April 20, 2015

ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ၇ ရက်အကြာ။


      မြတ်စွာဘုရားဟာ မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့မှာ မလ္လာတိုင်း
ကုဿိန္နာရုံမှာ ပရိနိဗ္ဗာန်စံဝင်တော် မူပါတယ်။ 
         ဘုရားပရိနိဗ္ဗာန်စံဝင်တော်မူပြီး ရှင်မဟာကဿပမထေရ်ကြီးဟာ နောက်ပါရဟန်း(၅၀၀)
နှင့်အတူ ပါဝါပြည်မှ ကုဿိန္နာရုံသို့ မြတ်စွာဘုရားအား ဖူးမျှော်ရန် ကြွရောက်လာစဉ် လမ်းခရီး
မှာ တက္ကတွန်းတစ်ယောက်က မြတ်စွာဘုရားဟာ ကုဿိန္နာရုံ မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်

မှာ ပရိနိဗ္ဗာန်စံဝင်တော်မူတာ (၇) ရက်ကြာပြီဖြစ်ကြောင်း ပြောပြလိုက်တယ်။ 
         ရဟန်းအချို့ဟာ ယူကျုံးမရ ငိုကြွေးခြင်း ပြုကြသတဲ့၊ အဲဒီအထဲမှာ သုဘဒ်ဆိုတဲ့ 
တောထွက်ရဟန်းကြီးတစ်ပါးက “ ငါ့ရှင်တို့ ငိုကြွေးပူဆွေးခြင်း မဖြစ်ကြနဲ့ အခု ငါတို့ လွတ်လွတ်
လပ်လပ် ပြောခွင့် နေထိုင်ခွင့်ရပြီ။ ရဟန်းကြီးဂေါတမ ရှိစဉ်တုန်းက ဟိုဟာမလုပ်နဲ့၊ ဒီဟာမ
ပြောနဲ့၊ ဟိုလိုမနေနဲ့လို့ ငါတို့ကို အမျိုးမျိုး ချုပ်ချယ်တယ်၊ အခု ဒီရဟန်းကြီး မရှိတော့ သူရဲ့
ပညတ်ချက်တွေ ချုပ်ချယ်မှုတွေလည်း မရှိတော့ဘူး၊ ငါတို့ ကြိုက်သလို ပြုမူပြောဆို နေထိုင်နိုင်
ပြီ ” လို့ ကြွေးကြော်သတဲ့၊ (၇) ရက်အကြာမှာ ဖြစ်ပေါ်လာတဲ့ သာသနာ့အန္တရာယ် အစပဲ။
         ရှင်မဟာကဿပကြီးဟာ တောထွက်ရဟန်းသုဘဒ်ရဲ့ စကားကို ကြားရတော့ ဦးထိပ်
ထက် မိုးကြိုးစက်ကျသလို အင်မတန်တုန်လှုပ်ပြီး အခုလိုဆင်ခြင်မိသတဲ့။ မြတ်စွာဘုရား ပင်ပန်း
ဆင်းရဲစွာ တည်ထောင်ခဲ့တဲ့ သာသနာတော်မြတ်ကြီးကို ဤမျှ တိုတောင်းသော အချိန်ကလေး
အတွင်း ရဟန်းယုတ်တည်းဟူသော အမှိုက်သရိုက်ဆူးငြောင့်ခလုပ်များ ထင်ရှားဖြစ်ပေါ်ဘိ၏။
ထိုရဟန်းယုတ်ကြီးအား မဟန့်တားသဖြင့် တိုးပွားများလာခဲ့လျှင် သူကဲ့သို့ပင် အခြားတပါးသော
ရဟန်းယုတ် အသင်းအပင်း အဖေါ်အပေါင်းတို့ကို ရရှိ၍ သာသနာတော် ဆုတ်နစ်စေနိုင်သည်လို့
ဆင်ခြင်တော်မူပြီး ဓမ္မသံဝေဂကြီးစွာ ရရှာတော်မူပါတယ်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ သက္ကာယဒိဋ္ဌိထောင်တွင်းမှအကျဉ်းသားနှင့် ပြိတ္တာဖြစ်ရခြင်းအကြောင်း       မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

           http://www.facebook.com/damanadi.tk

No comments:

Post a Comment