October 8, 2016

သာသနာပြုအဓိပ္ပါယ်


သာသနာပြုဆိုင်းဘုတ်က ဒီကနေ့မြန်မာပြည်မှာ သိပ်ပြီးထွန်းကားနေတယ်။
ဟိုကလည်းသာသနာပြု ဒီကလည်းသာသနာပြုနဲ့။
ဒီကနေ့ခေတ်မှာ အဲဒါကိုကြည့်ကြရအောင်။

သာသနာဆိုတာ ဘယ်လိုလဲ…???
ဘယ်လိုပြုတာကိုမှ သာသနာပြုတယ် ခေါ်သလဲ…???
ဒါ စဉ်းစားဖို့အချိန်ကျရောက်လာပြီ။

ဘုရားပြင်တဲ့ပုဂ္ဂိုလ်တွေကလည်း သာသနာပြုတယ်ပြောတာပဲ။
အဝတ်ဖြူကြီးတွေ ဝတ်ထားတဲ့ပုဂ္ဂိုလ်တွေကလည်း သာသနာပြုတယ်ပြောတာပဲ။
မုတ်ဆိတ်မွှေးရှည်ကြီးနဲ့လူ တောင်ဝှေးနဲ့ထိုးတဲ့သူကလည်း သာသနာပြုတယ်ပြောတာပဲ။
တော်တော်ခက်တာပဲ။

ဘုန်းကြီးတို့စာချနေတဲ့ရဟန်းတော်တွေက သာသနာပြုဆိုင်းဘုတ် တင်ခွင့်ကိုမရတော့ဘူး။
ဒီလိုဖြစ်နေတယ်။

အဲဒိလိုသာသနာပြုဆိုင်းဘုတ်ကို တွင်တွင်ကြီးတပ်လာပြီဆိုရင် ဒို့ဒကာ ဒကာမတွေက အုံပြီးတော့ ပါသွားကြတယ်။

ဒီမှာ စာသင်တိုက်မှာ အငတ်ငတ်အပြတ်ပြတ်နဲ့ ဆွမ်းမှမဝရေစာ သင်္ကန်းမှရှားရှားပါးပါး စာသင်စာချလုပ်နေကြတဲ့ ကိုယ်တော်တွေအပေါ်ကြတော့ အဲဒါသာသနာပြုတယ်လို့ မြင်တဲ့သူက တဖြည်းဖြည်းနည်းလာတယ်။

ဘာဖြစ်လို့နည်းလာသလဲဆိုတော့ ပရိသတ်နဲ့အထိအတွေ့နည်းလို့တဲ့။
ကျောင်းထဲမှာကုတ်ပြီးနေကြတဲ့ကိုယ်တော်တွေ အဲဒါသာသနာတော်ရဲ့ရေသောက်မြစ်ဆိုတာ ဘုန်းကြီးတို့ပရိတ်သတ် သိပြီးထားကြ။
ပရိယတ္တိစာပေမရှိခဲ့လျင် ပဋ်ပတ္တိကျင့်စဉ်ဆိုတာ ခန်းခြောက်သွားမယ်။

ပရိယတ္တိစာပေဆိုတာကို ဒို့ဒကာ ဒကာမတွေ နားလည်ထားစေချင်တယ်။
ရေကန်ကြီးတစ်ခုရဲ့ ကန်ဘောင်ကြီးတစ်ခုနဲ့တူတယ်လို့မှတ်ထား။
ရေကန်ကြီးတစ်ခုမှာ ကန်ဘောင်ရိုးကြီးကို ခိုင်ခိုင်ကာ အဲဒိအထဲမှာ ရေတွေတည်မယ်။
ကန်ဘောင်ရိုးမခိုင်ရင် ရေမတည်ဘူး။
ရေမတည်ရင် ကြာမျိုးငါးပါးလည်း လန်းလန်းဆန်းဆန်း မပွင့်နိုင်ဘူး။

ဒီတော့ ကြာမျိုးငါးပါး လန်းလန်းဆန်းဆန်းပွင့်နေတယ်ဆိုတာဟာ ပဋိဝေဓခေါ်တဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုပြောတာ။
ကြာမျိုးငါးပါးပွင်ချင်ရင် ကန်ဘောင်ရိုးကြီးကို ခိုင်အောင်ဆယ်ရမယ်။

ပရိယတ္တိဆိုတာကန်ဘောင်ရိုး
ပဋိပတ္တိဆိုတာ ကန်ထဲကရေ
ပဋိဝေဓဆိုတာ အဲဒိကန်ထဲမှာပွင့်လာတဲ့ ကြာတွေလို့ မှတ်ရမယ်။

ပရိယတ္တိသာသနာ့ တာဝန်ကိုထမ်းဆောင်နေတဲ့ စာသင်တိုက်ကအရှင်မြတ်တွေဟာ သာသနာ့ကန်ဘောင်ရိုးကြီးကို ဖို့နေတာ ဆယ်နေတာ။
အဲဒိသာသနာ့ကန်ဘောင်ရိုးကြီးကို အပြင်းအထန် ခါးတောင်းကျိုက်ဖို့ဆယ်နေတဲ့ စာသင်စာချ အရှင်မြတ်တွေကို ဆွမ်းလေးတစ်ဇွန်း ဟင်းလေးတစ်ခွက် နေ့စဉ်လောင်းလှုနေတယ်ဆိုတာဟာ သာသနာ့ကန်ဘောင်ရိုးကို ဒို့တရားနာပရိတ်သတ်ကလည်း ဝိုင်းဝန်းဆယ်ဖို့နေတာ။

အဲဒိပရိယတ္တိကိုမှ အားပေးချင်တဲ့သဘောမရှိရင် ဒို့တရားနာပရိတ်သတ် ဘာဆိုင်းဘုတ်တွေတပ်နေနေ သာသနာပြုအဓိပ္ပါယ်ပေါ်လွင်ပါ့မလား။
ဘုရားတွေဘယ်လောက်ပဲပြင်နေနေ စေတီတွေတစ်တိုင်းပြည်လုံးဖွေးချင်တိုင်းဖွေးနေပါစေ စာချစာသင် မရှိခဲ့လျင် ဒီတိုင်းပြည်ကြီးမှာ ကျင့်စဉ်ဆိုတာ ရှိပါဦးမလား။

ဘုရားရှင်ပွင့်တော်မူတဲ့ မဇ္ဈိမဒေသ အိန္ဒိယပြည်ကြီးမှာ ဘုရားပုထိုးတွေအများကြီး ကျန်ခဲ့သားပဲ။
ပုဂံနေပြည်တော်ကြီးမှာ ဘုရားတွေနည်းတာမှ မဟုတ်ဘဲ။
အဲဒိစေတီတွေပြည့်နေတဲ့ ပုဂံနေပြည်တော်ကြီးမှာ စာသင်တိုက်ကြီးကြီးကျယ်ကျယ် ခန်းခန်းနားနားရှိသေးရဲ့လား။

စေတီတွေပြုပြင်နေရုံနဲ့ ထီးတွေတင်နေရုံနဲ့ သာသနာပြုတယ်လို့ မဆိုနိုင်သေးဘူး။
သာသနာရဲ့ အခက်အလက် အသီးအပွင့် တစ်စုံတစ်ရာကို ဆွတ်ယူစားနေတာတော့မှန်တယ်။
သာသနာ့သစ်ပင်ကြီးက သီးပွင့်လာတဲ့ အသီးအပွင့်တွေ စားသုံးနေတာတော့ မှန်တယ်။
ကုသိုလ်ရေးလုပ်ငန်းတစ်ခု အနေနဲ့တော့မှန်တယ်။
ဘုန်းကြီးတို့အနေနဲ့ ဘာမှအပြစ်မတင်ဘူး။ရပါဦးမလား။
သာသနာပြုတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ခြေခြေမြစ်မြစ်နားလည်စေချင်လို့ ပြောနေတာပါ။
ဘုရားပြင်တာကိုလည်း ပြင်ကြ ဒါပြင်ရမှာပဲ။

ဒီတော့ သာသနာပြုတယ်ဆိုတာ ဒို့ပရိတ်သတ် ကန်ဘောင်ရိုးကြီးကို ခိုင်ခိုင်ဆယ်မှ သာသနာအရှည်ခံ၍ တည်တန့်မယ်။
ကန်ဘောင်ရိုးကြီး မခိုင်ခန့်ရင် အဲဒိကန်ထဲ ရေတွေနေဦးမလား။
ပရိယတ္တိမခိုင်ခဲ့ရင် ပဋိပတ္တိဆိုတဲ့ကျင့်စဉ်တွေ ခိုင်ပါဦးမလား။
ပဋိပတ္တိင်္ံကျင့်စဉ်မခိုင်လုံရင် ပဋ်ဝေဓဆိုတဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်

ပရိယတ္တိကန်သင်း ဉာဏ်ရင်းခိုင်ကျည်

ရေကြည်ဆင့်လောင်း ကျင့်ကောင်းကြသည်

မဂ်ဖိုလ်သိရေး ပဋိဝေးကြာတည်

အဲဒါမှ သာသနာ့ကန်တာရှည်။

ဒါ ဒို့ပရိသတ်တို့ အသည်းစွဲအောင်မှတ်ထား။

(သီတဂူဆရာတော်ဘုရားကြီး)


No comments:

Post a Comment