October 20, 2014

**မင်းရဲ့အလှက ဘယ်သူဖန်ဆင်းပေးတာလဲ**

"အို.. အမောင်နတ်သားတို့ ဤနတ်သမီးသည် ကျွန်ုပ်၏ပိုင်နက်ဖြစ်သော နယ်နမိတ်၏အစပ်၌ တည်လာသောကြောင့် ကျွန်ုပ်၏အလုပ်အကျွေးသာဖြစ်သင့်ပါ၏။ အို.နတ်သမီး သင်ကား အများနှင်မတူ တမူဆန်ပြား အလှကြီး လှရက်ပါပေ၏ ။ ‪#‎သင်နတ်သမီးအားဤမျှလောက်ချောမောလှပစေရန်မည်သူကဖန်ဆင်းပေးခဲ့လေသနည်း‬* ။ ကျွန်ုပ်သည် သင်နတ်သမီးကို မြင်သောကာလ ထိုခဏ၌ပင် စစ်ချီရာတွင် တီးခတ်သော စည်ကြီးကဲ့သို့ ရင်တွင်း၌ တဒုန်းဒုန်းတုန်ဟီးကာ နေပါတော့၏"။
အလောတကြီးပြောလာသော ပထမနတ်သား၏ စကားကိုကြားရသော် ဒုတိယနတ်သားက " အသင်နတ်သား ဤသို့မဆိုသင့်ပါ ။ ဤနတ်သမီးကား ကျွန်ုပ်၏ဘုန်းကံအလျောက် ပေါ်ပေါက်လာသော ကျွန်ုပ်၏အခြံအရံနတ်သမီးသာ ဖြစ်ပါ၏။ ထို့ကြောင့် ကျွန်ုပ်သာလျှင် ရထိုက်ပါ၏။ ကျွန်ုပ်သည် ဤနတ်သမီးကို တွေ့စ၌ပင် အရှိန်အဟုန်ဖြင့် စီးကျလာသော ရေတံခွန်မှ ရေစီးသံကဲ့သို့ ကျွန်ုပ်၏ရင်ခုန်သံတို့သည် တဝုန်းဝုန်းဖြစ်၍ နေပါတော့၏" ဟုဆိုလေ၏။
တတိယနတ်သားကလည်း "အသင်နတ်သားတို့ သင်တို့သာ ဤသို့ဖြစ်ကြသည်မဟုတ် ။ ကျွန်ုပ်သည်လည်း ဤနတ်သမီးကို မြင်သောအခိုက်၌ပင် စစ်တံခွန်တွေ လေအလွင့်မှာ တလွှင့်လွှင့်ဖြင့် လှုပ်ခတ်သကဲ့သို့ ရင်ထဲမှာလည်း တလှပ်လှပ်ဖြင့် ခံစားရပါ၏။ ကျွန်ုပ်ကိုသာ ပေးပါလော့"။
စတုတ္ထနတ်သားကမူ "နတ်မင်းတို့.. သီးခံကြပါဦး။ ကျွန်ုပ်သည်လည်း ဤနတ်သမီး၏အလှကို မြင်စသော်က ကြည့်ရှု၍မဝနိုင်သဖြင့် ကျွန်ုပ်၏မျက်လုံးများသည် ပုဇွန်၏မျက်လုံးကဲ့သို့ပင် အပြင်သို့ပြူးထွက်လျက်နေရာ မျက်လုံးအိမ်အတွင်းသို့ ပြန်သွင်းဖို့ပင် အခက်တွေ့နေရပါပြီ ။ ကျွန်ုပ်ကိုသာ ပေးကြပါလော့" ။
နတ်သားလေးဦးတို့သည် မိမိတို့၏ပိုင်န
က်အစွန်အဖျား လေးဦးတို့ဆုံရာအရပ်၌ ဗိဗ္မာန်နှင့်တကွပေါ်လာသော နတ်သမီးအသစ် အချောအလှကလေးအား သူပိုင်သင့်သည် ။ ငါ ရထိုက်သည် စသည်ဖြင့် အဝေမသင့် ငြင်းခုန်ကြရာမှ မည်သူကနတ်သမီး၏ အရှင်သခင်ဖြစ်သင့်သည်ကို ဆုံးဖြတ်ပေးရန်အတွက် နတ်သမီးကို တပါတည်းခေါ်ဆောင်၍ သိကြားမင်း၏ရှေ့သို့ဝင်ပြီးလျှင် နတ်သမီးနှင့်ပတ်သတ်၍ မိမိတို့၏ ခံစားချက်များကို အထက်ကအတိုင်း အသီးသီးပြောဆိုကြလေကုန်၏။
ထိုအခါ သိကြားမင်းလည်း "အမောင်နတ်သားတို့ ခဏနေကြပါဦး ။ သင်နတ်သားတို့သည် နတ်သမီးကိုမြင်သောကာလ ဤသို့ ဤပုံဖြစ်ကြသည်ကား တော်ပေသေး၏။ ကျွန်ုပ်သိကြားမှာမူကား ဤနတ်သမီးကို မြင်ကာမျှဖြင့်ပင် မရပါလျှင်သေဖို့ရန်သာ ရှိချိမ့်ပေအံ့" ဟုဆိုသော် နတ်သားလေးဦးလည်း မိမိတို့၌ငါးရာစီသော အခြံအရံနတ်သမီးတို့ ရှိနှင့်ပြီးဖြစ်ရကား သိကြားတော့ အသေမခံလိုဟု နှလုံးပိုက်ကြ၍ နတ်သမီးအား သိကြားလက်သို့သာ အပ်ရလေတော့သတည်း ။
။ ။ ။ ။ ။ ။ ။ ။ ။ ။
မှန်ပါ၏ ။ ရောဟိဏီနတ်သမီးကား အလွန်လှပ၏ ။ အဆင်းအရောင်အားဖြင့်လည်း လွန်စွာရှုချင်စဖွယ်ဖြစ်ရကား နတ်သမီးများစွာရှိကြသော နတ်သားများတွင်မက နတ်တို့ဘုရင်ဖြစ်သော သိကြားမင်းသည်ပင်လျှင် မြင်ဆဲကာလ "မရသော်သေရအံ့" ဟု ဖြစ်ခဲ့ရ၏။ တာဝတိံသာနတ်ပြည်ရှိ နတ်သမီးများထက်ပင် ထူးထူးခြားခြား လှရက်ပါပေသော *ထိုနတ်သမီးအား အဘယ်ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့ပါသနည်း* ။
အကြောင်းရင်းကို တွက်ချင့်၍ကြည့်လေသော် ဤ(၃၁)ဘုံ၌ ကျင်လည်နေကြရသော သတ္တဝါတို့အား ထင်ရှားဖြစ်ပေါ်စေရန် ဖန်ဆင်းမှုပြုခဲ့သောအရာကား ဧကန်ရှိရမည်ဟု ကျွန်ုပ်ယုံကြည်၏။ သမ္မာကျမ်းစာနှင့်ကုရ်အန်ကျမ်းတို့တွင် ဤလောကရှိ သက်ရှိသက်မဲ့ အရာအားလုံးကို ထာဝရဘုရားသခင်ကသာ ဖန်ဆင်းတော်မူ၏ဟုသိခဲ့ရ၏။
ဗြဟ္မဏဟိန္ဒူဘာသာတို့၏ အယူဝါဒ၌ကား မဟာဗြဟ္မာကြီးမှ ဖန်ဆင်းသည်ဟူ၍လည်း သိရ၏။ ဗုဒ္ဓဝါဒ၌ကား မသိမှုအဝိဇ္ဇာကို အကြောင်းခံ၍ လိုချင်တပ်မက်မှုတည်းဟူသော တဏှာ ၊ စွဲလမ်းမှုဥပါဒါန်နှင့်တကွဖြစ်သော သင်္ခါရအကြောင်းတရားတို့ကြောင့်သာ ရုပ်၊နာမ် ခန္ဓာများဖြစ်ပေါ်လာရ၏ဟု ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ထောက်သဖြင့်သိခဲ့ရ၏။
မည်သို့ပင် ဖြစ်စေ ၊ ယခု ရောဟိဏီနတ်သမီး၏ အလှကြီးလှရသော ဘဝကိုပိုင်ဆိုင်ခွင့်ရခဲ့သည်မှာ ထာဝရဘုရားသခင်နှင်ံ့ မဟာဗြဟ္မာကြီးတို့၏ ဖန်ဆင်းမှုကြောင့် ဖြစ်လာခြင်း မဟုတ်သည်ကတော့ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ထိုရောဟိဏီနတ်သမီးသည် သူ၏လာရာဘဝကို ပြန်ပြောင်း၍ ကြည့်မြင်တတ်သော ဉာဏ်ပါခဲ့သောကြောင့်ပင်ဖြစ်ပါ၏ ။ မှန်ပေ၏ ။ နတ်ပြည်၌ ဥပပတ္တိပဋိသန္ဓေဖြင့် ထင်ရှားဖြစ်ပေါ်၍ လာကြရသော နတ်တို့သည် မည်သည့်ကောင်းမှုကြောင့် ဤသို့နတ်ပြည်၌ ဖြစ်ရသနည်းဟု ဆင်ခြင်လေ့ရှိသည် မဟုတ်ပါလော ။
ရောဟိဏီနတ်သမီးသည် အဘယ်ကြောင့် တခြားသောနတ်သမီးတို့ထက် ထူးထူးခြားခြား အလှကြီးလှ၍ ရွှေဗိဗ္မာန်ကြီးနှင့်တကွ ဖြစ်ရသနည်း ။ မည်သည့်အရာက သူ့အား ထိုဘဝသို့ရောက်အောင် ဖန်ဆင်းခဲ့ပါသနည်း ။ ဤမေးခွန်းကို နောက်ဆက်ရေးမည့် အကြောင်းအရာတို့ကို ဖတ်ရှုခြင်းဖြင့် မိတ်ဆွေကိုယ်တိုင် သဘောပေါက်နိုင်ပေလိမ့်မည် ဖြစ်ပါ၏ ။ အကြောင်းကား ဤသို့တည်း ။
ရောဟိဏီသည် ဤနတ်သမီးဘဝ၌ မဖြစ်မီ ရှေးအဖို့ဘဝ၌ သကျသာကီနွယ်မျိုး အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး၏ နှမတော် တော်စပ်ခဲ့ဖူးလေ၏ ။ ရောဟိဏီမင်းသမီးဟု အမည်ရှိပေ၏ ။ ထိုရောဟိဏီမင်းသမီးသည်ကား မင်းသမီးဖြစ်လျက်ပင် ခန္ဓာကိုယ်၌ ကုဋ္ဌနူနာရောဂါစွဲကပ်သူဖြစ်ရာ မိမိနူနာရောဂါသည်၏အဖြစ်ကို ရှက်လှသဖြင့် လူသူရှေ့သို့ မထွက်ဝံ့ ။ အခန်းအောင်း၍သာ နေရသောဘဝဖြစ်ခဲ့ရ၏ ။ ထိုကဲ့သို့ နူနာရောဂါသည်ဘဝသို့ ရောက်အောင်လည်း မည်သူက ဖန်ဆင်းပေးခဲ့လေသနည်း ။ အဖြေကား သူမကိုယ်တိုင် ဖန်ဆင်းခဲ့ခြင်းဖြစ်ပါ၏ ။ ရောဟိဏီသည် အတိတ်က ဗာရာဏသီမင်း၏ မိဖုရားဖြစ်ခဲ့ဖူး၏ ။
ရှင်ဘုရင်သည် လှပသောကချေသည် အမျိုးသမီးတစ်ဦးကို စုံမက်နှစ်သက်၍ နေလေ၏ ။ ထိုအကြောင်းကို သိသောမိဖုရားသည် ကချေသည်အမျိုးသမီးအား နန်းတွင်း၌မနေနိုင်အောင် အနုနည်း ၊ အကြမ်းနည်းဖြင့် နှင်သော် မရသည့်အဆုံး ထိုကချေသည်အမျိုးသမီး၏ အိပ်ယာနေရာ ၊ အဝတ်အစားတို့အား ခွေးလှေးယားသီးအမှုန့်များဖြင့် သုတ်လိမ်းစေ၏ ။ ထိုအဝတ်အစား အသုံးအဆောင်တို့ကို ကချေသည်အမျိုးသမီး ဝတ်ဆင်အသုံးပြုလေသောကာလ ယားယံသဖြင့် ကုတ်ဖဲ့ပွတ်သပ်ရင်း ဒါဏ်ရာအနာတရတို့ ဖြစ်ကြသဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ရလေတော့၏ ။
ထိုမကောင်းမှုအကုသိုလ်ကံ၏ အကျိုးဆက်အဖြစ် ယခုအခါ ရောဟိဏီမင်းသမီး၏ကိုယ်တွင် ကုဋ္ဌနူနာများစွဲကပ် ဖြစ်ပွားရခြင်းပင်တည်း ။ ထို့ကြောင့် ရောဟိဏီမင်းသမီးအား ကုဋ္ဌနူနာသည်ဘဝရောက်အောင် ဖန်ဆင်းပေးခဲ့သော ဖန်ဆင်းရှင်သည် အတိတ်ကာလက သူမကိုယ်တိုင်ပြုလုပ်ခဲ့သော မနာလိုဝန်တိုစိတ်နှင့်တကွ သူတစ်ပါး၏အလှတရားကို ပျက်စီးအောင်ပြုမိသော အကုသိုလ်ကံပင် ဖြစ်ပေတော့၏ ။ အကုသိုလ်ကံကို ပြုမိ၍ အကုသိုလ်မှန်းသိသော် ထိုအကုသိုလ်ကံ၏အကျိုးပေးကို ရပ်တန့်စေရန်(သို့) ပျောက်ကင်းစေရန်အလို့ငှာ ကုသိုလ်အလုပ်တို့ဖြင့် အစားထိုးလဲလှယ်ကြရ၏ ။
ဤကား ကံလမ်းကို ဉာဏ်အစွမ်းဖြင့် ဝီရိယစိုက်၍ ပြောင်းလဲယူခြင်းဖြစ်၏ ။ ဤသဘောကို ကောင်းစွာသိမြင်တော်မူသော အရှင်အနုရုဒ္ဓါကိုယ်တော်ကြီးသည် နှမတော်ရောဟိဏီမင်းသမီးအား မိမိ၌ရှိသော ကိုယ်ပိုင်ပစ္စည်းများအား ရောင်းချအရင်းအနှီးပြုကာ ကျောင်းကြီးတစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းမှုပြုစေခဲ့၏ ။ ရောဟိဏီမင်းသမီးကလည်း အစ်ကိုတော် အရှင်မြတ်ကြီး ခိုင်းသည့်အတိုင်းပင် မိမိ၏လက်ဝတ်လက်စား ရွှေ၊ငွေ ၊ကျောက်မျက်ရတနာများကို ထုခွဲရောင်းချက သံဃာကိုရည်မှတ်၍ ကျောင်းကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့၏ ။
ထိုကျောင်းကြီး ဆောက်လုပ်ရာတွင်လည်း နေ့စဉ်မပြတ် ကာယကံကုသိုလ်အားဖြင့် တံမြက်လှည်းခြင်း ၊ ကြမ်းတိုက်ခြင်း ၊ အမှိုက်များရှင်းလင်းခြင်း ၊ ကုဋီအိမ်သာများ ဆေးကြောခြင်း ၊ သောက်ရေအိုးများကို ရေသစ်လဲပေးခြင်း စသည် ဝေယျာဝစ္စကုသိုလ်များကို နိစ္စမပြတ် ပြုလုပ်၍ တဖက်ကလည်း ဝိပဿနာ`ဉာဏ်ဖြင့် မပြတ်ဆင်ခြင်နှလုံးသွင်းနေလေ့ရှိရာ မကြာခင်မှာပင် သူမ၏ကိုယ်၌ရှိသော နူနာရောဂါတို့သည် သိသိသာသာ လျော့ပါး၍ လာပေတော့၏ ။
ကျောင်းကြီးပြီးစီး၍ ရေစက်ချလှူဒါန်းသောကာလ ဘုရားရှင်၏အနုမောဒနာတရားတော်ကို နာကြားရသောအခါတွင် ဝမ်းမြောက်ခြင်းပီတိတို့နှင့်အတူ ခန္ဓာအရှိကို ဉာဏ်သတိဖြင့် ရှုမြင်မိလေသောကြောင့် တရားနာကြားရင်းကပင် သောတာပန်စခန်းသို့ တက်လှမ်းခဲ့လေတော့၏ ။ ထူးခြားသည်မှာ အရင်က ကုဋ္ဌနူနာစွဲကပ်၍ ညစ်နွမ်းကာနေသော သူမ၏ခန္ဓာကိုယ်သည် ဘုရားရှင်ဟောကြားသော တရားတော်၏အဆုံး၌ သောတာပန်တည်လျှင်ပင် အနာရောဂါတို့ လုံးဝကင်းစင်သွားတော့၏ ။ အနာမရှိသော ထိုကာလ၌ ရောဟိဏီမင်းသမီးသည် ရှေးကထက်ပိုကဲ၍ လှပချောမောကာ ကိုယ်ရောင်ကိုယ်ဝါတို့သည်ပင် ထွက်သောဟူသတည်း ။ ဤကား ပစ္စက္ခ၌ပြုအပ်သော ကံ ၊ ဉာဏ် ၊ ဝီရိယတို့၏ အစွမ်းသတ္တိပေတည်း ။
ထိုရောဟိဏီမင်းသမီးသည် ထိုဘဝမှ သေလွန်သော် တာဝတိံသာနတ်ပြည်ရှိ နတ်သားလေးဦးတို့ ပိုင်နက်အလယ်တွင် ရွှေဗိဗ္မာန်ကြီးနှင့်တကွ အင်မတန်ချောမောလှပသော နတ်သမီးတစ်ပါး ဖြစ်ရလေတော့၏ ။ ဤဝတ္ထုအကြောင်းကို ထောက်သောအားဖြင့် ရောဟိဏီမင်းသမီးအား နူသောကိုယ်မှ နုသောကိုယ် ၊ မလှသောကိုယ်မှ ၊ လှသောကိုယ်ဖြစ်အောင် ဖန်တီးပေးခဲ့သော ဖန်ဆင်းရှင်ကား ထာဝရဘုရားသခင်လော ၊ မဟာဗြဟ္မာကြီးပေလောဟု မေးစရာပင်မလိုတော့ချေ ။
အမှန်စင်စစ် ရောဟိဏီမင်းသမီးအား ကုဋ္ဌနူနာရောဂါဖြင့် မလှမပ လူတောမတိုးဝံ့အောင် ဖန်ဆင်းခဲ့သူသည်လည်း သူမပြုခဲ့သော အကုသိုလ်(ကံ၊ဉာဏ်၊ဝီရိယ)တို့သာဖြစ်၍ နတ်တို့ဘုရင် သိကြားမင်းသော်မှ "မရလျှင် သေရပါတော့မည်" ဟု မြည်တမ်းရလောက်အောင် ချောမောလှပနိုင်လွန်းသော ထိုနတ်သမီး၏အလှကိုလည်း ကုသိုလ်(ကံ ၊ ဉာဏ် ၊ ဝီရိယ)ဟူသော အကြောင်းတရားတို့က စီမံဖန်ဆင်းပေးခဲ့ခြင်းသာ ဖြစ်ပါ၏ ။ ထို့ကြောင့် လောက၌ပြောနေကြသော ဖန်ဆင်းရှင်တို့တွင် မိမိတို့၏ တကယ့်ဖန်ဆင်းရှင်အစစ်ကို အောက်ပါကဗျာလေးက ထင်ရှားအောင် မီးမောင်းထိုးပြနေတော့၏ ။ ။
♕ ဖန်ဆင်းရှင် ♕
❦ သားတို့ သမီးတို့ စဉ်းစားပါ
အရမ်းတော့ မယုံစေရာ ။
❦ စာမေးပွဲမှာ အောင်လိုက
စာကြိုးစားလိုက်ကြ ။
❦ ဇွဲ ၊ လုံ့လနဲ့အရင်းခံ
ကြိုးစား အချိန်မှန်မှန် ။
❦ ထိုသူ ဧကန် ချမ်းသာပွား
ပညာ စီးပွား ကောင်းကျိုးများ ။
❦ မကြိုးစားပဲအပျင်းထူ
ဆုပဲတောင်းနေသူ ။
❦ ကယ်မည့်သူ ဘယ်မရှိ
သေချာ ဒုက္ခရောက်မည်သိ ။
❦ ကိုယ်၏စွမ်းအား ကိုယ်ကိုးပါ
သေချာ ကြီးပွားတိုးတတ်မှာ ။
❦ ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား
ကောင်းကျိုးလိုလား ကျင့်စေသား ။
❦ ကံ ၊ ဉာဏ် ၊ ဝီရယစွမ်းအင်များ
“ဖန်ဆင်းရှင်” လို့မှတ်ယူထား ။
*ကဗျာကို မေတ္တာရှင်ဆရာတော်၏ဖန်ဆင်းရှင်သုံးဦး* မှထုတ်နှုတ်သုံးစွဲထားပါသည် ။
စာဖတ်သူများ ချမ်းသာကြပါစေ
မောင်အေးချမ်း

No comments:

Post a Comment