May 27, 2014

လောကကြီးကို အလေးထားပါ။

လောကလူတွေက ကုသိုလ် လုပ်ဖို့ထက် အကုသိုလ်လုပ်ဖို့က ပိုလွယ်ကြပါတယ်။
လွယ်တဲ့အခါကျတော့ ဆိတ်ကွယ်ရာလို့ ထင်ပြီဆိုရင် အကုသိုလ်ဘက်ကို စဉ်းစားကြပါတယ်။
အများစုက ဘယ်သူမှမရှိဘူး ဆိုလို့ရှိရင် မကောင်းတဲ့ဘက်ကို စဉ်းစားကြတယ်၊ “ ဘယ်သူမှ
မရှိဘူး၊ ငါ တရားထိုင်မယ် ” ဆိုတာ အနည်းစုသာရှိပါမယ်။ အင်မတန်မှနည်းပါတယ်။  ဒီတော့

အများစုက မကောင်းတာလုပ်ဖို့ စဉ်းစားကြပါတယ်။ ဘာဖြစ်လို့ မကောင်းတာ လုပ်သလဲဆိုရင်
သူ့စိတ်ထဲမှာ ဆိတ်ကွယ်ရာလို့သတ်မှတ်လိုက်ကြပါတယ်။ “ ငါလုပ်တာ ဘယ်သူမှမသိဘူး၊ ငါ
လုပ်ချင်တာ လုပ်လို့ရပြီ ” လို့ ထင်ပြီးတော့ အဲဒီလို လုပ်လေ့ရှိတတ်ကြပါတယ်။
         အဲဒီမှာ ကိုယ့်ကိုယ်ကို စဉ်းစားရမှာက “ ဘယ်သူမှ မသိပေမယ့် ငါသိတယ် ” လောကမှာ
မဟုတ်တာလုပ်ရင် ကျန်တဲ့လူတွေ ဘယ်သူမှမသိဘူးဆိုပေမယ့် ငါသိတယ်နော်၊ ဒီတော့ ငါသိ
နေရင်ကို သိတဲ့သူရှိနေပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်သိရင်ပဲ အကုသိုလ်ဟာ မလုပ်သင့်ပါ။
         ဒါကြောင့်မို့ “ နတ္ထိလောကေ ရဟော နာမ
ပါပကမ္မံ ပကုဗ္ဗတော ”၊ “ အကုသိုလ်အမှုပြု
လုပ်တဲ့ပုဂ္ဂိုလ်မှာ ဆိတ်ကွယ်ရာဆိုတာ မရှိပါဘူး ” တဲ့။ ဘာဖြစ်လို့ ဆိတ်ကွယ်ရာဆိုတာ မရှိတာ
တုန်းဆိုရင် “ အတ္တာ တေပုရိသ ဇာနာတိ ” တဲ့။ ကိုယ့်ကိုယ်ကိုပဲ သိနေတာပဲတဲ့၊ ဘယ်လိုလုပ်
ဆိတ်ကွယ်မှာလဲတဲ့။ “ သစ္စံ ၀ါ ယဒိ ၀ါမုသာ ” ကိုယ်လုပ်တာ ဟုတ်တယ် မဟုတ်ဘူး ကိုယ်သိ
တယ်လေ၊ ကိုယ်သိနေကတည်းက ကိုယ့်ကိုယ်ကို ရှက်စရာကြီး ဖြစ်နေပြီပေါ့။ ဒါကြောင့်မို့လို့
ကိုယ်ကိုယ်ကို သိနေတဲ့ မကောင်းမှုကိုလည်း မလုပ်သင့်ဘူးတဲ့။ အကောင်းဆုံးသက်သေက
ကိုယ့်ကိုယ်ကိုပဲ ကိုယ်အသိဆုံးပဲ။ ကိုယ်လုပ်တာ ကိုယ်အသိဆုံးပါပဲ။
         နောက်တစ်ခုကျတော့ “ လောကံယေ၀ အဓိပတိံ ကတွာ ” ကိုယ့်ပတ်ဝန်းကျင်ကို ဆင်
ခြင်စဉ်းစားပါ။ “ လောကကြီးမှာ ငါတစ်ယောက်တည်းနေတာ မဟုတ်ပါ။ ငါမဟုတ်တာလုပ်ရင်
ငါလုပ်တာတွေ တစ်နေ့ကျတော့ ပေါ်လိမ့်မယ်၊ သို့မဟုတ် လောကကြီးမှာ တန်ခိုးရှင်တွေရှိတယ်၊
အဲဒီတန်ခိုးရှင်တွေက သူများစိတ်ကို သိနိုင်တယ်၊ ဖုံးကွယ်တယ်လို့ထင်ပေမယ့် သူတို့က မြင်နိုင်
စွမ်းရှိကြတယ်၊ သူတို့မြင်သွားလို့ရှိရင် ငါလုပ်တဲ့ အလုပ်တွေဟာ ရှက်စရာကြီးပဲ၊ အရှက်ကွဲလိမ့်
မယ်။ လောကကို အကြီးအမှူးထားလို့၊ အလေးထားလို့ .. ငါ မဟုတ်တာလုပ်ရင် ငါ့အမေအရှက်ရ
လိမ့်မယ်၊ ငါ့အဖေ အရှက်ရလိမ့်မယ်၊ ငါ့ရဲ့မိသားစု အရှက်ရလိမ့်မယ်၊ ငါ့ရဲ့ဆွေမျိုးသားချင်းတွေ
ငါ့မိတ်ဆွေတွေ အရှက်ရလိမ့်မယ် ” လို့ ဆင်ခြင်စဉ်းစားရပါမယ်။
           ဒါကြောင့်မို့ “ အတ္တာနံ ယေ၀ အဓိပတိံ ကတွာ ” ကိုယ့်ကိုယ်ကို အလေးထားဆင်ခြင်
စဉ်းစားပြီးတဲ့အခါမှာ အကုသိုလ်တွေဖယ်ဖို့ ကြိုးစားရပါမယ်။ ကုသိုလ်တရားတွေ ပွားများအား
ထုတ်ဖို့ ကြိုးစားရပါမယ်လို့ နားလည်သဘောပေါက်ကြပြီး တရားထူး တရားမြတ်ရကြပါစေ
ကုန်သတည်း။ ။
 {သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၆)ရက်၊
(၂၅-၁-၂၀၁၂) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊
ကေတုမာလာရိပ်သာ မိသားစုတို့၏ ပဉ္စမအကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်
အခမ်းအနား၌  အရှင်နန္ဒမာလာဘိဝံသ( Ph,D) ဟောကြားသော " အလေးထား၍ စဉ်းစားဆင်ခြင်
ကောင်းအောင်ပြင် "တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment