March 3, 2014

အယူမှန်ဝါဒ ပျက်စီးခြင်း။

   ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံလျက် တည်ထောင်ခဲ့သော ဤမြန်မာနိုင်ငံသည် ထေရ၀ါဒနိုင်ငံ
အဖြစ် ကမ္ဘာတွင် ၀င့်ထည်စွာဖြင့် ရှိပေသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားအများစုမှာ ဗုဒ္ဓဘာသာဝင်
များ ဖြစ်ကြပါသည်။ ဗုဒ္ဓဘာသာဝင်တိုင်းသည် ဘုရား၊ တရား၊ သံဃာ၊ ကံ ကံ၏အကျိုး၊ အကြောင်း

နှင့်အကျိုး ဆက်သွယ်ဖြစ်မှု၊ အတိတ်ဘ၀, အနာဂတ်ဘ၀ တို့ကို ယုံကြည်ရပါသည်။ ဗုဒ္ဓဘာသာဝင်
တစ်ဦးသည် ထိုသို့ လက်ခံယုံကြည်နေပါက အမှန်ကို လက်ခံယုံကြည်ခြင်း ဖြစ်၍ အယူဝါဒ မပျက်
မစီး တည်နေသည် မည်ပါသည်။
         ဤကဲ့သို့ ဘုရား၊ တရား စသည်တို့ကို မယုံကြည်တော့ဘဲ အောက်ပါတို့ကို လက်ခံယုံကြည်
ပါက ဗုဒ္ဓဘာသာဝင်အဖြစ် ပျက်စီးရုံမျှမက အယူမှန် ၀ါဒမှန်လည်း ပျက်စီးသည်။ မိစ္ဆာဒိဌိဖြစ်သည်။
အယူဝါဒ အမှန်ကို ပျက်စီးစေနိုင်သော အယူမှား(မိစ္ဆာဒိဌိ) တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်=
၁။ လောက၌ ဖန်ဆင်းရှင်ရှိ၏။ မြေကြီး၊ ဟိမ၀န္တာတောင်၊ စကြ၀ဠာ၊ သမုဒ္ဒရာတို့နှင့် သတ္တ၀ါအား

လုံးကို ထို ဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆတတ်ကြသည်။ ယင်းသို့ ယူဆသောဝါဒ
ကို “ ဖန်ဆင်းရှင်(ဣဿရနိမ္မာန) ၀ါဒ” ဟု ခေါ်ပါသည်။
၂။ လောက၌ ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူ၍ မရှိ။ ကောင်းမှုကို ပြုသော်လည်း ကောင်းမှုကုသိုလ်
မမည်။ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ် မမည်ဟု ယူဆတတ်ကြပါသည်။ ယင်း
သို့ ယူဆခြင်းသည် အကြောင်းကံကို ပယ်ခြင်းဖြစ်၍ “အကိရိယဒိဌိ” ဟု ခေါ်ပါသည်။
၃။ တဖန် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးတရားဟူ၍ မရှိ။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကို
ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး၊ မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆတတ်ကြသည်။
ယင်းသို့ ယူဆခြင်းသည် အကျိုး(၀ိပါက)ကို ပယ်ခြင်းဖြစ်၍ “နတ္ထိကဒိဌိ” ဟု ခေါ်ပါသည်။
၎။ ထို့ပြင် ကုသိုလ်ကံ၊ အကုသိုလ်ကံဟူ၍လည်း မရှိ။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးဟူ၍
လည်း မရှိဟု ယူဆတတ်ကြပြန်သည်။ ယင်းသို့ ယူဆခြင်းသည် အကြောင်း၊ အကျိုးနှစ်မျိုးလုံးကို
ပယ်ခြင်းဖြစ်၍ “အဟေတုကဒိဌိ” ဟု ခေါ်ပါသည်။
         ဤကဲ့သို့ အယူမှား(မိစ္ဆာဒိဌိ) တစ်မျိုးမျိုးကို လက်ခံယုံကြည်လိုက်လျှင် ထိုသူ၏ မူလကရှိနေ
သော အယူမှန်ဝါဒ(သမ္မာဒိဌိ) သည် ပျက်စီးလေတော့၏။
         ထို့ကြောင့် တရားချစ်ခင် ကျင့်ကြံအားထုတ်နေကြသော သူတော်စင်တို့ကလည်း မိမိရထား
သော လူ့ဘ၀ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် အယူမှန်ဝါဒ ပျက်စီးခြင်းမျိုး မဖြစ်စေရန် သ
တိဆောင်၍ ဘ၀မြင့်မြတ်သထက် မြင့်မြတ်ပြီး နိဗ္ဗာန်ကိုရရောက်နိုင်ကြပါစေ ကုန်သတည်း။
 { ဦးကျော်လွင် (မဟာဝိဇ္ဇာ) ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) သာသနာတော် ထွန်းကားပြန့်ပွားရေး
   ဦးစီးဌာန၏ ဗုဒ္ဓဘာသာ လူထက်လူ၊ ကို ကိုးကားရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment