June 5, 2014
ပကတိစိတ်မှ နိဗ္ဗာန်ဆီသို့။
တို့တစ်တွေ မြင်လိုက်လို့ရှိရင် မြင်တာကို သိလိုက်တဲ့စိတ်ကို ပကတိစိတ်လို့ခေါ်ပါတယ်။
အဲဒီ-မြင်လိုက်တဲ့စိတ်ရဲ့ ဒီအာရုံပေါ်မှာ ဖြစ်ပျက်သွားတဲ့ သဘောတွေကို နောက်က လေးလေး
နက်နက်သတိထားတဲ့ စိတ်ကလိုက်ပြီးတော့ သိသွားပါတယ်၊ အဲဒီ စိတ်ဟာ သတိတို့၊ သမ္ပဇညတို့၊
ဝီရိယတို့ ဒီစွမ်းအားတွေနဲ့ တွဲလာပါတယ်။
         သူ့ဟာသူ ဖြစ်တဲ့စိတ်က သတိမပါပါ။ သူ့ဟာသူ အလိုအလျောက် ဖြစ်သွားတာပါ၊ သူက
မြင်လိုက်ရင် မြင်မှန်း သိလိုက်ပါတယ်။ အသံကြားလိုက်ရင် ကြားတာကို ကြားမှန်း သိပါတယ်၊
အနံ့ရရင်လည်း နံမှန်းသိပါတယ်၊ အရသာပေါ်ရင်လည်း ပေါ်မှန်းသိပါတယ်၊ ထိတွေ့ရင်လည်း
ထိမှန်းသိလိုက်ပါတယ်။
         ဒါတွေက စိတ်ရဲ့ သဘာဝရဲ့ တုန့်ပြန်မှုအနေနဲ့ သွားနေတာဖြစ်ပါတယ်။ အဲဒါ- ပကတိ
စိတ်ဆိုပါစို့၊ အဲဒီ ပကတိစိတ်မှာ နောက်ထပ် ဆက်ပြီးတော့ တွေးလိုက်တာတွေက လိုချင်တဲ့
လောဘနဲ့ တွေးကြပါတယ်၊ မုန်းတီး
တဲ့ ဒေါသနဲ့တွေးကြပါတယ် ဆိုတော့ အကုသိုလ်တွေချည်းပဲ
ဆက်လာနေကြပါတယ်။ အဲဒီနေရာမှာ မုန်းတီးတဲ့စိတ် မ၀င်အောင်၊ လိုချင်တဲ့စိတ် မ၀င်အောင်
ဆိုတဲ့ “သတိသမ္ပဇည” စွမ်းအားနဲ့ ပြန်ထိန်းလိုက်ပါက သူ့အတွေးမှာ လောဘ မပါတော့ပါ၊ ဒေါ
သ မပါတော့ပါ၊ မောဟ မပါတော့ပါ။ သတိပညာနဲ့တွေးတဲ့ ဒီအတွေးလေးတွေ ပါလာသည့်အတွက်
ကြောင့် ဆင်ခြင်တုံတရားတွေ ပြည့်လာပါတယ်။ နောက်ဆုံးမှာ သတိစွမ်းအားတွေ၊ ပညာစွမ်းအား
တွေ မြင့်တက်လာပြီဆိုရင် လောဘနဲ့တွေးတဲ့ အတွေး ဘယ်တော့မှ ပေါ်မလာတော့ပါ။ ဒေါသနဲ့
တွေးတဲ့ အတွေးလည်း ဘယ်တော့မှ ပေါ်မလာတော့ပါ။ မှန်မှန်ကန်ကန် သဘာဝအတိုင်းသိမြင်တဲ့
အတွေးမျှသာ ပေါ်လာတယ်ဆိုတဲ့ အဆင့်ကို ရောက်သွားပါတယ်။
အဲဒီအဆင့်ကို ရောက်အောင် ကိုယ့်စိတ်ကို ကြိုးစားပြီး ပြင်ရပါမယ်။  အဲဒီလို လုပ်ရင်းလုပ်ရင်းနဲ့
နောက်ဆုံးမှာ ကိုယ်ကြည့်တဲ့ အာရုံတစ်ခု၊ ကိုယ့်စိတ်ထဲပေါ်လာတဲ့ အာရုံတစ်ခုနဲ့ ပတ်သက်ပြီး ဒီ
အာရုံတွေပေါ်မှာ နှစ်သက်ကျေနပ်မှုဆိုတာ ဘာမှမရှိတော့ဘဲ ဖြစ်ပြီးတော့ ပျက်သွားတဲ့ သဘော
တွေပဲတွေ့ပြီး ဒီသင်္ခါရ အာရုံတွေအပေါ်မှာ ငြီးငွေ့စရာတွေ၊ စိတ်ပျက်စရာတွေ၊ အမြဲတမ်း
ဖြစ်လိုက်ပျက်လိုက်ဆိုတဲ့ သဘာဝတွေ မြင်လာရင် ဒီသင်္ခါရတွေအပေါ်မှာ ငြီးငွေ့လာပါတယ်၊
လွတ်မြောက်ချင်တယ်ဆိုတဲ့ သဘောတွေ ပေါ်လာပါတယ်။
         နောက်ဆုံးကျတော့ ပြန်လည် ဆင်ခြင်သုံးသပ်လာပါတယ်၊ သုံးသပ်ပြီး ဒီသဘာဝတရား
တွေနဲ့ စိတ်ဟာ နေသားတကျ ဖြစ်လာပါတယ်၊ မုန်းတီးမှုဆိုတာ မရှိတော့ပါ၊ ချစ်ခင်မှုတွယ်တာ
မှုဆိုတာ မရှိတော့ပါ၊ ကိုယ်နဲ့မဆိုင်တဲ့ အရာတစ်ခုကို ထိုင်ကြည့်နေတဲ့ အနေအထားမျိုး ဖြစ်လာ
ပါတယ်။ နောက်ဆုံးမှာ အဲဒီ-ဖြစ်ပျက်မှုတွေ သင်္ခါရတရားတွေ လုံးဝဆုံးသွားတဲ့ အဆင့်တစ်ခုကို
ရောက်သွားပါတယ်။
         အဲဒီ-အာရုံလေးတစ်ခုဟာ ဆုံးသွားတဲ့အဆင့်လေးတစ်ခု ရောက်လိုက်တာနဲ့ တစ်ပြိုင်နက်
သံသရာက ပါလာတဲ့ လောဘတွေ ဒေါသတွေ မောဟတွေ မာန်မာနတွေဟာ အကုန်လုံး  ကင်း
ရှင်းသွားပါတယ်။  အဲဒါကိုပဲ သင်္ခါရတွေရဲ့ ချုပ်ဆုံးသွားရာ နိဗ္ဗာန်လို့ ခေါ်ပါတယ်။
         အဲဒီ-နိဗ္ဗာန်ကို အာရုံပြုပြီး အဲဒီ-အဆင့်ကို ရောက်သွားတဲ့ စိတ်ကလေးက နိဗ္ဗာန်နဲ့ ထိတွေ့
လိုက်တာနဲ့ တစ်ပြိုင်နက် သံသရာက ပါလာတဲ့ အနုသယဓာတ်ပါမကျန် ကိလေသာမှန်သမျှ အကုန်
လုံး မဂ်လေးပါး ဖိုလ်လေးပါးဖြင့် ငြှိမ်းသတ်ဖယ်ရှားပစ်နိုင်ပါတယ်။
သင်္ခါရတွေ ချုပ်ဆုံးသွားတဲ့အဆုံးကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် ကိလေသာတွေ အကြွင်းအ
ကျန်မရှိအောင် ဖယ်ရှားနိုင်ပါတယ်။ မဂ်လေးကြိမ်လေးခါ ဖြစ်ပြီးရင် နောက်ဆုံးမှာ ကိလေသာဆို
တာ အားလုံး ကုန်သွားပါတယ်၊ နိဗ္ဗာန်ကို အာရုံပြုနိုင်တယ် ဆိုတဲ့အဆင့်ကို ရောက်သွားပါတယ်။
ခန္ဓာကြီးရှိနေလို့ ဒုက္ခကြုံနေသေးသော်လည်း နောက်ထပ် ဒီလိုဒုက္ခကြုံရမည့်ခန္ဓာမျိုး ရစရာအ
ကြောင်း မရှိတော့ပါ။ ခန္ဓာမရှိရင် ခန္ဓာနဲ့စပ်ပြီး ဖြစ်ပေါ်လာမည့်ဒုက္ခလည်း မရှိတော့ပါ။
         ဒါကြောင့်မို့လို့ တရားချစ်ခင် ဓမ္မမိတ်ဆွေတို့ကလည်း ပကတိစိတ်မှ နိဗ္ဗာန်ဆီသို့ သွားရ
မယ့် နည်းလမ်းကောင်းကို လေ့လာဆည်းပူး သိရှိနားလည်ပြီး ကိုယ့်သန္တာန်မှာ ကုသိုလ်ဖြစ်
အောင် နှလုံးသွင်းဆင်ခြင်မှု၊ မိမိစိတ်ကလေးမှာ အကုသိုလ်တွေ မဖြစ်ရလေအောင်၊ အကု
သိုလ်တွေနဲ့ ဆိုင်ရာတွေ မတွေးတောလေအောင် ကောင်းတဲ့အာရုံနဲ့ အစားထိုးတာ ဖြစ်တယ်လို့
သိရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ် မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံကြိုး
ကုတ် အားထုတ်နိုင်ကြပါစေသတည်း။ ။
 { ၁၃၇၂-ခုနှစ်၊ တပို့တွဲလဆန်း(၃)ရက်၊ ၆-၂-၂၀၁၁၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
  ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာ
  လာဘိဝံသ ဟောကြားသော ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား- တရား ဒေသနာတော်မှ ကောက်
  နုတ်ရေးသား ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment