မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း (၂၀၀)ခန့်လောက်တွင် အာသော
ကမင်းကြီးသည် အိန္ဒိယပြည်တ၀ှမ်း စစ်ရေးများဆင်နွဲပြီး ရက်စက်ကြမ်းကြုတ်မှုများ သူများနှင့်
မတူအောင် လုပ်ခဲ့သည်။
ညီအစ်ကို (၁၀၁)ယောက်ရှိရာ ညီအရင်းတစ်ယောက်ကိုချန်ပြီး (၉၉)ယောက်ကို သတ်
ကာ နန်းတက်လာသည်။ ပြည်သူတွေကိုလဲ ညှင်းပမ်းသည်။ မနှစ်သက်သော အမတ် (၅၀၀)ကို
လည်း ကိုယ်တိုင် သတ်ဖြတ်သည်။ မိဖုရား (၅၀၀)ကိုလည်း သတ်ဖြတ်ခဲ့သည်။ ကလိင်္ဂတိုင်းကို
သိမ်းပိုက်စဉ် လူတစ်သိန်းခွဲ အသတ်ခံရသည်။ သူ၏ရက်စက်ကြမ်းကြုတ်မှုကို အစွဲပြု၍
စဏ္ဍသောကဟု အမည်တွင်ခဲ့သည်။
ရန်သူတွေကိုလည်း ညှင်းပန်းနှပ်စက်ရန် ထောင်ကြီးတစ်ထောင် တည်ဆောက်ပြီး
အလွန်ရက်စက်သည့် စဏ္ဍာဂီရိဆိုတဲ့ ထောင်မှူးကြီးတစ်ဦးကိုလည်း ခန့်ထားသည်။
ဤမျှလောက် ရက်စက်ကြမ်းကြုတ်သူသည် တူတော်စပ်သူ နိဂြောဓ သာမဏေ၏
ဟောပြောသော အပ္ပမာဒတရားကြောင့် သတိတရားရလာပြီး ကုသိုလ်ဘက် ယိမ်းလာသည်။
ဓမ္မနဲ့တွေ့ပြီး သူရဲ့နှလုံးသားမှာ ဓမ္မများစိမ့်ဝင်ပျံ့နှံ့သွားတဲ့အခါမှာ သူပြုမိခဲ့တဲ့ အကုသိုလ်
ဒုစရိုက်များအတွက် အကြီးအကျယ် နောင်တရတော့တယ်။ ရက်စက်ကြမ်းကြုတ်ခြင်းမှ
အကြင်နာတရားနှင့် သူ့ရင်ထဲမှာ ပြည့်စုံသွားတယ်။ ထောင်ကြီးကိုလည်း ဖျက်ဆီးလိုက်တယ်။
သူ့နိုင်ငံမှာ တိရစ္ဆာန်ရဲ့ အသက်ကိုတောင် မသတ်ရဘူး။ လူတွေ ခိုးတာဝှက်တာကို မဖူလုံလို့
ဆိုပြီး အပြစ်မပေးဘဲ ထောက်ပံ့ငွေတောင် ပေးလိုက်သေးသည်။ သူ့ရဲ့ကြင်နာမှုကြောင့်
ရက်စက်ကြမ်းကြုတ်သော သဘောရသည့် စဏ္ဍာသောကမှ သီရိဓမ္မသောကအဖြစ် ပြောင်း
လဲခေါ်ဆို သမုတ်ကြတော့သည်။
သာသနာတော်ကို အတိုင်းအတာများစွာဖြင့် သက်ဝင်ယုံကြည်လာပြီး တတိယသင်္ဂယနာ
တင်ခဲ့သည်။ သားတော်မဟိန္ဒနှင့် သမီးတော်သံဃမ္မိတို့အား ရဟန်းပြုစေခဲ့သည်။ အရှင်မဟာ
ကဿပနှင့် အဇာတသတ်မင်းကြီးတို့ သိမ်းဆည်းခဲ့သော ဘုရားရှင်၏ ဓာတ်တော်မွေတော်များ
ကို ရှာဖွေယူပြီး ကမ္ဘာ့အရပ်ဒေသ အသီးသီး၌ စေတီပေါင်း(၈၄ ၀၀၀) ကျောင်းပေါင်း(၈၄ ၀၀၀)
ရေတွင်းရေကန်ပေါင်း(၈၄ ၀၀၀)လှူခဲ့တယ်။ ရဟန္တာ (၆၀ ၀၀၀)ကိုလည်း နန်းတော်၌ နေ့စဉ်
ဆွမ်းကပ်လှူဒါန်းသည်။
အသက်ကြီးတော့ ကုဋေ(၁၀၀) လှူဖို့ ဆုံးဖြတ်သည်။ သူ့ဆီကို ယူလာတဲ့ ရွှေပွဲတော်
အုပ်၊ ငွေပွဲတော်အုပ်၊ ကြေးပွဲတော်အုပ်ကိုလည်း သူဆောက်လုပ်ထားတဲ့ ပါဋိလိပုတ်ပြည်ရှိ
ကုက္ကုဋာရုံကျောင်းတော်ကြီးကို ပေးလှူလိုက်သည်။ ဖြစ်သမျှ မုချပျက်ရမည်ကိုလည်း ကြိုတင်
သိထားသူ ဖြစ်သည်။ တရားဓမ္မနဲ့ သောကမီးတွေကို ကျော်လွှားနိုင်သူတစ်ယောက် ဖြစ်သည်။
“တချိန်က ရှိခဲ့သော တန်ခိုးအာဏာနဲ့ စည်းစိမ်ဥစ္စာ ဘုရင်မင်းကြီးဘ၀များလည်း
စွန့်ထွက်ဖယ်ခွါ ကြပါပြီ၊ လက်ရှိအိုမင်း၍ ကျန်းမာသန်စွမ်းခြင်း မရှိသော တပည့်တော်အား
သမားတော်များကလည်း လက်လျော့သွားချေပါပြီ။ ရတနာသုံးပါးမှတပါး အခြားအားထားစရာ
မရှိသော တပည့်တော်မှာ သံဃာတော်အရှင်မြတ်တို့ကိုသာ အားထားကိုးကွယ်ရာ(နာထ) အစစ်
ဖြစ်ပါသည်။ တပည့်တော်၏ နောက်ဆုံးအလှူဖြစ်သော သျှိသျှားသီး(ဇီးဖြူသီး)ကို သုံးဆောင်
ဘုဉ်းပေးတော်မူပါဘုရား” ဟု နောက်ဆုံးပေးလှူစေကာ နတ်ရွာစံ ကံကုန်ရှာပါသည်။ ရက်စက်
ယုတ်မာ ကြမ်းကြုတ်ခဲ့သော စဏ္ဍာသောကမင်းကြီးဘ၀မှ သံဝေဂရပြီး သာသနာ့ဒါယကာ
သီရိဓမ္မသောကမင်းကြီး အဖြစ် ဗုဒ္ဓဘာသာသမိုင်းတွင် အထင်ရှားဆုံး ဘုရင်ကြီး ဖြစ်ခဲ့ပါသည်။
ဓမ္မမိတ်ဆွေသည် စဏ္ဍာသောကမင်းကြီးလောက် ရက်စက်ယုတ်မာ ကြမ်းကြုတ်မိုက်ခဲ့
သူ မဟုတ်သဖြင့် သစ္စာတရားများနာယူ အသိတရားတွေနဲ့ သိသိပြီး ကျင့်ကြံအားထုတ်ရင်း
နောက်ဆုံးပန်းတိုင်ဖြစ်သော မြတ်နိဗ္ဗာန်ကို ရရောက်ပါစေ ကုန်သတည်း။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ မူကြိုတို့အတွက် ၀ိပဿနာနှင့် အပူစုံပူပူလေး မှ
ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment