December 1, 2014

သစ်ပင်ပေါ်မှာ လမ်းလျှောက်သူ


ရဟန်းဘ၀သည် သစ်ပင်ပေါ်တွင် လမ်းလျှောက်သူနှင့်တူ၏။ လူ့ဘ၀သည် မြေပြင်ပေါ်တွင် လမ်းလျှောက်သူနှင့်တူ၏။ မြေပြင်၌ လမ်းလျှောက်ရသူသည် ချော်လဲလျှင် ပွန်းပဲ့ရုံသာရှိ၏။ ထို့ထက်မပို။ ထို့အတူ လူ့ဘ၀၌ အပြစ်သေးသေးကျူးလွန်လျှင် မကောင်းကျိုးသေးသေးသာ ခံစားရ၏။ ထို့ထက်မပို။
သစ်ပင်ပေါ်မှ ခြေချော်ကျသူကား သေရသည်က များ၏။ မသေလျှင်လည်း ခြေကျိုး၊ လက်ကျိုး၊ ခါးကျိုးပြီး တစ်သက်လုံး လူစဉ်မမီသည့်ဒုက္ခကို ခံစားရ၏။ ထို့အတူ ရဟန်းဘ၀၌ကား အပြစ်သေးသေးလေး ကျူးလွန်လျှင်ပင် မကောင်းကျိုးကား ကြီးကြီးမားမား ခံစားရ၏။

အကြောင်းကား - သူတစ်ပါး လှူသည်ကို စားနေသူဖြစ်သော ကြောင့်ပင်တည်း။ ဓမ္မပဒ၌ “ဧရကပတ္တ”အမည်ရှိ နဂါးတစ်ကောင် အကြောင်းပါရှိ၏။ ထိုနဂါးသည် အတိတ်ဘ၀က ရဟန်းတော်တစ်ပါးပင် ဖြစ်၏။ တစ်ရက်တွင် လှေဖြင့်ခရီးသွားရာ လမ်းခရီးအကြားတွင် လှေလူးသောကြောင့် ဟန်ချက်ပျက်သွားသော ခန္ဓာကိုယ်ကို ပြန်ထိန်းနိုင်ရန် လှေအနီး ကမ်းစပ်တွင်ပေါက်ရောက်နေသည့် မြက်ပင်တစ်ပင်ကို ဆွဲကိုင်လိုက်မိ၏။
လှေ၏အရှိန်ကြောင့် မြက်ပင်သည် ရဟန်း၏လက်တွင်းသို့ ပြတ်၍ပါလာ၏။ ထို့ကြောင့် ရဟန်းတွင် ပါစိတ်အာပတ်(အပြစ်)သင့်သွား၏။ နေထိုင်ရာကျောင်းသို့ရောက်သော်လည်း ဒေသနာကြားစရာ ရဟန်းမရှိသောကြောင့် မကြားဖြစ်ပေ။ တစ်ရက်တွင် ရောဂါတစ်ခုဖြင့် ပျံလွန်တော်မူရာ မြက်ပင်ကိုဆွဲဖြတ်ခဲ့မိသော အပြစ်(အာပတ်)ကြောင့် နဂါးဘ၀သို့ ရောက်ခဲ့ရခြင်းဖြစ်၏။
လူသားတစ်ယောက်အတွက် မြက်တစ်ပင်ကို နုတ်ခြင်းသည် အပြစ်မဟုတ်သော်လည်း ရဟန်းတစ်ပါးအတွက်ကား အပါယ်သို့ပင် ကျရောက်ခဲ့ရ၏။ သစ်ပင်ပေါ်မှကျလျှင်အနည်းဆုံး ကျိုးပဲ့သွားမည်ဟု ဆိုထားသည် မဟုတ်ပါလော။ ထို့ကြောင့် ရဟန်းဘ၀တွင် ရဟန်းလို နေနိုင်ကကောင်း၏။ ရဟန်းလိုမနေနိုင်က လူထွက်သင့်၏။
ရဟန်းဟူသည် ကြည်ညိုစရာကောင်းသော ရဟန်း၊ ခင်စရာကောင်းသောရဟန်းဟု နှစ်မျိုးရှိ၏။ ကြည်ညိုစရာကောင်းသောရဟန်းဟူသည် “ဗုဒ္ဓအလိုကျရဟန်း”ပင်ဖြစ်၏။ ခင်စရာကောင်းသော ရဟန်းဟူသည် “လူ့အလိုကျရဟန်း”ပင်ဖြစ်၏။ 

 မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment