April 25, 2015

ကောင်းမှု၊ မကောင်းမှု ဒီနှစ်ခုကို ဘာနဲ့စံပြုပြီးတော့ ခွဲရမှာလဲ။


         သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တွေဟာ မှားမှားယွင်းယွင်း တစ်ခုခု လုပ်မိသွားပြီဆိုရင် ခံရ
တဲ့ အကျိုးဆက်ဟာ သက်သာလှတယ်လို့ မရှိပါ။ ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော် အခါမှာ ကြုံတွေ့
ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို သတိထားဖို့ လိုပါတယ်။
         ကောင်းတဲ့အလုပ်၊ မကောင်းတဲ့အလုပ်၊ ကောင်းမှု၊ မကောင်းမှု ဒီနှစ်ခုကို ဘာနဲ့စံပြုပြီး

တော့ ခွဲရမှာလဲဆိုတော့ မြတ်စွာဘုရားက “ လုပ်ပြီးတဲ့ အခါမှာ ပူပင်နေရတဲ့အလုပ် ” မျိုး။ သြော်.
လုပ်မိတာ မှားလေခြင်းလို့ စိတ်ထဲမှာ ပူပင်ရတဲ့ အလုပ်မျိုးဟာ “ မကောင်းတဲ့အလုပ် ” လို့ခေါ်ပါ
တယ်။ အလုပ်တစ်ခုကို လုပ်မိပြီးနောက်မှာ ဘယ်အလုပ်ပဲဖြစ်ဖြစ် အကျိုးဆိုတာ ပေါ်လာတတ်
တယ်။ အကျိုးရလာဒ်ဆိုတာ ရှိပါတယ်။ ဆိုပါစို့... သရက်ပင်တစ်ပင် စိုက်ရင် သရက်သီးဆိုတာ 
သီးလာမှာပဲ။ ဒါဟာ အကျိုးရလာဒ်ပါ။ အေး.. ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ စိတ်ထဲက တွေးတာ
ပဲဖြစ်စေ။ နှုတ်ကထုတ်ဖော် ပြောတာပဲဖြစ်စေ၊ ကိုယ်ထိလက်ရောက် လုပ်တာပဲဖြစ်စေ၊ တစ်ခုခု
လုပ်လိုက်လို့ရှိရင် ထိုလုပ်ရပ်ရဲ့ အကျိုးသက်ရောက်မှုက ပေါ်လာမှာပဲ။ အဲဒီလို  ပေါ်လာတဲ့အခါ
“ ရလာတဲ့ အကျိုးတရားကို ငိုငိုရီရီ ကြိတ်မှိတ်ပြီး ခံစားရမယ့် အလုပ်မျိုးဟာ မကောင်းတဲ့အလုပ်”။
         မြတ်စွာဘုရား ဒေသနာတော်နဲ့ ပြောမယ်ဆိုရင် “န တံ ကမ္မံ ကတံ သာဓု” ဒီ အလုပ်မျိုး
ဟာ မကောင်းဘူးတဲ့။ အဘယ်အလုပ်ဆိုရင် “ ယံ ကတွာ အနုတပ္ပတိ ” လုပ်ပြီးတဲ့နောက်မှာ ပူပင်
နေရတယ်။ အဲဒီ အလုပ်မျိုး ဘယ်တော့မှ မလုပမိစေနဲ့တဲ့။ ဒါ မှားယွင်းတဲ့ လုပ်ရပ်တစ်ခုပဲ။ “ယဿ
အဿုမုခေါ ရောဒံ ” ။ “အဿုမုခေါ ” ဆိုတာ မျက်ရည်ရွှဲနေတဲ့မျက်နှာ။ “ ရောဒံ ”ဆိုတာ တငိုငို
တယိုယိုနဲ့၊ “ ၀ိပါကံ ပဋိသေ၀တိ ” အဲဒီလုပ်ရပ်ရဲ့အကျိုး ပေါ်လာပြီ ဆိုလို့ရှိရင် အကျိုးတရားကို
ကြိတ်မှိတ်ပြီး ငိုကြွေးခံစားရတဲ့ လုပ်ရပ်မျိုးဟာ မကောင်းတဲ့လုပ်ရပ်ပဲတဲ့။ မြတ်စွာဘုရားက လူ
တိုင်းနားလည်အောင်လို့ မကောင်းမှုဆိုတာ ဒါခေါ်တာလို့ ရှင်းပြထားပါတယ်။
        ကောင်းမှုဆိုတာက မကောင်းမှုနဲ့ ပြောင်းပြန်မှတ်ရပါမယ်။ “ လုပ်မိတဲ့ ကိစ္စတစ်ခုဟာ 
ဘယ်တော့မှ ပြန်ပြီး ငါလုပ်မိတာ မှားလေခြင်းလို့ နောင်တပူပင်မှုကို မဖြစ်စေဘူးဆိုရင် ကောင်း
တဲ့အလုပ် ကောင်းမှုပဲ ” ။ တစ်ခါ အကျိုးပေါ်လာလို့ ရှိရင်လည်းပဲ “ ရရှိလာတဲ့ အကျိုးကို ၀မ်း
မြောက်ဝမ်းသာ ပီတိသောမနဿနဲ့ ခံစားရပြီ ဆိုရင်လည်း ကောင်းတဲ့လုပ်ရပ် ” လို့ ပြောပါတယ်။
အဲဒီတော့ ကောင်းမှု မကောင်းမှုကို သိရမယ်။ “ သံသရာခရီးသွား အမှားကို မလုပ်မိစေနဲ့ ” ဆို
တာ မကောင်းတဲ့ အမှုတွေ မလုပ်မိစေနဲ့ လို့ ပြောလိုတာပါ။ အဲဒီ အမှားကို လုပ်မိပြီဆိုလို့ရှိရင် ထို
အမှားက ပုံဖေါ်ပေးလိုက်တဲ့၊ ထိုအမှားကနေ ဖြစ်ပေါ်စေတဲ့ အကျိုးဟာ အင်မတန်မှဆိုးဝါးပါတယ်။
        ဒါကြောင့် အမှားအယွင်းတွေကို မလုပ်မိအောင် သတိထားပြီး ရှောင်ကြဉ်ကာ ကောင်းတဲ့အ
မှုများကိုသာ ပြုလုပ်ခြင်းဖြင့် မိမိတို့ သံသရာခရီး သွားတဲ့အခါမှာ ဖြောင့်ဖြောင့်တန်းတန်းသွားဖို့လို
ပါတယ်။ နောက်ဆုံးမှာ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုရမှာ ဆိုတာကို သတိထားပြီးတော့ ကြိုး
စားအားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
 { ၁၃၇၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌ ဒေါက်တာအရှင်
  နန္ဒာမာလာဘိဝံသ ဟောကြားတော်မူသော သံသရာခရီးသွား အမှားမလုပ်မိစေနှင့်တရားတော်
ကို ကိုးကားရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment