September 11, 2014

**ကာမလူသားမှသည် ဓမ္မလူသားအဖြစ်သို့**

လူသည် အရွယ်ရောက်လာသောကာလ ပညာစုံသည်ရှိသော် ကြင်ယာလည်း စုံချင်ကြသေး၏ ။ အရွယ်ရောက်လာသော လူတစ်ဦးအတွက် ပညာမစုံစေကာမူ ကြင်ယာတော့ စုံချင်ကြသေးသည်သာ ။ အကြောင်းမသင့်၍ အရွယ်လွန် လူပျိုကြီး ၊ အပျိုကြီးများ ဖြစ်ကြရသည့်တိုင် တခါတရံ ပျော်ရွှင်စရာကောင်းသော စုံတွဲ ၊ မိသားစုများကို မြင်လျှင် အတန်တော့ အားကျမိခဲ့ကြပေလိမ့်မည် ။
အဘယ်ကြောင့်ဆိုသော် လူရယ်လို့ဖြစ်လာပြီး မိမိဘဝကို မိမိစိတ်တိုင်းကျ ဖန်တီးနိုင်စွမ်းရှိလာပြီဆိုသည်နှင့်အမျှ ရှေ့ဦးစွာ တောင့်တမျှော်လင့်မိကြသည်မှာ သာယာဆိုပြေသော မိသားစုဘဝကလေးတစ်ခုပင် မဟုတ်ပါလော ။ ချစ်သူ ခင်ပွန်းရှာလိုသည် ။ ဇနီး ၊ မယား ၊ သမီး ၊ သားတို့နှင့်အတူတကွ သိုက်သိုက်ဝန်းဝန်း နေလိုသည် ။ ဒါသည်ပင် လောကဓမ္မအရ “ ကာမ” သဘောဖြစ်၏ ။ ထို့ကြောင့် လူသည် “ကာမ” ကို တောင့်တမြဲဖြစ်၏ ။ ဤ၌ “ကာမ” ဟူသည် မိမိတို့ဘဝတွင် ဇနီး ၊ မယား ၊ သမီး ၊ သားတို့နှင့်အတူတကွ သိုက်သိုက်ဝန်းဝန်း နေလိုသောသဘောကို ဆိုလိုခြင်းဖြစ်သည် ။
စာရေးသူကား လူပျို လူလွတ်တစ်ဦးသာဖြစ်သော်လည်း တခါတရံ၌မူ “လောက၌ လူရယ်လို့ ဖြစ်လာပါမူ မသေဆုံးခင် အချိန်လေးမှာ သစ်ပင်တစ်ပင် စိုက်ခဲ့ရမည် ၊ သားတစ်ယောက်မွေးပေးခဲ့ရမည်” ဆိုသော အယူအဆကို သဘောကျမိသယော
င် ဖြစ်တတ်ပါသေး၏ ။ သို့သော် မိမိမှာကား ဒုက္ခိတဖခင်ကြီးနှင့် အိုမင်းနေပြီဖြစ်သော မိခင်ကြီးကို စောင့်ရှောက်မှုပေးရသည်ကတစ်ကြောင်း တူ၊တူမများ၏ လိုအပ်ချက်တွေကို ဝိုင်းဝန်းဖြည့်ဆည်း ပေးနေရသည်လည်းတစ်ကြောင်း ထိုအကြောင်းများကြောင့်ပင် မိမိရင်နှင့်အမျှ ချစ်ရသောသူကိုပင် စွန့်လွတ်ခဲ့ရဖူးလေပြီ ။
သို့စဉ်ပင်ဖြစ်လင့်ကစား အမိ၊အဖ ညီအစ်ကို မောင်နှမ ၊ တူ၊တူမကလေးများနှင့် ကျေနပ်နေမိသည့် မိမိသည်လည်း “ကာမ” တည်းဟူသော တောင့်တခြင်း၌ အကျွမ်းဝင်သည်ဖြစ်ရာ ကာမဂုဏ်တောဝယ် နစ်မျောကာနေသော သူသာတည်း ။
စင်စစ်အားဖြင့် ကာမဂုဏ်ဟူသည်ကား ရွံ့ညွန်ကဲ့သို့ ညစ်နွမ်းသော သဘောရှိပါ၏ ။ ဒါကို မိမိအနေဖြင့် မသိ၍မဟုတ် သိပါ၏ ။ ထိုကာမဂုဏ်မှ လွတ်အောင်အားထုတ်လိုသော ဆန္ဒသည်လည်း ရှိပါ၏ ။ သို့သော် အခြေအနေနှင့် အချိန်အခါအရ လူ့ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်း၌နေသော် လူတို့ဆောင်ရာ လူ့ကျင့်ဝတ်ကိုတော့ လေးစားလိုက်နာရမည်ဟု ယုံကြည်မိပါ၏ ။
မိဘတို့သည် မိမိအား ရင်နှင့်လွယ်၍ အသက်ပေးကာ မွေးမြူစောင့်ရှောက်ခဲ့ရ၏ ။ အရွယ်ရောက်သော် သူတို့ပြုသင့်ရာ မိဘဝတ်ကို မချွတ်အောင်လဲ အခက်အခဲကြားက ပြည့်စုံစေခဲ့ကြလေ၏ ။ မိမိတို့ လူလားမြောက်အရွယ်ရောက်၍ မိဘတို့ အိုမင်းမစွမ်းရှိချိန်ရောက်မှ သားသမီးတို့ပြုရမည့် သားသမီးကျင့်ဝတ်ကို ပျက်ကွက်ခဲ့သော် အဘယ်မှာ လူဖြစ်မနာဘဲ ရှိပေအံ့နည်း ။
သို့သော်လည်း မိမိ၏သဘောမှာကား အကယ်၍ ကာမဂုဏ်ကို ရွံ့ညွန်ကဲ့သို့ ပမာနှိုင်းကြသော် လက်ရှိမိမိ၏ဘဝကိုလည်း ကြာပန်းကဲ့သို့ မှတ်ယူရပေလိမ့်မည် ။ အမှန်အားဖြင့် ကြာပန်းဟူသည် ရွံ့ညွန်မှကင်း၍ မဖြစ်ကောင်းသလို ဘဝဆိုတာလည်း ကာမဂုဏ်မှကင်း၍ မဖြစ်တန်ရာ ။ ကြာပန်းသည် ရွံ့ညွန်ထဲ၌ ပေါက်ရသော်လည်း ရွံ့ညွန်မကပ်မူ၍ သန့်စင်ပါမှ လှလည်းလှ၍ မွှေးလည်းမွှေးမည်ဖြစ်သည် ။
ထိုအတူ လက်ရှိမိမိ၏ဘဝအခြေအနေသည် မိဘညီအစ်ကို မောင်နှမ ၊ တူ၊တူမတည်းဟူသော ကိလေသာ ကာမဂုဏ်တောထဲတွင် ရှင်သန်နေရစေကာမူ ကာမဂုဏ်တို့ဖြင့် ကပ်ငြိမေ့လျော့ မနေပါမှ မိမိဘဝဟာ တင့်လည်းတင့်မည် ၊ မြင့်လည်းမြင့်မည်ဟု မှတ်ယူမိပါ၏ ။
ဤတွင် ဆရာတော်အရှင်ဆေကိန္ဒ၏ ဒဿနဆန်သော စကားကို ပြန်လည်အမှတ်ရမိပါသည် ။ “ ဆူညံသံများကြောင့် ကတ်ဆက်ကို ရိုက်ခွဲမပစ်လိုက်ပါနဲ့ .. အထဲက တိတ်ခွေကိုသာ အပြင်ထုတ်လိုက်ပါ” ဟူသောစကားပင်ဖြစ်၏ ။ မှန်၏ ။ လူတို့သည် ဆွေမျိုးမိဘ ၊ ဇနီး ၊ လင်သား ၊ သမီး ၊ သားတို့နှင့် အတူတကွ နေကြရငြားသော်လည်း “ကာမဂုဏ်” ကိုစွန့်ရာ၌ ထိုဆွေမျိုးမိဘ ၊ ဇနီး ၊ လင်သား ၊ သမီး ၊ သားတို့အား စွန့်ရမည်မဟုတ် ။
မိမိတို့ တကယ်တမ်း စွန့်ရမည့်အရာမှာ ကြာပန်းသည် ရွံ့ညွန်မှဖြစ်သော်လည်း ရွံ့ညွန်ကို မစွန့်မူ၍ ရွံ့ညွန်ဖြင့် မလိမ်းကျံစေဘဲ ရေပြင်၌ လှပမွှေးကြိုင်ဘိသကဲ့သို့ ၊ ဆူညံသောကတ်ဆက်ကို ဆူညံသံဖြစ်ပေါ်စေတတ်သော တိတ်ခွေကိုထုတ်၍ နားငြီးသက်သာရာ ရစေဘိသကဲ့သို့ ဆွေမျိုးမိဘ ၊ ဇနီး ၊ လင်သား ၊ သမီး ၊ သားတို့နှင့် တကူတကွနေသော်လည်း ၄င်းတို့အားမစွန့်မူ၍ ၄င်းတို့အပေါ်၌ သာယာနှစ်သက်အပ်သော တွယ်တာမှု “တဏှာ” စသော ကိလေသာတရားဆိုးတို့ကိုသာ စွန့်ပယ်ရမည်ဖြစ်ပါသည် ။
ဤအချက်ကို သဘောမပေါက်ခဲ့ပါလျှင် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဆုံးအမဖြစ်သော “ ဒကာ ၊ ဒကာမတို့ ..ခင်ဗျားတို့ဟာ သားလင်ခင်ပွန်း ဇနီးမယားစတဲ့ လူ့သံယောဇဉ် မဖြတ်ဘဲနဲ့တော့ ဘယ်နည်းနဲ့မှ တရားမရနိုင်ဘူးဆိုတာ သေသေချာချာမှတ်ထားစမ်းပါ” ဟုဆိုသောစကားကိုလည်း သဘောပေါက်နိုင်မည်မဟုတ်ပါချေ ။
ယခုဆောင်းပါးမှာ မိမိအကြောင်း မိမိပြောနေခြင်းမျှသာဖြစ်သော်လည်း စာဖတ်သူများအနေဖြင့်လည်း “ သြော်..လက်စသတ်တော့ တို့အကြောင်းပြောနေတာပါလား” ဟူ၍ ဆင်ခြင်ဥာဏ်သက်ဝင်နိုင်ကြကုန်လျက် လောဘ ၊ ဒေါသ ၊ မောဟ ၊ မာန ၊ ဣဿာ ၊ မစ္ဆရိယ ၊ အဘိဇ္ဈာ ၊ ဗျာပါဒ စတဲ့ ကိလေသာတရားဆိုးတွေကို နေ့စဉ်နဲ့အမျှ ပါးသည်ထက်ပါး ၊ နည်းသည်ထက်နည်းအောင် သတိထားရှောင်ရှားကြခြင်းဖြင့် မိမိတို့တတွေသည် ဘဝရခဲ့တဲ့ ဘဝထဲမှာ “ကာမလူသား” အဖြစ်မှ ရှောင်ရှားကာ “ဓမ္မလူသား” ဖြစ်အောင် အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်..
မိတ်ဆွေများ ချမ်းသာကြပါစေ
မောင်အေးချမ်း

No comments:

Post a Comment