March 30, 2016

သောက်တိုင်း ရူးမှာလား...?

အရက်သေစာသောက်စားလျှင် နောင်ဘ၀ရူးတတ်တယ်လို့ တပည့်တော် နာကြားဖူးပါတယ်အရှင်ဘုရား။ အဲလိုဆိုရင်တဲ့ တပည့်တော်တို့ရုရှားက လူမျိုးတွေ အရက်မသောက်သောသူရှားပါတယ်အရှင်ဘုရား သူတို့တွေသေရင်နောင်ဘ၀ အရူးဖြစ်မယ်ဆိုရင် တစ်နိုင်ငံလုံးနီးပါးရူးကြတော့မလိုပါ။ အဲဒါဟာဘယ်လိုဖြစ်နိုင်ပါလဲအရှင်ဘုရား။


သောက်သောပမာန၊ အချိန်တွေကန့်သတ်မှု ရှိအုံးမလားအရှင်ဘုရား။ တပည့်တော်အားရှင်းလင်းတော်မူပါရန်လေးစားရိုသေစွာရှိခိုး၍ တောင်းဆိုအပ်ပါသည်အရှင်ဘုရား။ တပည့်တော်မေးခွန်းသည် ကြံကြိတ်သလိုမေးခွန်း မဟုတ်ပါအရှင်ဘုရား။ တကယ်မသိ၍သာ ရိုးသားစွာမေးလျောက်ခြင်းဖြစ်ပါတယ်အရှင်ဘုရား။ အရှင်ဘုရားအား ရှိခိုးကန်တော့လိုက်ပါတယ် အရှင်ဘုရား။ သက်တော်ဝါတော် ရှည်ကာ သာသနာကို နှစ်ရှည်လများပြုနိုင်ပါစေအရှင်ဘုရား။
တပည့်တော်မျိုးဇော်ထွဋ်
အရက်သောက်လျှင် ရူးတက်သည်ဟုသာ၊ သာမာန်ဟောထားသဖြင့် ယခုမေးခွန်းကို လက်တွေ့ဖြစ်ရပ်များဖြင့် ညှိပြီး ဖြေဆိုမှရမည်ဖြစ်သည်။ ရူးးအောင်သောက်လျှင်ရူးးသည်၊ ရူးအောင်မသောက်လျှင်လည်း မရူးဟု အကျဉ်းဖြေမည်။ ဤအဖြေသည် ဘုရားဟော တိုက်ရိုက် မရှိသဖြင့် သဘာဝယုတ္တိကိုကြည့်၍ ဖြေထားခြင်းဖြစ်သည်။ ထို့ကြောင့် ကြိုက်သောသူ ယူနိင်၍၊ မကြိုက်လျှင်ပယ်နိုင်သည်။ မြန်မာ အရက်သမားအများစုကား ရူးဖို့သာများသည်၊ အလွန်အကျွံသောက်ကြသောကြောင့်ပင်တည်း။
တခြားနိုင်င်ငံမှလူအများစုကား ဆေးဖြစ်၊ ဝါးဖြစ်၊ မိတ်ဖြစ် ဆွေဖြစ်၊ ထမင်းစားကောင်းရုံသောက်ကြခြင်းဖြစ်၍ နောင်ဘဝတွင် ရူးမည် မထင်ပါ။ ဆရာကြီး ရွှေဥဒေါင်းသည် အရက်ကြိုက်သည်ကိုတွေ့ရသည်။ သို့သော် ဆရာကြီးသည် ဆေးဖြစ် အောင်သောက်ခြင်း ဖြစ်သည်။ ဘေးဖြစ်အောင်သောက်ခြင်းမဟုတ်ပေ။
ထိုကြောင့်ဆရာကြီးသည် အသက် ၈၀ ကျော်အထိနေသွားရခြင်း ဖြစ်သည်။ ဆရာကြီးသည် အစားကောင်းကိုမက်သည်။ ထမင်းဟင်းကို အရသာခံ၍ စားသည်။ ရမ် တစ်ပတ်၊ နှစ်ပတ်ခန့်သောက်ပြီး မှ ထမင်းစားလျှင် အရသာ ပိုပေါ်သောကြောင့် သောက်ခြင်းဖြစ်ကြောင်း၊ ဆရာကြီးကိုယ်တိုင် ရေးထားသည်ကိုဖတ်ရသည်။
မသောက်ပဲ နေလျင်ကားအကောင်းဆုံးဖြစ်သည်။ သောက်နေကျဖြစ်နေပြီဆိုလျှင် ဆေးဖြစ်ရုံ လျော့သောက်ဖို့ကား လိုအပ်ပေသည်။ အဂ်ုတ္တိုရ်ပါဠိတော် တိကနိပါတ်တွင် မရောင့်ရဲနိုင်သောအရာသုံးပါးကိုဟောထားသည်။ ထိုသုံးမျိုးသည် တင်းတိမ်ရောင့်ရဲဘို့ မလွယ်ဟုဟောထား၏။
သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်များအရ၊ အရက်ထဲတွင်ဘီယာသည်အပျော့ဆုံးဖြစ်သည်။ ထိုဘီယာ တစ်ခွက်သောက်လျှင် သောက်သူ၏ ဦးနှောက်ကလပ်စည်း ခုနှစ်ထောင်ကျော်ပျက်စီးသည်ဟု ထုတ်ဖော်အသိပေးထားသည်။ သို့သော်လူ၏ ဦးနှောက်ကလပ်စည်းသည် ကုဋေနှင့်ချီရှိသောကြောင့် နှစ်နည်းငယ်အတွင်းကား မသိသာပေ၊ နှစ်အကြာလာမှသာ သိသာ လာသည်။ နှစ်ရှည် အလွန်အကျွံ အရက်သောက်သောသူများကိုလေ့လာကြည့်ပါ၊ ထိုထို သမားကြီးများသည် ငူငိုင်ပြီး ကြောင်တက်တက်ဖြစ်နေတက်ကြသည်။ စကားပြောတွေလည်းမှားသည်။ ရယ်စရာ မဟုတ်ဘဲငိုတက်သည်။ ဤကား ဦးနှောက်ပျက်စီးသောလက္ခဏာများဖြစ်၏။
ထိုဘဘာဝသည် နောက်ဘဝထိလိုက်ပြီး ထိုအရက်သမားမျိုး သေလျှင် နောင်ဘဝ၌အရူးဘဝသို့ ရောက်ကျရခြင်း ဖြစ်သည်။ ကြွေချင်သော ထန်းသီးသည် ကျီးနင်းမည့် အချိန်ကိုစောင့် နေသကဲ့သို့ ထိုအရက်သမားတယောက် လူဖြစ် လာသည်ဆိုလည်း ရူးစရာအတွက်ကို စောင့်နေတတ်သည်။ တရားထိုင်၍ရူးသည်၊ မိမိ မီးလောင်၍ ရူးသည်၊ ကလေး သေသွားရူးသည်၊ စာကျက်လွန်၍ ရူးသည်။
ဤအကြောင်းများသည် အပေါ်ယံအကြောင်းများသာဖြစ်သည်။ အဓိကအကြောင်းကားအရင်ဘဝက အရက်ကို အလွန် အကျွံသောက်ခဲ့ခြင်း အကြောင်းသာဖြစ်သည်။ တရားထိုင်လည်း မရူးသည့်အပြင်၊ အရူးရောဂါကို ပျောက်ကင်းစေသည်။ ဗုဒ္ဓလက်ထက်က မပဋာအမည်ရှိ သူဌေးသမီးတဦးသည် အစေခံယောင်္ကျားတယောက်နှင့်ရပြီး စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေရသည်။ တစ်ရက်တွင် မိဘထံအပြန်လမ်းခုလပ်တွင် လင်ဖြစ်သူပိုးထိ၍သေဆုံးသည်။ ကလေးနှစ်ယောက်နှင့် မြစ်တမြစ်ကို ဖြတ်ကူးဖို့ကြုံလာသည်။ သားလေးနှစ်ယောက်လုံးကို တပြိုင်နက် ချီပိုးပြီးမကူးနိုင်သဖြင့် မွေးကာစသားလေး ကို ဟိုဘက်ကမ်း အရင်ပို့လိုက်သည်။ ရေသည်ခါးတဝတ်ခန့်သာနက်ဟန်တူသည်။ မွေးကာစသားလေးကို တဘက် သောင်စပ်တွင် အနှီးဖြင့်ထွေးကာထားခဲ့ပြီး သားအကြီးရှီရာ တဖက်ကမ်းသို့ ပြန်လာသည်။ မြစ်လယ်အရောက်မှာပင် မွေးကာစသားလေး၏ အလန့်တကြားအော်ဟစ်ငိုသံကိုကြားသဖြင့် လှမ်းကြည့်လိုက်ရာ အတော်ကြီးမားသောစွန်ကြီး တစ်ကောင်က ကလေးကို အစာမှတ်ဖြင့်သုတ်ချီပျံတက်သွားသည်ကိုတွေ့ရသည်။
မပဋာရင်ထဲတွင် ပူကန်ဖြစ်သွားပြီး စွန်ရှိရာမော့ကြည့်လျှက် လက်ခုပ်လက်ဝါးတီးပြီးအော်ခြောက်သည်။ စွန်ကား ဂရုမစိုက်ဘဲ သူ့သားကောင်ကိုရအောင် သုတ်ချီသွားလေပြီ။ ဘယ်လိုမှခြောက်လှန့်၍ မရတော့သောအခါ သားကြီးကို ခေါ်ယူရန် ဟိုဘက်ကမ်းသို့ ငိုကြွေးရင်းဆက်အသွားတွင် တွေ့လိုက်ရသော မြင်ကွမ်းက အသဲအူပြောင်းပြန်လှန်လောက် သည်။
ကလေးအကြီးသည် သူ့အမေကလက်ခုပ်တီးပြီးအော်ဟစ်ကာ စွန်ခြောက်သည်ကို သူ့အားခေါ်သည်ထင်ပြီး ရေစီး သန်သောမြစ်အတွင်းသို့ ဆင်းလိုတ်ရာလှိုင်းနှင့် တခါးတည်းမျောပါသွားလေတော့သည်။ မပဋာသည် သောကဖိစီးပြီး ငိုကျွေးခြင်းဖြင့် မိဘများရှိရာသို့ အားတင်းပြန်ခဲ့ရှာသည်။ မိဘများနေသော မြို့ကြီးသို့ ရောက်သောအခါ ပြိုကျနေသော မိဘများ အိမ်ကိုသာတွေ့ရတော့သည်။
ပြီးခဲ့သည့်နေ့က လေးပြင်းတိုက်ခိုက်သဖြင့် တိုက်ပြိုကျကာ သူ၏မိဘ မောင်ဖွား အားလုံး သေဆုံးသွားကြပြီ ဖြစ်သည်။ ထိုသောကခေါ် ဒေါသ၏ နှိပ်စက်မှု့ကြောင့် မပဋာသည် သူရူးဘဝသို့ ရောက်ခဲ့ရသည်။ တခါတွင် ဘုရားရှင်၏ တရားပွဲ တစ်ပွဲကိုတွေ့ရသဖြင့် ဝင်ရောက်နာယူရာ တရားအဆုံးတွင် သောတပန်တည်ပြီး စိတ္တဇဝေဒနာကြီး ပျောက်ကင်းသွားလေ သည်။
ဤသာဓက ကိုထောက်၍ တရားထိုင်းခြင်း၊ တရားနာခြင်းအားဖြင့် မရူးးသည့်အပြင် အရူးရောဂါကိုပါ ပျောက်ကင်းစေနိုင် ကြောင်း သိအပ်ပါသည်။ လူတစ်သိန်း တရားထိုင်လည်း တစ်ယောက်စ နှစ်ယောက်စရူးသွားခြင်းမျိုးကား အမှန်ပင်ရှိပါ သည်။ သို့သော် ထိုလူနှစ်ယောက်ရူးသွားခြင်းသည် တရားထိုင်သောကြောင့်မဟုတ် အတိတ်ဘဝက အရက်ကိုအလွန် အကျွံ သောက်ခဲ့ကြသောကြောင့်သာဖြစ်သည်။
အကယ်၍ သင်္ချာနည်းအရ တရားထိုင်၍ ရူးရရိုးမှန်လျှင် တရားထိုင်သူ လူတစ်သိန်းလုံး ရူးရမည်ဖြစ်သည်။ ယခု တစ်သိန်း လုံးမရူးပဲ နှစ်ယောက်ခန့်သာရူးသည်ကိုထောက်သောအားဖြင့် တရားထိုင်သောအကြောင်းကြောင့် ရူးတာ မဟုတ်ကြောင်း ထင်ရှားနေ၏။ အရက်ကို အလွန်အကျွံသောက်သည့်အတွက် ယခုဘဝမှာပင်ရူးသွားသော စာရေးဆရာတစ်ယောက် အကြောင်းကို သက်သေပြပါမည်။
သူသည် လမ်းစဉ်ပါတီခေတ်နှင့် ဖဆပလ ခေတ်သတင်းစာအယ်ဒီတာပင် လုပ်ခဲ့ဘူးသူဖြစ်သည်။ နိုင်ငံရေးသတင်း ဆောင်းပါးများကို အများဆုံးရေးခဲ့သည်။ သူ၏ ကလောင်အမည်မှာ ရဲဘော်နေအောင်ဖြစ်သည်။ သူ ခြောက်လကျော် ရူးသွပ်ခဲ့ရခြင်းအကြောင်းကို သူကိုယ်တိုင်လုံးခြင်းစာအုပ်ရေးပြီး တပြည်လုံးသို့ အသိပေးခဲ့သည်မှာ အံ့သြချီးကျူးစရာ ကောင်းလှသည်။
သိက္ခာနှင့်မေတ္တာတွင် မေတ္တာကို အလေးထားသော သူတော်ကောင်း စာရေးဆရာတစ်ယောက်ဟု ဆိုရပေမည်။ သာမာန်မေတ္တာစေတနာမျိုးဖြင့် မိမိရူးသွပ်ခဲ့သည်ကို ထုတ်ရေးဖို့ဆိုသည်မှာ လွယ်ကူသော အရာတခု မဟုတ်ပေ။ လူငယ်များအရက်အလွန်အကျွံသောက်ပြီး စိတ္တဇဝေဒနာသည်ဘဝသို့ မရောက်စေချင်သည်မှာ သူ၏စေတနာပင်ဖြစ် သည်။
နောင်တွင် အရက်ကိုဖြတ်ပြီး ဆေးကုသခံယူမှ စိတ္တဇဝေဒနာ ပျောက်ကင်းသွားခဲ့သည်။ စာရေးသူ ထုတ်ဝေခဲ့သော သင် လူတစ်ယောက်ဖြစ်ပြီလား စာအုပ်တွင် သူရေးသားချက်များကို အပြည့်အစုံပြန်လည် ဖတ်ရှု့ရမည်ဖြစ်သည်။ ယခု အဖြေလွှာတွင် သူစိတ္တဇဝေဒနာဖြစ်ပုံအကြောင်း အချုပ်ကိုသာ ထုတ်နုတ်ပြမည်။
ရဲဘော်နေအောင်သည် အရက်ကို လူမှန်းသူမှန်းမသိအောင် သောက်သောသူဖြစ်သည်။ အရက်သာ သောက်နေရလျှင် ထမင်းစာဖို့ပင် မေ့နေသူဖြစ်သည်။ ထို့ကြောင့်လည်း အရက်သောက်သက် ၁၅နှစ်မှာပင် စိတ္တဇဝေဒနာ စတင် စွဲကပ် ခံရခြင်းဖြစ်သည်။ သူစတင်စိတ်ဖောက်ပြန်သော အချိန်သည် ညသန်းခေါင်နာရီပြန်တစ်ချက်ခန့်ဖြစ်သည်။ သူမျက်လုံး ကြောင်ပြီး အိပ်မရဖြစ်နေချိန်တွင် သူ့နားထဲ၌ အုတ်အုတ်ကျက်ကျက် အသံများကို စတင်ကြားလာရသည်။ သူထိတ်လန့်ပြီး အိပ်ယာမှထထိုင်ကာ မိမိရှေ့သို့လှမ်းကြည့်လိုက်သည်။ ’ဟာ’ ဟူသော အာမေဋိတ်သံနှင့်အတူ သူကြောက်သွားသည်မှာ နေစရာမရှိအောင်ဖြစ်သွား၏။
အိမ်ရှေ့တွင်လူတစ်ရာခန့်သည် အုတ်များ၊ ဝါးများကိုကိုင်ပြီး သူ့အိမ်ကိုဝိုင်းထားကြသည်။ သူ့တို့နှုတ်မှလည်း “ဟေ့နေအာင် ထွက်ခဲ့၊ မင်းကိုသေအောင်သတ်မယ်“ ဟုဝိုင်းအော်နေကြသည်။ ကြောက်လွန်းအားကြီးသဖြင့် သူ့ခန္ဓာကိုယ်မှချွှေးများ စိမ့်ထွက်လာသည်မှာ ရေတွေလောင်းချလိုက်သကဲ့သို့ ပင်ဖြစ်သည်။
ကြောက်သောစိတ်သည် ဒေါသစိတ်တစ်မျိုးပင်ဖြစ်သည်။ ထို့ကြောင့် သူချွေးပြန်လာသည်မှာ နှလုံးကို ဒေါသမီးလောင် သောကြောင့်ပင်ဖြစ်သည်။ သူအားကိုစရာကို အပြေးအလွှားရှာသောအခါ နှစ်ပေါင်း၂၀ကျော် ပေါင်းသင်းလာသောဇနီးကို သတိရသည်။ သူ့ဇနီးသည် သူ့ဘေးတွင်နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ သူ့ဇနီးကိုလည်းအတော်ပင်စိတ်ဆိုးသွားသည်။ ဒီလောက်လူတွေ သူ့ကိုသတ်ဖို့ဝိုင်းအော်နေတာကို မကြားရကောင်းလားဟု တွေးမိသောကြောင့်ဖြစ်သည်။ အမှန်မှာအိမ် ပတ်ဝန်းကျင်တွင် မည်သူမျှမရှိပေ၊ သူ၏ ဦးနှောင်ပျက်စီးနေသောကြောင့် မရှိသော အရာတွေကိုမြင်နေရပြီး မရှိသော အသံတွေကိုကြားနေရခြင်းဖြစ်သည်။ သူကားထိုစဉ်က သူစတင်ရူးနေပြီကိုမသိပေ။
ထို့ကြောင့်ဇနီးကိုနှိုးပြီး အကူအညီတောင်းရန်အတွက် ဇနီးသည်၏ မျက်နှာကိုလှမ်းကြည့်လိုက်သည်။ သူသည် သူ၏ ဇနီးသည် မျက်နှာကို မြင်လိုက်ရသည်နှင့် အား ဟူ၍ အသံနက်ကြီးဖြင့်အော်ကာ အိမ်ပေါ်မှ ဝရုန်းသုံးကား ဆင်းပြေး လေတော့သည်။ အဘယ်ကြောင့်နည်း။ …..။ သူဇနီးမျက်နှာသည် သူ့မျက်စေ့ထဲတွင် ဘီလူးတစ်ယောက်၏ မျက်နှာမျိုး ဖြစ်နေသောကြောင့်ပင်တည်း။
မျက်လုံးကြီးနှစ်လုံးပြူးထွက်နေသလို၊ အစွယ်ကြီးနှစ်ချောင်းမှာလည်း ဖွေးနေသောကြောင့်ပင်တည်း။ ဦးနှောက်ပျက်နေ သည့်အတွက် သူ ဖြစ်ချရာ လျှောက်ဖြစ်နေခြင်းဖြစ်သည်။ သူသည်ရန်ကုန်မှစတင်ထွက်ပြေးရာ ဘယ်လောက်ကြာအောင် ပြေးနေသည်မသိ၊ နောက်တစ်နေ့တွင် ပြည်မြို့အထိရောက်သွားခဲ့သည်။
သူသည် အင်္ကျီစုပ်၊ ပုဆိုးစုပ်ဖြင့် လှည့်လည်သွားလာနေသည်မှာ ၆ လကျော်ကြာမြင့်ခဲ့သည်။ နောက်မှသူ၏သား မယား များက ရှာတွေ့သွားကြရာ ဝိုင်းချုပ်ဖမ်းဆီးပြီး အိပ်ဆေးထိုးလိုက်ကြသည်။ အိပ်ဆေးအရှိန်ဖြင့် အိပ်ပျော်သွားသောအခါ တွင်မှ တကိုယ်လုံးကြိုးတုတ်ပြီး ရန်ုကုန်သို့ရထားဖြင့်ပြန်ခေါ်လာကြသည်။ အိပ်ပျော်နေချိန်တွင် ဘာမှမဖြစ်သော်လည်း အိပ်ပျော်ရာမှ နိုးလာသည်နှင့်တကယ် မရှိသောအသံကို လျှောက်ကြားလေပြန်သည်။
ရထားကြီးက ဂျုံး၊ ဂျက်၊ ဂျုံး၊ ဂျက်နှင့် အသံထွက်နေသည်။ သို့သော် ထိုအသံသည် ဦးနှောက်ပျက်နေသော သူ၏နားတွင် နေအောင်မင်းကိုငါသတ်မယ်။ မင်းကိုငါသတ်မယ်ဟူ၍ ဖြစ်နေသည်။ သူထပြေးဖို့ကြိုးစားသော်လည်း ကြိုးတွေတုတ်ထား သဖြင့် လှုပ်ရှား၍မရ။ ထို့ကြောင့် ပါးစပ်ကအတင်းအော်ပြန်ရာ သူ့မိသားစုက သူ့ပါးစပါကိုဝိုင်းပိတ်ထားကြသည်။
စိတ္တဇဝေဒနာသည်များ၏ ဘဝကား အင်မတန် သနားစရာကောင်းသည်။ သူတို့နားထဲ၊ မျက်လုံးထဲတွင် တကယ်ကြား တကယ်ဖြစ်နေရခြင်းဖြစ်သည်။ သူတစ်ပါးကိုအနှောက်အယှက်ပေးချင်၍ လုပ်နေခြင်းမဟုတ်ပေ၊ ထို့ကြောင့်မလွှဲသာ မရှောင်သာ စိတ္တဇဝေဒနာသည်များနှင့်ကြုံလာလျှင် တင်နိုင်သမျှ ဖေးမကူညီသင့်သည်။ ရန်ကုန်ဘူတာကြီးရောက်သော အခါ သူ့ကိုချည်ထားသော ကြိုးကိုဖြေပေးလိုက်ကြသည်။
သူထွက်မပြေးတော့ဘူးဟုထင်၍ ဖြေပေးလိုက်ခြင်းဖြစ်သည်။ သူသည် ကြိုးဖြေသည်နှင့် အတင်းရုန်းပြီးထွက်ပြေးရာ နောင်ကလိုက်သောသူများပင် မျက်ခြေပြတ်သွားကြသည်။ သူသည် နှစ်ထပ်တိုက်တစ်လုံးပေါ် စွတ်ပြေးတက်သွားသည်။ အပေါ်ထပ်ရောက်သောအခါ ရှေ့တည့်တည့်က လူဝင်ပေါက်တခါးမကြီးလိုက်ကာ အနက်ရောင်ကိုတပ်ထားသည်။ သူ၏ ညာဖတ်ဘေးတွင် ဝရန်တာ၊ ဒီအချိန်မှာပင် သူ့အနားတွင် အမိန့်ပေးသံတစ်ခုကို ပီပီသသကြီးကြားလာရသည်။ နေအောင်…မင်းဒီနေရမှာ သေရမယ်။ မင်းရှေ့တည့်တည့်ကိုသေချာကြည့်လိုက်စမ်း… စကားသံအဆုံးတွင် ကြည့်လိုက်ရာ လိုက်ကာ အနက်ရောင်ကြီးသည် သူ့မျက်စေ့ထဲတွင် အစွယ်ဖွေးဖွေးဖြင့် ပါးစပ်ကြီးဟနေသော မွေးနက်ကြီးတစ်ကောင် ဖြစ်နေသည်။ အသံကားထွက်လာပြန်သည်။
မင်းရဲ့ညာဖတ်ကိုကြည့်လိုက်စမ်း သူ လှည့်ကြည့်လိုက်သောအခါ ဝရန်တာကို တွေ့လိုတ်သည်၊ အသံကားဆက်ထွက် လာပြန်သည်။ မင်းခွေးနက်ကြီး အကိုက်ခံပြီးသေမလား ဝရန်တာကခုန်ချပြီး သေမလားကြိုက်တာကို မြန်မြန်ရွေးပေ တော့။ အချိန်မရှိဘူး သူဝရန်တာကခုန်ချ သေဖို့တွေးလိုက်သည်။ ဝရန်တာ ပေါ်သူကျော်တက်နေပြီး ဝရန်တာပေါ်သို့ ရောက်သွားပြီး အောက်မှ တဂီးဂီးမောင်းနှင်ကြသော ကားများကိုပင် မြင်နေရသည်။ သူ့မျက်စေ့မိတ်ကာ ခြေလွှတ် လက်လွှတ်ခုန်ချလိုက်သည်။ သို့သော် အောက်သို့ကျမသွားဘဲ တိုးလို့တန်းလန်းဖြစ်နေသည်။ သူ၏ သားများအချိန်မှီ ရောက်လာပြီး ဆွဲထားလိုက်သောကြောင့်ပင်တည်း။
စိတ္တဇဝေဒနာရှင်များ မကြာခဏတိုက်ပေါ်မှ ခုန်ချပြီး သေတတ်ကြသည်မှာ ဤအချက်ကြောင့်ဖြစ်သည်။ အဲဒီတော့ မျိုးဇော်ထွဋ်တို့လည်း မလွဲမရှောင်သာ၍ ဆေးဖြစ်ဝါးဖြစ်တော့သောက်ပေါ့၊ ဒါပေမဲ့ လျော့သောက်တာကတော့ အကောင်းဆုံးဘဲ၊ လျော့သောက်ဆိုတာ အရက်ကိုလျော့သောက်ခိုင်းတာနော်၊ လူကိုသောက်ခိုင်းတာမဟုတ်ဘူး၊
ဦးမြဆိုတဲ့ဒကာကြီးတယောက်တွေ့ဘူးတယ်။ သူက အရက်သိပ်သောက်တယ်။ ဒါပေမဲ့စိတ်ကောင်းရှိတယ်။ ရပ်ရေးရွာရေး ဆို အနစ်နာခံပြီးတော့လုပ်တယ်၊ ဦးမြ အရက်သောက်ပြီး ဆိုင်ကပြန်လာရင် ဘုန်းကြီးကျောင်းရှေ့က ဖြတ်သွားရတယ်။ တခါတော့ ဆိုင်ကနေ ရေချိန်ကိုက်ပြီး ယိုင်ထိုးယိုင်းထိုးနဲ့ ပြန်လာတဲ့ ဦးမြ၊ ဆရာတော်နဲ့သွားတိုးတယ်၊
အရက်ကလွဲလျှင် ဘာသာရေးလဲ ကိုင်းရှိင်းသူတယောက်ပါ။ ဒါကြောင့်ဆရာတော်ကိုတွေ့တာနဲ့ ဦးချတယ်။ ဆရာတော်က ဒကာကြီးအသက်လဲကြီးလာပြီ အရက်ကိုဖြတ်သင့်ပြီ။ မဖြတ်နိင်လဲလျော့သောက်ပါပြောတော့ ဦးမြကလည်းလျော့ သောက်မယ့်အကြောင်း လွယ်လွယ်ပဲ ဂတိပေးရှာတယ်။ ဆရာတော်ကလည်း ဝမ်းသာအားရ သာဓု ခေါ်တာပေါ့။
နောက်တနေလည်း အရက်ဆိုင်ကအပြန် ဆရာတော်နဲ့တိုးတာပဲ။ ဒီတခါတော့ ဦးမြဟာ ဆရာတော်ကိုဦးချဖို့ လုပ်တာ သောက်တာများတော့ ဦးမချနိင်တော့ပဲ ပစ်လှဲသွားတယ်။ ဆရာတော်နဲ့ ကိုရင်တွေ မနည်းဆွဲထူမှ ထနိုင်တယ်။ ဒီတော့ ဆရာတော်ကမေးတော့တာပေါ့။ ဒကာကြီးကလျော့သောက်မယ်လည်းပြောတယ် အရင်ရက်က ယိုင်ရုံတင်ယိုင်တာ လျော့သောက်မယ်ပြောပြီးမှ ဘာဖြစ်လို့လဲကျရတာလည်းတဲ့။
ဒီတော့ဦးမြကပြောတယ်၊ တပည့်တော်လျော့တော့သောက်တယ်ဘုရား၊ ဆရာတော်ကဘယ်လိုလျော့တာလည်းလို့ မေးလိုက်တော့၊ အရင်ကအရက် ၅ပုလင်းကို ၅ယောက်သောက်တယ်။ အခုဆရာတော်ကလျော့ဆိုလို့ အရက် ၅ပုလင်းကို ၃ယောက်ပဲသောက်တောတယ်ဘုရား။ နှစ်ယောက် လျော့ပစ်လိုက်တယ်၊ မျိုးဇော်ထွဋ်တို့ကလည်း အရက်ပဲလျော့သောက် ပါ၊ လူကိုလျော့မသောက်ပါနဲ့၊ ပြီးတော့ဆုံးမရခက်တဲ့နေရာမှာ အရက်သမားကထိပ်ဆိုးကပါတယ်။
တခါကမောင်စံလို့ ခေါ်တဲ့ ဒကာတစ်ယောက်ဟာ အရက်အလွန်ကျွံသောက်ပြီး မူးလဲနေတာပဲ။ များတော့ မယားဖြစ်သူကသူကြီးကိုဆုံးမပေးဖို့ သွားတိုင်တယ်၊ သူကြီးလည်းကွမ်းတံတွေးလေးတဖွတ်ဖွတ်ထွေးရင်းနဲ့ မောင်စံကို ဆုံးမရအောင်လိုက်လာတယ်။ အိမ်ရှေ့ ကျတော့။ တွေ့ပါပြီ၊ မောင်စံတစ်ယောက် ပုလင်းခါးကြားထိုးပြီး လမ်းဘေးမှာလဲနေတယ်။
သူကြီးကဆွဲထူလိုက်တဲ့အခါ ထိုင်လျှက်ဖြစ်သွားတယ်။ သူကြီးအသံကြားတော့ မောင်စံလည်းလန့် သွားတာပေါ့၊ သူကြီးကနာကျင်အောင် ပြောဆိုဆုံးမလိုက်မယ်ဆိုတဲ့စိတ်နဲ့ မောင်စံခါးကြားက အရက်ပုလင်းကို ဆွဲယူပြီး ခွေးစားခွက်ထဲ လောင်းထည့်လိုက်တယ်၊ ပြီးတော့ခွေးကိုချတိုက်တယ် ခွေးကနမ်းကြည့်ပြီးလှည့်ထွက်သွားတယ် ဒီအချက်ကိုကိုင်ပြီး သူကြီးက အခုလိုထိထိမိမိဆုံးမတယ်၊
တွေ့လားမောင်စံ မင်းသောက်တဲ့အရက်ကို ခွေးတောင်မသောက်ဘူး၊ ခွေးမသောက်တဲ့အရက်ကို မင်းကဘာဖြစ်လို့ စွဲစွဲမက်မက်သောက်နေရတာလဲ။ သူကြီးစကားကထိမိတော့ မောင်စံတော့ တခါတည်းအရက်ဖြတ်လိုက်တယ်လို့မထင်နဲ့ မောင်စံပြန်ပြောတာက ဟုတ်ပါတယ်သူကြီး ကျွန်တော်သောက်တဲ့အရက်ကိုခွေးမသောက်သလို သူကြီးစားတဲ့ကွမ်း ကိုလည်း ခွေးမစားပါဘူး …..တဲ့ 
လောကီလောကုတ္တရာနှစ်ဖြာလုံး ဆုတ်ယုတ်ပျက်စီးနေသောပုဂ္ဂိုလ်မှန်သမျှသည် စိတ်၏ကျွန်
လောကီလောကုတ္တရာနှစ်ဖြာလုံး ကြီးပွားတိုးတက်အောင်မြင်နေသောပုဂ္ဂိုလ်မှန်သမျှသည် စိတ်၏သခင်
လောကကိုကောင်းကျိုးပြုသောကုသိုလ်လုပ်ငန်းသည် ဆန်လမ်း၊ ခက်ခဲသည်။ သို့သော် ပြုလုပ်သူသည်နောက်ဆုံး၌ လူချမ်းသာ၊ နတ်ချမ်းသာအပြင် နိဗ္ဗာန်အထိရောက်သည်။
လောကကိုကောင်းကျိုးမပြုသော အကုသိုလ်အလုပ်သည် စုန်လမ်း ပြုလုပ်ရလွယ်ကူသည်။ မိန်းမလိုက်စားဖို့၊ အရက်သောက်ဖို့၊ လောင်းကစားလုပ်ဖို့ နှစ်ခါမခေါ်ရပေ၊ သို့သော်ပြုလုပ်သူသည်နောက်ဆုံး၌အပါယ်သို့ ကျရသည်။
အရှင်ဇ၀န(မေတ္တာရှင်)

No comments:

Post a Comment