December 14, 2015

အကျင့်သုံးပါး

မြတ်ဗုဒ္ဓသည် သစ္စာလေးပါး မြတ်တရား မဟောကြားမီ အကျင့်တရားသုံးပါးကို ဟောကြားတော်မူပါသည်။ အကျင့်တရား(၃)ပါးဟူသည်---
၁။ ကာမသုခလ္လိကနုယောဂအကျင့်
၂။အတ္တကိလမထာနုယောဂအကျင့်
၃။ မဇ္ဈိမပဋိပဒါအကျင့်တို့ဖြစ်ပါသည်။
ထိုအကျင့်သုံးပါးတို့တွင် မဇ္ဈိမပဋိပဒါ အကျင့်ကသာလျှင် သစ္စာလေးပါးမြတ်တရားကို ထိုးထိုးထွင်းထွင်း သိမြင်နိုင်စွမ်းရှိပါသည်။ ကျန်တရားနှစ်ပါးကား သစ္စာလေးပါးမြတ်တရားကို သိမြင်နိုင်ခြင်း၏ ဆန့်ကျင်ဘက်များ ဖြစ်ပါသည်။

ကာမသုခလ္လိကအကျင့်သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူဝတ်ကြောင်ပုဂ္ဂိုလ်များ၏ အကျင့်သာဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်များသည် ကာမချမ်းသာကို မိမိတို့စိတ်တိုင်းကျ ဖြစ်အောင် လှပသောအဆင်း၊ သာယာသောတီးမှုတ်သံ၊ မွှေးကြိုင်သောအနံ့၊ ချို၊ ငန်၊ ချဉ်၊ စပ်၊ ခါးစသည့်အရသာ၊ တစ်ယောက်နဲ့တစ်ယောက် တို့ကာထိကာ ပွေ့ဖက်ကာဖြင့် အမျိုးမျိုးသော ကာမချမ်းသာတို့ကို ခံစားကြလေသည်။ ထိုအကျင့်မျိုးတွေသည် ကာမစိတ်ကြိုက် အလိုလိုက်ပြီး ကျင့်ရသောကြောင့် ကာမသုခလ္လိကအကျင့်ဟု ခေါ်ပါသည်။

ယင်းအကျင့်များသည် လူပုဂ္ဂိုလ်ဖြစ်တဲ့ အိမ်သူအိမ်သားတွေရဲ့ အကျင့်များသာ ဖြစ်လေသည်။ ယုတ်မာညစ်နွမ်းသောကြောင့် တချို့အကျင့်များသည် လူလယ်ခေါင်၌ မကျင့်ရဲဘဲ စိတ်ကွယ်ရာ၌သာ ပြုကျင့်ကြရလေသည်။ အထက်တန်းကျသော အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်များ ဘယ်တော့မှ မကျင့်ကြတော့ချေ။ ဤအကျင့်များသည် ကာမရာဂ မကုန်သေးတဲ့ လူဂ္ဂိုလ်များအနေနဲ့ အကောင်းစား အမြတ်စားဟု ထင်ရသော်လည်း ကာမရာဂကုန်ခမ်းသွားကြတဲ့ လူပုဂ္ဂိုလ်များမှာတော့ စက်ဆုပ်ရွံရှာဖွယ်များသာ ဖြစ်လေသည်။ မစင်နွံထဲမှာ နေတဲ့ လောက်ကောင်သည် လောက်ဘဝတုန်းက မစင်ကို အကောင်းစား အမြတ်စားဟု ထင်ခဲ့သော်လည်း လောက်ဘဝက လွတ်မြောက်ပြီး လူ့အဖြစ်သို့ရောက်ရှိလာပါက ထိုမစင်အိမ်ကို စက်ဆုပ်ရွံမုန်းသကဲ့သို့ ဖြစ်ပါတယ်။

ထို့အတူ ကာမရာဂ မကုန်သေးသူတို့သည် လောကီအာရုံ ကာမဂုဏ်ကို အကောင်းစားကြီးဟု ထင်နေကြသော်လည်း ကာမရာဂ ကုန်ခန်းနေကြတဲ့ အနာဂါမ် ရဟန္တာကြီးတွေမှာတော့ ရွံရှာဖွယ်ဟုသာ မြင်နေပါတယ်။ ထို့ကြောင့် ကာမသုခလ္လိကာအကျင့်ကို ရသေ့ ရဟန်းသူတော်စင်များ ဝေးနိုင်သမျှ ဝေးအောင် ရှောင်ရှားကြလေတော့၏။

အတ္တကိလမထ အကျင့်
အတ္တကိလမထအကျင့်သည် ကိုယ့်ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲအောင်ကျင့်သော အကျင့်မျိုးဖြစ်ပါသည်။ ပုဂံခေတ်က အရည်ကြီးများကျင့်ခဲ့သော ရေငုပ် မီးလှုံ၊ တုံးခုန်၊ ဇယ်ခတ်စသော အကျင့်တွေသည်လည်း အတ္တကိလမထာအကျင့်များသာ ဖြစ်လေသည်။ ဤအကျင့်များသည် ဗုဒ္ဓမပေါ်မီကပင် ရှိခဲ့သော အကျင့်များပင် ဖြစ်ပါတယ်။ ဘုရားအလောင်းတော်သည်ပင် အစာမစား၊ ရေမသောက်၊ ထိုင်ရာမှ မထဘဲ မိမိခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနယ်ကြောင်းဖြစ်သော အတ္တကိလမထာအကျင့်ကို ကျင့်ခဲ့ဖူးသး၏။ တချို့အတ္တကိလမထာအကျင့် ကျင့်သူတို့၏စိတ်ဝယ် ဤခန္ဓာကိုယ်ကြီးကို ကိလေသာ အစိုဓာတ်၊ အစေးဓာတ်တွေ ထကြွသောင်းကြမ်းနေခြင်းမှာ တခြားကြောင့်မဟုတ်၊ ဤခန္ဓာကိုယ်ကြီး အသားအရေဝဖြိုး အလှတိုးနေသောကြောင့်သာဖြစ်၏ဟု ယူဆကြ၏။
သို့အတွက်ကြောင့် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်အောင်ဆိုပြီး အစားကို ခြိုးခြိုးခြံခြံ စားသောက်ကြ၏။ နွေလည်ခေါင်နေပူကျဲကျဲ၌ မီးဖိုတွေဖိုပြီးနေကြ၏။ တချို့ကတော့ ခန္ဓာကိုယ်ကို နာကျင်သည့်ဝေဒနာ ဖြစ်လာအောင် အမျိုးမျိုးနှိပ်ကြ၏။ ဤသို့ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ပြီး နာကျင်မှုဝေဒနာဖြစ်နေလျှင် ကိလေသာစိတ်တွေ မဖြစ်နိုင်ဟု ယူဆကြလေသည်။
ထိုအကျင့်မျိုးတွေသည် ကိလေသာကို စင်သွားအောင် ထုတ်ယူနိုင်စွမ်းမရှိပါ။ နာကျင်သည့်ဝေဒနာကို ခံစားရသည့်အခါ အေးသည့်ဝေဒနာကိုခံစားရသည့်အခါ ပူသည့်ဝေဒနာကို ခံစားရသည့်အခါ စသည့်အခါတွေမှာတော့ ခေတ္တခဏ မေ့ပျောက်ချင်မေ့ပျောက်သွားနိုင်သော်လည်း တစ်ခါတည်း အမြစ်ပြတ်သွားအောင် ပါးသွားအောင် ကုန်သွားအောင် ထုတ်ယူနိုင်စွမ်းမရှိပေ။ ထို့ကြောင့် ဒုက္ခရောက်သလောက် ခရီးမပေါက်သည့် ထိုအကျင့်မျိုးကို မြတ်ဗုဒ္ဓက တရားဦးဟောကတည်းက တားမြစ်တော်မူခဲ့ပါသည်။

မဇ္ဈိမပဋိပဒါအကျင့်
မဇ္ဈိမပဋိပဒါအကျင့်ဟူသည် ကာမချမ်းသာကို ခံစားသောလမ်းနှင့် မိမိကိုယ်ကို ဆင်းရဲဒုက္ခခံသော လမ်းနှစ်သွယ်၏ အလယ်တည့်တည့်လမ်းဖြစ်သည်။ ကာမချမ်းသာကို ခံစားသော လမ်းသည် စစ်မှန်အေးငြိမ်းသော အသိဥာဏ်ကို မရနိုင်သလို ကိုယ့်ကိုယ်ကို ပင်ပန်းဆင်းရဲအောင် ဒုက္ခခံသောလမ်းသည်လည်း စစ်မှန်အေးငြိမ်းသော အသိဥာဏ်ကို ဘယ်လိုမှ မရနိုင်ပါ။ ဘုရားအလောင်းတော်သည် ယသောဓရာနှင့်တကွ နန်းစည်းစိမ်ဟူသော ကာမချမ်းသာကို ပယ်ခွာခဲ့ပြီးလျှင် မိမိခန္ဓာကိုယ်ကို ပင်ပန်းကြောင်းဖြစ်သော အတ္တကိလမထာအကျင့်ကိုခြောက်နှစ်နီးပါး ကျင့်ခဲ့သော်လည်း တရားမရဘဲ အချိန်ကုန်လူပင်ပန်း ဖြစ်ခဲ့ရသည်။ ထို့ကြောင့် အတ္တကိလမထာအကျင့်ကိုစွန့်ပြီး မိမိငယ်စဉ်အခါက ခမည်းတော်နှင့်တကွ တိုင်းသူပြည်သားများ လယ်ထွန်မင်္ဂလာကျင်းပနေစဉ် ဧယင်ပုခက်ပေါ်၌ ပထမဈာန် ဝင်စားခဲ့ဖူးသည်ကို သတိရပြီး ထိုလမ်းစဉ်အတိုင်း ဆက်လက်ကျင့်ကြံ အားထုတ်တော့မှ ထူးခြားသောတရားကို သိ၍ မြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ထိုလမ်းကား မစ္ဈိမပဋိပဒါအကျင့်မှန်ပင်ဖြစ်တော့သည်။ အလောင်းတော်သည် ဘုရားဖြစ်ပြီးနောက် ပဉ္စဝဂ္ဂီငါးဦးအား တရားဦးဓမ္မစကြာဖြစ်သော သစ္စာလေးပါးမြတ်တရားကို ဟောကြားတော်မူခဲ့ပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


No comments:

Post a Comment