January 2, 2016

အသိနှင့် အကျင့်

🙏🙏🙏🙏🙏🙏🙏🙏🙏🙏
တစ်နေ့သောအခါဝယ် သောဏဒဏ္ဍ ပုဏ္ဏားကြီးသည် တပည့်အပေါင်း
နှင့်အတူ မြတ်စွာဘုရားထံမှောက် ရောက်ရှိလာကာဆွေးနွေးစကား
ပြောကြားလေသည်။ 
ပုဏ္ဏား 
သမဏလို့ ခေါ်ခြင်းရဲ့ အကြောင်းရင်းတွေကို သိလိုပါတယ် ဘုရား။ 
ဘုရား  
အမောင်တို့ဟာ အဘယ်အမျိုးအနွယ်များ ဖြစ်ကြပါသလဲ။ 
ပုဏ္ဏား 
ဗြဟ္မဏမျိုးဖြစ်ပါတယ်ဘုရား။ 
ဘုရား 
ဗြဟ္မဏလို့ခေါ်ရတဲ့ အခြေခံ အရည်အချင်းက ဘာတွေလဲ ပုဏ္ဏားကြီး။ 
ပုဏ္ဏား 
၁။ အမျိုးဇာတ် သန့်ရှင်းခြင်း၊ 
၂။ ဥပဓိရုပ် သပ်ရပ်တင့်တယ်ခြင်း၊ 
၃။ ဝေဒသုံးပုံ တတ်ကျွမ်းခြင်း၊ 
၎။ ကိုယ်ကျင့်သီလ ကောင်းခြင်းနဲ့  
၅။ ပညာတတ်ခြင်းဆိုတဲ့ အခြေခံအရည်အချင်း ငါးမျိုးရှိမှ ဗြဟ္မဏလို့ခေါ်ရပါတယ်ဘုရား။
ဘုရား 
အမျိုးဇာတ် သန့်ရှင်းခြင်းဆိုတဲ့ အချက်ကို လျှော့ပြီး ကျန်တဲ့ အရည်အချင်းလေးခုနဲ့ ဗြဟ္မဏ မဖြစ်နိုင်ဘူးလား။ 
ပုဏ္ဏား 
အမျိုးဇာတ်က အရေးမကြီးလှပါ။ ကျန်လေးခုရှိရင် ဗြဟ္မဏ 
ပဲပေါ့ဘုရား။ 
ဘုရား 
ဥပဓိရုပ် သပ်ရပ်တင့်တယ်မှု မရှိရင်ကော မဖြစ်ဘူးလား ပုဏ္ဏားကြီး။ 
ပုဏ္ဏား 
ဥပဓိရုပ် ကောင်းကောင်း၊ မကောင်းကောင်း ဝေဒသုံးပုံ 
တတ်ကျွမ်းမယ်၊ သီလနဲ့ ပညာလဲ ကောင်းမယ်ဆိုရင်
ဗြဟ္မဏ ဖြစ်နိုင်ပါတယ်ဘုရား။ 
ဘုရား 
ဒါဖြင့် ဝေဒသုံးပုံကိုဖယ်၊ သီလနဲ့ ပညာပဲရှိရင် ဗြဟ္မဏ မဖြစ်နိုင်ဘူးလား။ 
ပုဏ္ဏား 
ဖြစ်နိုင်ပါတယ်ဘုရား။ 
ဘုရား 
သီလနဲ့ ပညာ ဒီနှစ်ခုထဲက တစ်ခုခုကို လျှော့ရင်ကော
ဗြဟ္မဏဖြစ်နိုင်သေးလားပုဏ္ဏား။
ပုဏ္ဏား 
ဒီနှစ်ခု၊ ဘယ်ဟာကိုမျှ လျှော့လို့ မရတော့ပါဘုရား။ 
ဘုရား 
လူ့ ပြည်နတ်ရွာ လောကဓါတ် တစ်ခုလုံးမှာ အမျိုးဇာတ်ကို အမြတ်ထား ပြောလေ့ရှိကြတယ်။ မင်းကျင့်တရား ဆယ်ပါး
ကို ကျင့်နိုင်တဲ့အတွက် မင်းမျိုးဟာ အမြတ်ဆုံးဖြစ်တယ်လို့ 
ဆိုတယ်။ စင်စစ် ဘယ်အမျိုးကပဲဖြစ်စေ အသိပညာနဲ့  
ကိုယ်ကျင့်သီလ ပြည့်စုံသူသာအမြတ်ဆုံးဖြစ်ပေတယ်။ အသိနဲ့ အကျင့်ဟာ အဓိကအကျဆုံး လူ့ဘဝတန်ဖိုးပေပဲ။ 
သီလနဲ့ ပညာ ကင်းကွာသွားသူဟာ ဘယ်လိုမှ ကောင်းနိုင် 
ဖွယ်ရာ မရှိတော့ဘူး။ ပညာကို သီလနဲ့ တည်ဆောက်ရတယ်။ သီလကိုလဲ ပညာနဲ့ တည်ဆောက် ရမှာ ဖြစ်တယ် ပုဏ္ဏားတို့။ 
ပုဏ္ဏား 
အလွန်မှန်ကန် သင့်မြတ်လှပါတယ် အရှင်ဘုရား။ 
စာကိုး။   ဉာဏိဿရ၊ ဒေါက်တာအရှင်။ သီလအကျိုးပြ တရားတော်။  

No comments:

Post a Comment