January 10, 2016

သိင်္ဂါလသုတ်တော်

သိင်္ဂါလသည် ရာဇဂြိုဟ်မြို့နေ ဗုဒ္ဓဘာသာမိသားစုတစ်စုမှ ပေါက်ဖွါးလာသော သားတစ်ပါးဖြစ်သည်။ သူ၏ မိဘတို့သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို အလွန်ကိုင်းရှိုင်း ရိုသေကြသူများဖြစ်သည်။ သို့သော် သိင်္ဂါလ-ကား မိဘတို့နှင့်မတူ တစ်မူထူးခြားသော အတွေးအခေါ်ရှိခဲ့လေသည်။ သူ့ကိုယ်သူကိုလည်း မိဘတို့ထက်သာသည်၊ ခေတ်ပညာတတ်တစ်ဦးဖြစ်သည်၊ မိဘတို့ကား ခေတ်မမှီတော့၊ ခေတ်နောက်မှာကျန်ရစ်ပြီ၊ သူတို့ခေတ်၌ မိဘတို့ခေတ်ကအယူအဆများ အသုံးမ၀င်တော့ဟု သူယူဆသည်။
သူ၏မိဘတို့သည် သားလှရတနာ သားသည်းခြာကို မြတ်ဗုဒ္ဓထံမှောက်သို့ရောက်အောင်၊ သံဃာတော် များထံရောက်အောင်၊ ရောက်ခဲ့လျှင် အေးမြသော တရားအရသာကို ခံစားရအောင် နည်းအမျိုးမျိုးဖြင့် ဖြားယောင်း သွေးဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ သဲရေကျဖြစ်ခဲ့ရသည်ချည်းသာ။
သိင်္ဂါလသည်ကား သူ၏မိဘနှစ်ပါးတို့ကို ဤသို့ပင် ပြန်လည်ချေပ ပြောဆိုလေ့ရှိခဲ့သည် -
"အမေအဖေတို့ကလည်း စဉ်းစားကြည့်ပါဦး၊ ကျွန်တော် ဘုရားကျောင်းသွားယင် အနည်းဆုံး မိနစ်သုံးဆယ်လောက် အချိန်ကုန်မယ်။ အဲ့ဒီ မိနစ်သုံးဆယ် အချိန်ဆိုတာ ကျွန်တော့်အတွက်တော့ စီးပွါးရေးဖြစ်နိုင်တယ်၊ စီးပွါးရေးလဲဖြစ်တယ်၊ အတော်ကို ခရီးရောက်မယ့် အချိန်ပဲလေ။ အဲ့ဒီ မိနစ်သုံးဆယ် အချိန်အတွင်း ကြီးပွါးနိုင်တဲ့ စီးပွါးကြီးကိုဗျာ ဘယ့်နှယ် ဘာမဟုတ် ညာမဟုတ် ဘုရားကျောင်းသွားပြီး တောင်လိုလို မြောက်လိုလို၊ တောင်မရောက် မြောက်မရောက်နဲ့ မဖြုန်းတီးချင်ပါဘူး၊ အလဟဿမလုပ်သင့်ဘူးလို့ပဲ ကျွန်တော်ထင်တယ်၊ ကျွန်တော့်အတွက်တော့ အချိန်တိုင်းဟာ ငွေပဲဖြစ်ရမယ်၊ အချိန်တိုင်းဟာ ရွှေပဲဖြစ်ရမယ်"
"အမေနဲ့အဖေတို့ပဲ စဉ်းစားကြည့်လေ ကျွန်တော်က ဘုရားကျောင်းသွားပြီး ဘုရားနဲ့သံဃာတော်တွေကို ဘာလုပ်ပေးရမှာလဲ၊ ဘာမှလဲ လုပ်ပေးစရာမလိုပါဘူး၊ သူတို့ဆီသွားပြီး ကန်တော့မယ် ရှိခိုးမယ်ဆိုယင် အကျိုးအနေနဲ့ကတော့ ခါးညောင်းမယ်၊ ဒူးညောင်းမယ်၊ နားပူမယ်၊ ဒါပဲလေ။ ပြီးတော့ ကျွန်တော်တို့ကချည်း အောက်မှာထိုင်ရတယ်၊ မြေပေါ်မှာထိုင်ရတယ်၊ သူတို့ကတော့ ကောင်းတဲ့နေရာမှာ သန့်တဲ့နေရာမှာပဲထိုင်တယ်လေ။ ကြည့်လေ ဘယ်မှာ တရားလို့လဲ။ ကျွန်တော့်မှာတော့ အင်္ကျီတွေ ပေကုန်တယ်။ သူတို့မှာတော့ ဖုံမှုန့်လေးတောင် မသမ်းဘူး။ သူတို့ရဲ့ပြောဟောချက်တွေကို လက်အုပ်ချီထားပြီး နားထောင်ပေးရတယ်၊ သူတို့က နားမလည် လည်အောင် ခဏခဏရှင်းပြတယ်၊ နားလည်သွားပြီဆိုပြန်တော့လဲ သူတို့ကို အိမ်မှာဖိတ်ကျွေးရတယ်၊ သူတို့ရဲ့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး လိုအပ်ချက်တွေကိုလည်း ထောက်ပံ့ပေးရသေးတယ်။ နောက်ဆုံးတော့ သားတို့လို လူပုဂ္ဂိုလ်တွေ မမွဲပဲခံနိုင်ရိုးလား။ ဒါ့ကြောင့် သားတို့နိုင်ငံ မကြီးပွါးတာပေါ့" ဟု ပြန်ပြောတတ်လေသည်။
သိင်္ဂါလ၏မိဘနှစ်ပါးတို့သည် သားသည်းခြာကို ပြောမရသည့်အဆုံး ဥပေက္ခာတရားဖြင့် လက်လျှော့ထားခဲ့ရသည်။ ကရုဏာမျက်လုံးတို့ဖြင့် စောင့်ကြည့်ခဲ့ကြသည်။ သားသမီးတို့သည် မိဘတို့ ကွယ်လွန်ခါနီး အချိန်ကျမှ မိဘတို့ပြောသောစကားကို မြေ၀ယ်မကျ နားထောင်တတ်ကြသည်ဟု သူ၏မိဘတို့က သဘောပေါက်ထားခဲ့ကြသည်။ ထို့ကြောင့် သေရာညောင်စောင်းဝယ် လဲလျောင်းနေရသော ကွယ်လွန်ခါနီးအချိန်တွင် သားသိင်္ဂါလကိုခေါ်၍ ကရုဏာသက်လျက် မှာတမ်းခြွေခဲ့လေသည် -
"သားသား ဖေဖေ အခုပြောမယ့်စကားဟာ ဖေဖေရဲ့ နောက်ဆုံးစကားဖြစ်တယ်၊ အဲ့ဒီ နောက်ဆုံးစကားကို သားလေး သေသေချာချာစဉ်းစား ဆုံးဖြတ်ပြီးမှ လက်ခံပါ"
"ပြောပါ ဖေဖေ၊ ဖေဖေပြောသမျှ သားနားထောင်ပါ့မယ်၊ သား လိုက်နာကျင့်သုံးပါ့မယ် ဖေဖေ"
"သားလေးရယ် ဖေဖေဖြစ်စေချင်တာကတော့ သားလေးစောစောထ၊ ရေမိုးချိုးပြီး အရပ်ခြောက်မျက်နှာကို ရှိခိုးရမယ်" ဟုပြောပြီး ၀ိညာဏ်ချုပ်သွားခဲ့သည်။
သားသိင်္ဂါလသည် ကရုဏာရှင် ဖခင်၏ နောက်ဆုံးမှာတမ်းစကားကို အသက်ထက်ဆုံး လိုက်နာဖို့ ဆုံးဖြတ်ခဲ့သည်။ သို့ဖြင့် တစ်နေ့သောအခါ သိင်္ဂါလသည် နံနက်စောစော အိပ်ယာမှထခဲ့သည်၊ ရေမိုးချိုးခဲ့သည်၊ ရာဇဂြိုဟ်မြို့ပြင်သို့ ထွက်ခဲ့သည်။ အဖေမှာထားခဲ့သည့်အတိုင်း အရပ်ခြောက်မျက်နှာတို့ကို ရှိခိုးနေခဲ့လေသည်။
ထိုနေ့ကား သိင်္ဂါလနေ့ဟုပင် ဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓ၏ဉာဏ်တော် ကွန်ယက်အတွင်း၌ သိင်္ဂါလလုလင်သည် ထင်ထင်ရှားရှား ပေါ်လွင်ခဲ့သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် နံနက်စောစော ရာဇဂြိုဟ်မြို့သို့ ခပ်စောစော ဆွမ်းခံကြွရန် ၀င်တော်မူခဲ့သည်။ ရာဇဂြိုဟ်မြို့ပြင်တွင် သိင်္ဂါလကို မြင်တော်မူလျှင် မြတ်ဗုဒ္ဓသည် သူရှိခိုးနေသော အရပ်ခြောက်မျက်နှာတို့၏ လျို့ဝှက်သင်္ကေတတို့ကို ဖေါ်ထုတ်ပေးတော်မူခဲ့လေသည်။ ထိုလျို့ဝှက်သင်္ကေတတို့သည် လူ့ဘောင်လောက လူနေမှုစနစ်ကြီး၏ အခြေခံ သဘောတရားကြီးပင် ဖြစ်လေသည်။ ထို့ကြောင့်ပင် အဋ္ဌကထာဆရာ အရှင်မဟာ ဗုဒ္ဓဃောသသည် သူ၏အဋ္ဌကထာ၌ အောက်ပါအတိုင် မှတ်ချက်ပေးခဲ့လေသည် -
"သိင်္ဂါလသုတ်တော်သည် လူနေမှုစနစ်ကြီး၏ ပြီးပြည့်စုံသော အခြေခံသဘောတရားဖြစ်သည်။ ထို့ကြောင့် ဤသိင်္ဂါလသုတ်တော်ကို လူ့ဝိနည်းဟုပင် ခေါ်ဆိုနိုင်ပေသည်။ မည်သူမဆို ဤလူနေမှုစနစ်အတိုင်း လိုက်နာကျင့်သုံးပါလျှင် ထိုသူ၏မိသားစုမှစ၍ သူနေထိုင်ရာပတ်ဝန်းကျင်၊ သူ၏ရပ်ကွက်၊ သူ၏မြို့ရွာ၊ သူ၏နိုင်ငံ မြေလက်ခတ်မလွဲ ကြီးပွါးတိုးတက် ချမ်းသာကြ မည်ဖြစ်သည်"
ဤမျှကောင်းမွန်သော လူနေမှုစနစ်ကြီး၏ အခြေခံသဘောတရားကြီးကို (တစ်နည်းအားဖြင့် လူကျင့်ဝတ် လူ့ဝိနည်း) ကို အောက်ပါအတိုင် သင်္ဂဇာဆရာတော်ဘုရားကြီးက မှတ်သားဖွယ် လင်္ကာများရေးလျက် သီကုံးတော်မူခဲ့လေသည်-
***အရှေ့ မိဘ၊ တောင်မှ ဆရာ
***နောက်မှာ သားမယား၊ မြောက်ကား မိတ်ဆွေ
***အောက်ခြေ ကျေးကျွန်၊ ထက်မွန်ရပ်ဖျား ရဟန်းများ
***ခြောက်ပါးရပ်မျက်နှာ-
ဟူ၍ အရပ်ခြောက်မျက်နှာတို့၏ လျို့ဝှက်သင်္ကေတတို့ကို စပ်ဆိုခဲ့လေသည်။

(မြတ်စေတနာဆိုဒ်မှတဆင့်တင်ပြသည်)

No comments:

Post a Comment