** မိသားတစ်စုလုံး ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့အနန္တမေတ္တာတွေ တွေ့ရမှာပါ။ သားတို့သမီးတို့ မိသားစုတို့ရေ ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်။ ။  { မြင့်ရွှေ(ပေါင်းတည်) ၏ ခန္ဓာကိုမြင်ခြင်းနှင့် ဒါန.သီလမှ ကူးယူ၍ ဆီလျော်အောင်ရေးသား   ပူဇော်ပါသည်။ }   ဦးသိန်းဝေ။            http://www.facebook.com/damanadi.tk           http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment