September 11, 2014

ပိန်းရွက်ပြတ်ကလေး။

ဂင်္ဂါမြစ်ဘေး တစ်ခုသော ကုက္ကိုပင်ရင်းတွင် သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားရဲ့
ရှေ့မှောက်သို့ မျက်ရည်ပြိုင်ပြိုင်စီးကျ  ငိုကြွေးနေတဲ့  နဂါးမင်းကြီး  ရောက်လာပါတယ်။
မျက်ရည်တွေစီးကျငိုကြွေးနေတဲ့ နဂါးကို ဘုရားကမေးပြီ။ ဘာဖြစ်လို့ ငိုရတာလဲကွယ်......။
         မှန်လှပါဘုရား... ဘုရားတပည့်တော်သည် လူဖြစ်ခဲ့ပါတယ်ဘုရား။ ရဟန်းဖြစ်ခဲ့ပါတယ်
ဘုရား။ နှစ်ပေါင်း နှစ်သောင်းတိုင်တိုင် ရဟန်းတရားတွေကို ကျင့်ကြံခဲ့ပါတယ်ဘုရား။ လူလည်း
ဖြစ်ပါလျက်၊ ရဟန်းဘ၀လည်း ရောက်ပါလျက်၊ ၀ိပဿနာတရားကို နှစ်ပေါင်း နှစ်သောင်းတိုင်
တိုင် ကျင့်ကြံခဲ့ပါလျက်.... ယခုတော့ တပည့်တော် အပါယ်ဘုံသား နဂါးဖြစ်နေပါတယ်ဘုရား..
အဲဒါကို တပည့်တော် တွေးတိုင်းတွေးတိုင်း စိတ်မကောင်းလို့ပါဘုရား... ငိုကြွေးမျက်ရည်ကျရ
ပါတယ်ဘုရား....
         ဘုရားရှင်က... “ဘယ်လိုဘ၀က ဘယ်လိုအကြောင်းတွေကြောင့် ဒီလိုဘ၀ ဖြစ်ရတာ
လဲ ကွယ်..... ပြောပြပါဦး...”
         ဟိုး...အတိတ်ဝေးစွာ ကာလတုန်းက ကဿပမြတ်စွာဘုရား ပွင့်ထွန်းခဲ့တဲ့အချိန် သာ
သနာတော်ကြီးတစ်ခုမှာ ဘုရားတစ်
ပည့်တော် ရဟန်းတော်လေးတစ်ပါး ဖြစ်ခဲ့ပါတယ်ဘုရား....
တစ်နေ့တော့ ဂင်္ဂါမြစ်ထဲမှာ သူငယ်ချင်းရဟန်းတစ်ပါးနဲ့ လှေကလေးကိုစီးပြီး ခရီးသွား နား
တဲ့အခိုက် မြစ်ကမ်းစပ်မှာ လှေကလေးရပ်ထားတော့ တပည့်တော်က လှေကလေးပေါ်ထိုင်ရင်း
လှေဘေးမှာ ပေါက်နေတဲ့ပိန်းရွက်ကလေးကို ကိုင်ထားလိုက်မိပါတယ် ဘုရား......
         အဲဒီအချိန်မှာ သူငယ်ချင်းရဟန်းက လှေကလေးကို ဗြုန်းကနဲ ထွက်လိုက်တော့...
တပည့်တော်လည်း အမှတ်တမဲ့ ပိန်းပင်လေးကို လက်ထဲက မလွှတ်မိလိုက်ဘူးပါ ဘုရား........
လှေကလေး ဗြုန်းကနဲထွက်လိုက်တဲ့အခါ ပိန်းရွက်ကလေးပြတ်ပြီးတော့ လက်ထဲမှာ ပါလာခဲ့
ပါတယ် ဘုရား......
         တပည့်တော်တို့ မြက် ပေါင်းပင်တို့ကို ရှင်းရင်၊ မြက် ပေါင်းပင်တို့ကိုခုတ်ရင် ပါစိတ်အာ
ပတ်သင့်ပါတယ် ဘုရား.......
         ဘုရားတပည့်တော်က ဒီ ပိန်းရွက်ပိုင်းကလေးအပြစ်က သေးသေးလေးပဲ ဘာမှမပြော
စလောက်ပဲ ဆိုပြီးတော့ ဘုရားတပည့်တော် သံဃာတော်အချင်းချင်း နှစ်ပါး ဒေသနာလည်း
မကြားမိလိုက်ဘူး၊ အာပတ်လည်း မဖြေမိလိုက်ပါ ဘုရား .....
         အနှစ် နှစ်သောင်းတိုငိတိုင် ရဟန်းဝတ်ဖြင့် ရဟန်းတရားတွေကို ကျင့်ကြံအားထုတ်ပြီး
သကာလ အသက်အရွယ်လေးကြီးလို့ အိုမင်းမစွမ်း ဖြစ်တဲ့အခါမှာ (မင်းအိုတော့ ငါလည်းမစွမ်း
နိုင်ဘူး) ကျန်းမာရေးမကောင်းလို့ အိပ်ယာထဲ ဘုံးဘုံးလဲ လျောင်းနေရတဲ့အခါမှာ ကုသိုလ်အ
လုပ်တွေကို သတိမရဘဲ ဘာမှမဟုတ်တဲ့ အမှတ်မထင်ပြုမိခဲ့တဲ့ ပိန်းရွက်ကလေးပြတ်တဲ့ အကု
သိုလ်သေးသေးလေးကို တပည့်တော် ပြန်သတိရပါတယ်ဘုရား..... ၊ ပြန်သတိရတော့ စိတ်မ
ကောင်းမှုတွေဖြစ်၊ အခုမှ ထပြီးတော့ အာပတ်ဖြေမယ်ဆိုတော့လည်း တပည့်တော်အနားမှာ
ရဟန်းသံဃာတွေ မရှိပါဘုရား.....၊ တပည့်တော် အိပ်ယာမှ ထပြီး ဒေသနာကြားဖို့ဆိုတာက
လည်း မလွယ်တော့ပါ ဘုရား.......၊ အိပ်ယာပေါ်မှာလဲလျက် ပိန်းရွက်ပြတ်ခဲ့တဲ့ အကုသိုလ်
အပြစ်ကိုဖြင့် တွေးရင်းတွေးရင်း စိတ်ပူခဲ့ရတဲ့ “ကုက္ကုစ္စ” ပြုမိခဲ့တဲ့ အကုသိုလ်တရားကို  တွေး
တိုင်းတွေးတိုင်း စိတ်မချမ်းသာ ဖြစ်ခဲ့ရပါတယ်ဘုရား.......၊
         ( သူတော်ကောင်အပေါင်း ဓမ္မမိတ်ဆွေတွေကလည်း သတိထားရမယ်၊ နေမကောင်းလို့
အိပ်ယာထဲ လဲပြီဆိုရင်၊ သတိရကြတာက ကိုယ်စွဲလန်းခဲ့တဲ့၊ စိတ်မချတဲ့ ကိစ္စတွေပါပဲ၊ အိမ်ကြီး
ကို စိတ်မချ၊ တိုက်ကြီးကို စိတ်မချ၊ ခြံဝင်းကြီးကို စိတ်မချ၊ ရွှေ ငွေ ရတနာတွေကို စိတ်မချ၊
သားတွေ သမီးတွေ ဇနီးမယားကို စိတ်မချဘဲ စွဲလမ်းပြီးတော့သေရင် ဒီအိမ်၊ ဒီတိုက်၊ ဒီခြံမှာပဲ
စွဲလမ်းရာပြန်ဖြစ်မှာပါ။)
         အဲဒီ စွဲလမ်းတဲ့စိတ်ကလေးနဲ့ ဘ၀ကို နိဂုံးချုပ်သွားတယ်။ အဲဒါကြောင့် ဂင်္ဂါမြစ်ထဲ  အ
ပါယ်ဘုံသား နဂါးဖြစ်ပါရတယ် ဘုရား....၊ ဂင်္ဂါမြစ်ထဲမှာ လှေကလေးစီး၊ ပိန်းပင်ကလေးကို
ကိုင်၊ ပိန်းရွက်ကလေးပြတ်တဲ့စိတ်ကလေး စွဲလမ်းပြီး သေသွားတော့ ဂင်္ဂါမြစ်မှာဖြစ်ခဲ့တဲ့ကိစ္စကို
စွဲတဲ့စိတ်ကြောင့် ဂင်္ဂါမြစ်တဲမှာ အပါယ်ဘုံသားနဂါး ဖြစ်ရပါတယ်ဘုရား ........
         အနှစ် နှစ်သောင်း ရဟန်းဘ၀ဖြင့် ကျင့်ကြံအားထုတ်ခဲ့သော်လည်း ဘာမှမပြောစ
လောက်တဲ့ အကုသိုလ်လေးက အပါယ်ဘုံကို ပို့ပေးပါတယ်။ ဒါကြောင့် တရားချစ်ခင် သူတော်
ကောင်းအပေါင်းတို့ကလည်း အကုသိုလ်ဖြစ်မယ့်ဟူသမျှကို ရှောင်ရှားကာ နေ့စဉ်နှင့်အမျှ မိမိ
တို့ သုံးစွဲနေကြတဲ့ ပစ္စည်းဥစ္စာတွေကို ရှာဖွေစုဆောင်းနေကြသလို သဒ္ဓါ၊ သီလ၊ ဟိရိ၊သြတ္တပ္ပ၊
သုတ၊ စာဂ၊ ပညာဆိုတဲ့ သူတောင်းကောင်းဥစ္စာ ၇ ဖြာကိုလည်း စုဆောင်းပြီး တရားဓမ္မနဲ့အညီ
ကျင့်ကြံအားထုတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
 { ၁၃၇၅ ခုနှစ်၊ ပြာသိုလဆုန်း ၁၀ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊  ဆရာစံ
   တောင်(စံပြ) ရပ်ကွက်၊ မင်္ဂလာသိဒ္ဓိလမ်း မိသားစုဓမ္မသဘင်၌ ဘဒ္ဒန္တ တေဇောသာရ
 (ချင်းတောင်တန်းသာသနာပြု) ဆရာတော်ဟောကြားသော“မဆုံသောလမ်း” တရားတော်မှ
                  ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
 (တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
   သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment