October 20, 2014

★“မာရ်နတ် ၏ နှလုံးသား ကို တုန်လှုပ်,ချောက်ချား သွားစေအောင်”★

ကမ္မဋ္ဌာန်းတရား အားထုတ်လိုသော ယောဂီ သည်-
“သက္ကောစ=သူတော်ကောင်းတရားတို့ကို အမှန်တကယ် သက်စွန့်ကြိုးပမ်း အားထုတ်နိုင်ရခြင်း သည် လည်းကောင်း၊
သုဝစောစ=ဆရာ့စကား ကို တသဝေမတိမ်း လိုက်နာလွယ်သူ ဖြစ်ရခြင်းသည်လည်းကောင်း” ဟု ဟောတော်မူသော “မေတ္တာကမ္မဋ္ဌာန်း”
(မေတ္တသုတ်) လာ ရှေ့ပြေး အရည်အချင်းများ ရှိထားပြီးဖြစ်ရပါ၏။
ထို့အတူ တရားအားထုတ်မည့်သူများ ကြိုတင်ပြည့်စုံထားရမြဲဖြစ်သော(ယခုဘ၀မှာပင် တရားထူးရစေနိုင်သည့်)အင်္ဂါအရည်အချင်း
“ပဓာနိယင်္ဂတရား” (၅)မျိုး ရှိသည်ကို လည်း ဓမ္မမိတ်ဆွေများ သိပြီးဖြစ်ပါ၏။
ပြန်လည် တင်ပြရပါသော်-
၁။ ရတနာသုံးပါးနှင့် ကမ္မဋ္ဌာန်းဆရာအပေါ် အကြွင်းမဲ့ ယုံကြည်သော “သဒ္ဓါတရား” ရှိခြင်း။
(ထို “သဒ္ဓါတရား ရှိခြင်း” ဟူရာတွင်- “သဒ္ဓါ” သည်-
(၁) အာဂမသဒ္ဓါ၊(၂)အဓိဂမသဒ္ဓါ၊(၃)သြကပ္ပနသဒ္ဓါ၊(၄)ပသာဒသဒ္ဓါ ဟူ၍ (၄)မျိုး ရှိပါသည်။
(၁) အာဂမသဒ္ဓါ ဟူသည်မှာ=သဗ္ဗညု ဘုရားအလောင်းတော်တို့၏ သဒ္ဓါတရား သည် ဆုပန် သည်မှစ၍ မပျက်မစီး ရအပ်သောကြောင့် (အာ
ဂမ သဒ္ဓါ) ခေါ်ပါ၏။
(၂)အဓိဂမသဒ္ဓါ ဟူသည် မှာ=အရိယာသာဝကတို့၏ သဒ္ဓါတရားသည် မဂ်ဉာဏ် ကိုရသည် မှစ၍ မပျက်မစီး ရအပ်သောကြောင့်
(အဓိဂမ သဒ္ဓါ) ခေါ်ပါ၏။
(၃)သြကပ္ပနသဒ္ဓါ ဟူသည် မှာ= ဘုရား,တရား,သံဃာ ဟူ၍ ပြောဆိုအပ်သည်ရှိသော် တစ်စုံတစ်ယောက်သောသူမျှ တုန်လှုပ်ခြောက်ခြားစေခြင်း ငှာ မတတ်နိုင်လောက်အောင် “မြတ်စွာဘုရား သည် သမ္မာသမ္ဗဒ္ဓ ဂုဏ်ရှင် ဖြစ်တော်မူပေ၏။ တရားတော် သည် သွာက္ခာတတာဂုဏ် နှင့် ပြည့်စုံပါပေ၏။သံဃာ တော် သည် သုပ္ပဋိ ပ္ပန္နတာဂုဏ် နှင့် ပြည့်စုံပေ၏။”ဟု ရတနာသုံးပါးဂုဏ် ၌ သက်ဝင်၍ ယုံကြည်ခြင်း သည် (သြကပ္ပနသဒ္ဓါ) ခေါ်ပါ၏။
(၄)ပသာဒသဒ္ဓါ ဟူသည်မှာ=ရတနာသုံးပါး၌ ကြည်ညိုခြင်းမျှသည် ကိုသာ(ပသာဒသဒ္ဓါ)ခေါ်ပါ၏။
ယခု “ပဓာနိယင်္ဂ တရား(၅)ပါး တွင်ပါဝင်သော သဒ္ဓါတရား အမျိုးအစား မှာ (သြကပ္ပန သဒ္ဓါ) တရား ဖြစ်ပါ၏ ။”)
၂။ ကျန်းမာရေး ကောင်းသူ ဖြစ်ရခြင်း။
၃။ မိမိ မှာ မရှိသော ဂုဏ် ကို မဖော်၊ ရှိသော အပြစ်ကိုလည်း မဖုံးကွယ် ၊ရိုးသားဖြောင့်မှန်သူ ဖြစ်ရခြင်း။
၎။ အသား၊အသွေးတွေ ခန်းခြောက်ချင် ခန်းခြောက်ပါစေ၊အရေ၊အကြော၊အရိုးမျှ ကျန်လိုကကျန်ပါစေ၊တရားထူးမရမချင်း မပြတ်မလပ် ငါ အားထုတ်မည် ဟူသော (စတုရင်္ဂ)၀ီရိယ ရှိရခြင်း။
၅။ ရုပ်၊နာမ် ဖြစ်ပျက်၊ကိုသိမြင်သော (ဥဒယဗ္ဗယဉာဏ်) ဖြစ်ပေါ်ခြင်း။ စသည်တို့ဖြစ်ပါ၏။
(မ-၂၊၃၀၀-ဗောဓိရာဇ ကုမာရသုတ်)
အမှတ်စဉ်(၁)တွင်ပါဝင်သော “ရတနာသုံးပါးနှင့် ကမ္မဋ္ဌာန်းဆရာအပေါ် အကြွင်းမဲ့ ယုံကြည်ရခြင်း။”ဟူသော ကမ္မဋ္ဌာန်း၏ ရှေ့ပြေးအလုပ်(ပုဗ္ဗကိစ္စ) တွင် “ဘုရားရှင်” နှင့်တကွ “ကမ္မဋ္ဌာန်းပြသ သင်ကြားပေးမည့် ဆရာ” အား မိမိ ၏ခန္ဓာကိုယ်ကို စွန့်လှူ အပ်နှင်းရပါ၏။
“ဣမာဟံ ဘဂ၀ါ အတ္တဘာဝံ တုမှာကံ ပရိစ္စဇာမိ=မြတ်စွာဘုရား၊ဘုရားတပည့်တော်သည် ဤခန္ဓာကိုယ် အတ္တ ဘောကြီးကို မြတ်စွာဘုရားအား အပ်နှင်းစွန့်လှူပါသည် ဘုရား။”
“သံသာရ ၀ဋဒုက္ခတော မောစနတ္ထာယ ကမ္မဋ္ဌာနံ မေ ဒေထ=ဘုရားတပည့်တော်အား သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကျွတ်
လွတ်ပါရခြင်း အကျိုးငှာ ကမ္မဋ္ဌာန်းတရား ပေးသနား၍ ချီးမြှင့်တော်မူပါဘုရား။” ဟူ၍ ဦးစွာ “ဘုရားရှင်” အား အပ်နှင်းစွန့်လှူရပါ၏။
ထိုသို့ စွန့်လှူအပ်နှင်းလိုက်သည့်အတွက် မည်သို့သော အကျိုးကျေးဇူး ရှိပါသနည်း?။
အကျိုးများစွာရှိပါ၏။
ဤသို့ပြုလုပ်ခြင်းသည် ဆရာသမားအား ရိုသေကျိုးနွံ့ ကြောင်းဖော်ပြခြင်းပင်ဖြစ်ပါ၏။ ရိုသော ကျိုးနွံ၍ မြေ၀ယ်မကျ နာယူသူ
တို့မှလည်း မြှောက်စားအားပေးခြင်း ခံယူရသည်။ ဆရာသမား မြှောက်စားအားပေးခြင်း ခံရသူမှသာလျှင်လည်း လိုရာပန်းတိုင်သို့ ရောက်ရ၏။ ချမ်းသာရ၏။
ထို့အတူ မိမိ ၏“သဒ္ဓါ၊ဆန္ဒ၊၀ီရိယ” ကို ထုတ်ဖော်ပြရာလည်းရောက်၏။ ထိုသို့ နှုတ်မြက် စွန့်လှူကတည်းက မိမိ ၏ ရုပ်နာမ်အစဉ်၌
ကြည်လင်ပြတ်သားသော ယုံကြည်မှုအင်အား(သဒ္ဓွဓာတ်)၊မရမနေ လိုလားသော စိတ်ဓာတ်အင်အား(ဆန္ဒဓာတ်)၊မဖြစ်မနေ ကြိုးစားနိုင်သော အင်အား(အာရမ္ဘ=နိက္ကမ=ပရက္ကမ ဓာတ် ခေါ် ၀ီရိယဓာတ်)များ တရိပ်ရိပ်ဝင်လာသည် ကိုတွေ့ရမည်ဖြစ်၏။
ထို“သဒ္ဓါ၊ဆန္ဒ၊၀ီရိယ” ဓာတ်တို့သည် ပရမတ္ထသဘာဝ အမှန်တကယ်ရှိသော အင်အားများ,သတိထူးကြီးများဖြစ်ကုန်၏။ကမ္မဋ္ဌာန်း
တရားအားထုတ်မည့်သူ၌ ထို အင်အား(၃)ခု မရှိ၍ မဖြစ်ချေ။
မိမိ တစ်ကိုယ်တည်း တရားထိုင်နေသည် ဟု ထင်ရသော်လည်း မဟုတ်ချေ။သုံးလောကထွဋ်ထား ဘုရားရှင် နှင့်တကွ မိမိ ကမ္မဋ္ဌာန်း
ဆရာတို့၏ ဘုန်းတန်ခိုး ၊မေတ္တာ၊ကရုဏာ အရှိန်အ၀ါ များ သက်ဝင်ကာ စင်စစ်ဘုရားရှင် နှင့် ဆရာသမားများသည် ဓမ္မမိတ်ဆွေ (ယောဂီ)နှင့်
အတူ ရှိနေတော်မူ၏။
ခန္ဓာကိုယ် စွန့်လှူ အပ်နှင်းထားရခြင်း နှင့်စပ်၍ “၀ိသုဒ္ဓိမဂ်” တွင်လာသော အောက်ပါဖော်ပြချက် ကိုဖတ်ရှုကြည့်လျှင် ပို၍ ထင်ရှားပါမည်။
“ဤကဲ့သို့ စွန့်လှူအပ်နှင်း၍ မထားပါပဲ တောစွန်စုံပြား နေရာများသို့ သွားရောက်၍ တရားရှုပွားသည်ရှိသော် တစ်စုံတစ်ခုသော
ကြောက်ရွံ့ ထိတ်လန့်ဖွယ် အနှောက်အယှက် အန္တရာယ် အာရုံ နိမိတ်များ တွေ့ကြုံထင်မြင်လာလျှင် ယောဂီသည် ကြံ့ကြံ့ခိုင်ခိုင် မခံရပ်နိုင်တော့၍ ရွာနီးချုပ်စပ် သို့ကပ်ရောက်လာရကာ လူတို့နှင့် ရော၍ မလိုလားအပ် သော အကျိုးမဲ့ ပျက်စီးခြင်း ပျက်စီးသွားနိုင်
လေသည်။
ဘုရားရှင် အား ခန္ဓာကိုယ် စွန့်လှူအပ်နှင်းထားသော ယောဂီ မှာကား အကယ်၍ တစ်စုံတစ်ခုသော ကြောက်ရွံ့ ထိတ်လန့်ဖွယ်
အနှောက်အယှက် အန္တရာယ် အာရုံ နိမိတ်များ တွေ့ကြုံရသော်လည်း ကြောက်ရွံ့ထိတ်လန့်ခြင်းမဖြစ်တော့ပြီ။
မဖြစ်ရုံမျှသာ မက-
‘အသိဉာဏ်ရှိသော အို ယောဂီ…၊ သင် သည် ခန္ဓာကိုယ် နှင့် အသက် ကို ဘုရားရှင် အား ရှေးမဆွ ကပင် နှင်းအပ် စွန့်လှူခဲ့ပြီ မဟုတ်ပါလော’-ဟု ဆင်ခြင်လိုက်သည် နှင့်တစ်ပြိုင်နက် ၊ တွင်းပြင်နှစ်ဖြာ လွန်စွာ အန္တရာယ်များလှသော ငါ၏ ခန္ဓာကိုယ်ကြီးကို သင့်လျော် လုံခြုံရာ၌ သိမ်းဆည်းအပ်နှံ ထားခဲ့ရပေပြီ။”(မဟာဋီကာ။)
ဥပမာ အားဖြင့်-
အဖိုးတန်ကောင်းမွန်လှသော အ၀တ်အစားရှိထားသူသည် မိမိ အ၀တ်အစား များကို ပိုးရွ၊ခြပုန်း၊ကြွက် စသည် ကိုက်ဖြတ်ခံရသော အခါ လွန်စွာ စိတ်ဆင်းရဲရ၏။ အကယ်၍ ထို အ၀တ်အစားများ ကို အရှင်မြတ် တစ်ပါးပါးအား ပေးလှူပြီးသည့်နောက်မှ အပိုင်းပိုင်းပြတ်ကာ ရစရာ မရှိအောင် ပျက်စီးသွားသည် ကိုမြင်တွေ့ရသော်လည်း (ငါ,ငါ့ဟာ=အတ္တ,အတ္တနိယ မပါရှိတော့သဖြင့်) စိတ်ဆင်းရဲခြင်းမဖြစ်။ ‘ငါ့ လက်ထဲမှာလည်းပျက်စီးသွားနိုင်တာပဲ၊ယခုမူ ငါ၏အလှူဒါန မြောက်ရပေစွာ့’ဟု ၀မ်းမြောက်၍သာနေရ သကဲ့သို့ဖြစ်ပါ၏။
စင်စစ် အတုမဲ့ ဘုန်းတန်ခိုးကြီးမားတော်မူလှသော ဗုဒ္ဓမြတ်စွာဘုရားရှင် ၏ ဂုဏ်တော် အောင်လံများ အမြဲစိုက်ထောင် လွှင့်ထူထားသော ဘုရားသားတော်၊သမီးတော် ယောဂီ တို့အား မည်မျှ တန်ခိုးကြီးသူ နတ်၊လူ၊ဗြဟ္မာ တို့က မှ မနှိပ်စက် မဖျက်ဆီးရဲကြ။ လောက၌ ဘုရင့်သား ကို မည်သူမျှ မစော်ကားရဲ သကဲ့သိုပင်ဖြစ်ပါ၏။
ဘုရားရှင် ပိုင်ဆိုင်ထားသော ပစ္စည်းများကိုလည်း မည်သူကမျှ မလုယူ၊မဖျက်ဆီးနိုင်ပါချေ။
(ဗုဒ္ဓာနံ ဥဒ္ဒိဿ အဘိ ဟဋာနံ စတုန္နံ ပစ္စယာနံ နသက္ကာကေနစိ အန္တရာယောကာတုံ တထာ မေ ဟောတု။)
“ဣတိဝုတ် ပါဠိတော်၊ဒေ၀သဒ္ဒသုတ်” ၌ “ဗုဒ္ဓမြတ်စွာဘုရားရှင်” ဟောတော်မူသည် မှာ-
တန်ခိုးဣဒ္ဓိပါဒ် ကြီးမားသော သူတော်ကောင်း နတ်၊ဗြဟ္မာများသည် မာရ်နတ် နှင့် တိုက်ပွဲဝင်၍ ၀မ်းသာ အားရ သာဓုခေါ် အားပေးသော အချိန် (၃)မျိုး ရှိပါ၏။
၁။ ရှင်,ရဟန်း ပြုသောအခါ
၂။ တရား စတင် အားထုတ်သော အခါ
၃။ ရဟန်း ကိစ္စ ပြီးမြောက်သော အခါ များဖြစ်ကြပါ၏။
တစ်ဖန်-“၀ိသုဒ္ဓိမဂ် ၊ နေသဇ္ဇိကင်္ဂ ဓုတင်” ကို ပြဆိုရာ၌-
အာဘုဇိတွာန ပလ္လင်္ကံ၊
ပဏိဓာယ ဥဇုံ တနုံ။
နိသီဒန္တော ၀ိကမ္ပေတိ၊
မာရဿ ဟဒယံ ယတိ။
“ယောဂီ သည် တရားအားထုတ်ရန် တင်ပျဉ်ခွေလျက် အထက်ပိုင်း ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ထိုင်လိုက်လျှင်ပင်
(ကမ္မဋ္ဌာန်းရှုမှတ်ဖို့ တင်ပျဉ်ခွေ ထိုင်လိုက်ရုံမျှဖြင့်) မာရ်နတ် ၏ နှလုံးသား ကို တုန်လှုပ်ချောက်ချားသွားစေသည်” ဟု
ဆိုပါ၏။
ထိုသို့ တရားအားမထုတ်မီ ကြိုတင် ပြင်ဆင်ရုံကလေးမျှဖြင့် ပင် ရရှိထားသော အရှိန်အ၀ါ အင်အားသတ္တိ များကားအားရကျေနပ်ထိုက် လှပါပေစွ။ တင်ပျဉ်ခွေ ထိုင်မိခါမျှ၌ပင် ရန်သူတပ်များ ဆုတ်ခွာရှဲ၍ ပြိုကွဲသွားပုံမှာလည်း ထင်ရှားလှပါ၏။
“တရားထိုင်ခြင်း”ဟူသည် “မာရ်နတ်”စစ်သည်များ နှင့် တိုက်ပွဲဝင်ရခြင်းပင်ဖြစ်သည် မဟုတ်ပါလား။
ရေးသားပြီးစီး။ ။ ၁၃၇၆ခုနှစ်၊သီတင်းကျွတ်လဆုတ်(၁၀)ရက်နေ့၊(၁၈-၁၀-၂၀၁၄)ကြာသပတေးနေ့၊(ည-၁၀း၅၁)
ချမ်းသာကြပါစေ၊အေးငြိမ်းကြပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ကိုညီညီတင်)

No comments:

Post a Comment