* ဗုဒ္ဓနိမိတ်၊ ကြာတံဆိပ်တည့်
ဂုဏ်ဟိတ်အထွက်၊ ဘဒ္ဒကပ်၌
ပွင့်လတ်တူတူ၊ ရနံ့ကြူသည့်
လေးဆူဘုရား၊ မြတ်ကိုယ်စားဟု
မှတ်သားဖေါ်ညွှန်း၊ ပဒုံပန်း...။
* ကြာပန်းပွင့်ရာ၊ ရေမျက်နှာတည့်
ချက်ချာ၌ဗွေ၊ အောက်ခံမြေနှင့်
မြရေအေးလက်၊ ပေါင်းဆုံဖက်သော်
နှစ်သက်မပြေ၊ ကျက်သရေဖြင့်
မြတ်ငွေကြာပွင့်၊ ရှုတိုင်းတင့်ဘိ.....။
* မြေရေအကူ၊ ကြာကယူ၍
ကြာမူငုံရင့်၊ ကြာဖူးပွင့်သို့
ထူးမြင့်ဆယ်လီ၊ ပါရမီနှင့်
ခါညီအလိုက်၊ သာကြည်ခိုက်တွင်
ရှိုက်မက်ဖွယ်ဆုံ၊ ရနံ့စုံတို့
သင်းထုံမွှေးရန်၊ ပွင့်ချိန်တန်က
စစ်မှန်မြေမှ၊ အေးရေမြကြောင့်
လောကဂုဏ်မြင့်၊ ကြာတို့ပွင့်သည်
ဆင့်ဆင့်ရေထောက်၊ လေးပွင့်မြောက်ပြီ.....။
* ပွင့်ရန်အာမုံ၊ ကြာတစ်ငုံလျှင်
အရုဏ်နမ်းဆင့်၊ လန်းလန်းစင့်၍
ရွှန်းတင့်ပြည့်ညီ၊ ပါရမီဖြင့်
သာကြည်ဆင့်ကဲ၊ ဖူးပွင့်ဆဲမို့
ပြုမြဲဒါန၊ ကျင့်သီလနှင့်
ညီမျှဘာဝနာ၊ ၀တ်မှုန်လွှာကို
စုံစွာသိုမှီး၊ ရှေ့ခရီး၌
ဖြည့်ဆည်းပြည့်စုံ၊ မွှန်းမွှန်းထုံ၍
စုဆုံယဉ်တင့်၊ ပန်ဆင်ခွင့်ကို
မျှော်လင့်နိုင်ကြပါစေသတည်း........။ ။
{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာရေး
အနှစ်သာရများ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
February 10, 2015
ဂုဏ်ဟိတ်အမွန် ပုံရိပ်မှန်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment