August 30, 2013

၃၁ဘုံနှင့် နိမိတ်ကြီးလေးပါး

နိမိတ်ကြီးလေးပါး

ဤကမ္ဘာမြေကြီး၏ အထက်ဆုံးတွင် ဘုံအဆင့်ဆင့်ပေါင်း(၂၀) ရှိပါသည်။ အမျိုးအစားအနေနဲ့ကတော့ ရုပ်သာရှိ၍ နာမ်မရှိသော ဗြဟ္မာ ၊ နာမ်သာရှိ၍ ရုပ်မရှိသော ဗြဟ္မာ၊ ရုပ်ရော နာမ်ရောပါရှိ၍ ဆင်းနိုင် တက်နိုင်သော ဗြဟ္မာဟူ၍ သုံးမျိုးရှိ၏။ ကာမဂုဏ်ချမ်းသာမခံစားကြ၍ မြတ်သော ဗြဟ္မာဘုံ(၂၀)တွင် နေကြပါ၏။ ၄င်းဘုံ(၂၀)၏အောက်မှ (၆)ဘုံသည် နတ်ပြည်(၆)ထပ်ဖြစ်၏။ နတ်ပြည်(၆)ထပ်၏ အောက်တွင် ရှိသော ဤမဟာပထဝီမြေကြီးသည် လူပြည်၊ လူ့ဘုံဖြစ်ဖြစ်၏။
၎င်းလူ့ဘုံ၏ အောက်တွင် အပါယ်လေးဘုံရှိ၏။ ၄င်းအပါယ်လေးဘုံမှ တိရိစ္ဆာန် ပြိတ္တာ အသူရကယ်(၃)မျိုးတို့သည် လူ့ပြည်တွင် နေထိုင်နိုင်ကြ၏။ ငရဲသားမူကား ကမ္ဘာမြေကြီး၏ အောက်ဆုံး အဝီစိတွင် အထပ်အဆင့်(၈)ဖြင့် ငရဲခံ ကြရလေသည်။

ကျွန်ုပ်တို့သည် ရှေးဘဝက ကောင်းမှု ကုသိုလ်ကံအဟုန်ကြောင့် ကာမ(၁၁)ဘုံဟုခေါ်သော နတ်ပြည်(၆) ထပ်၊ လူဘုံ(၁)ထပ်၊ အပါယ်လေးဘုံတည်းဟူသော ဘုံ(၁၁)ဘုံတွင် လှူဒါန်းနိုင် စုဆောင်းပေးကမ်းနိုင် ကုသိုလ်ကောင်းမှုပြုနိုင်၊ နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းတို့ကို ကျင့်ဆောင်နိုင်သည့် လူ့လောက လူဘုံတွင်ရောက်ရှိနေကြရာ အပါယ်လေးဘုံကိုဆင်းမလား၊ အထက်ဘုံကိုတက်မလားဆိုတာ စေ့စေ့ တွေးပြီး စဉ်းစားထားသင့်ကြပါတယ်။ ဆင်းရန်၊ တက်ရန်နည်းလမ်းတွေ အများကြီး ရှိပါတယ်။ စက်ရဟတ် ဆိုတာ(၃၁) ဘုံကလည်တာမဟုတ်ပါဘူး။ သတ္တဝါ၊ လူနတ်တွေကသာ တက်လိုက်ဆင်းလိုက်နဲ့လည်နေကြ တာဖြစ်ပါတယ်။

သံဝေဂအကြောင်းကို ပြောရရင် အလောင်းတော်သိဒ္ဓတ္တမင်းသားသည် ကာမ(၁၁)ဘုံတည်းဟူသော လူဘုံ မှာလူဖြစ်လာပြီး အသက်(၂၉)နှစ်ရောက်မှ နတ်ပြသော နိမိတ်ကြီးလေးပါးကို သိမြင်ရ၍ သတိသံဝေဂရပြီး တောထွက်ခဲ့၏။ယနေ့ခေတ်မှာတော့ နတ်ပြမှမြင်နိုင်သည်မဟုတ်ပါ။

၁။လူအိုရုံကိုသွားကြည့်ရင် အိုနေတဲ့ရုပ်အမျိုးမျိုး၊ သွားကြိုး ဆံဖြူ မျက်စေ့မှုံ၊ နားမကြား၊ အရေတွဲ ခါးကိုင်း တုံတုံရီရီဖြစ်နေသော အဘိုးအို အဖွားအိုတို့ကို တွေ့မြင်ပြီး တစ်နေ့ကျရင် ငါလည်းထိုကဲ့သို့ အိုရဦးမှာပဲလို့ သတိသံဝေဂ တစ်ချက်ယူထားလိုက်ပါ။

၂။ရန်ကုန်ဆေးရုံကြီးကိုသွားပြီး ရောဂါသည်လူနာတွေနှင့် ထိခိုက်ဒဏ်ရာရပြီး ကြိုးပဲ့ပြတ်သတ်နေတဲ့ လူနာတွေကိုကြည့်ရင် ကြင်နာသနား စိတ်နှင့် တရားစိတ်တစ်စိတ်ပေါ်လာပြီး အော် နာခြင်းဆင်းရဲ ဒုက္ခဆို တာ ဒါတွေပါလားလို့ စိတ်ထဲမှာ သံဝေဂတစ်ချက်ရအောင်ယူလိုက်ပါ။

၃။ထို့နောက် လူသေတွေထားတဲ့ ရေခဲတိုက်ထဲကိုရောက်အောင်ဝင်ကြည့်လိုက်စမ်းပါ။ လက်မှာ လူနာ နံပတ်နဲ့ အမည်ကိုရေးပြီး ကြိုးနှင့်ချည်ပြီး မိန်းမယောင်္ကျား၊ ဗလာကိုယ်နဲ့စုပုံထပ် ထားတာကိုတွေ့ရပါလိမ့် မယ်။ယခုတော့ နေရာတွေခွဲထားလိုက်သဖြင့် ပုံမထားတော့၊ စီထားတယ်လို့ သိရပါတယ်။ အဲဒီတော့ မကြာ ခင်တစ်နေ့နေ့မှာ ငါလည်းသေရမှာပါကလားဆိုပြီး သတိသံဝေဂတစ်ချက်ယူလိုက်ပါ။

၎။ရဟန်းသံဃာကိုတော့ ပကတိမျက်စေ့နှင့် ဥာဏ်မျက်စေ့နှစ်ခုပေါင်း၍ ကြည့်ရှုဖူးမျှော်ပါ။ ၄င်းရဟန်း သံဃာတို့သည် လောဘ ဒေါသ မောကင်းကွာ၊ တဏှာကာမ၊ ကိလေသာနှင့် ရာဂ အမိုက်နှစ်ချိုက်မပျော် မမွေ့လျှော်ဘဲ ရှင်တော်ဟောကြား မြတ်တရားကို မှတ်သားကြည်ညို မဂ်ဖိုလ် နိဗ္ဗာန်ရောက်ကြောင်းမှန် သည့် သံဃာတော်တွေပါလား၊ သာသနာတော်သုံးရပ်ကိုလက်ဆင့်ကမ်းပြီး ယူဆောင်လာတဲ့ သံဃာတော် တွေပဲ၊ မျက်စေ့ နား နှာခေါင်း လျှာ ကိုယ်စိတ်တို့ကို ထိမ်းချုပ်ပြီး ဝိနည်းတော်နဲ့အညီ နေထိုင်ကြသော မြင့်မြတ်သော ပုဂ္ဂိုလ်တွေပါလားဆိုပြီး အားကျ၍ သံဝေဂတစ်ချက်ယူလိုက်ပါ။

အဲဒီလိုသံဝေဂရစေရန် အခြေခံလေးချက်လောက်ကို သိမြင်ပြီး စဉ်းစားဆင်ခြင်လိုက်ပါက အားကိုးအား ထားစရာ ရှာချင်စိတ်ပေါ်လာပြီး ဘုရားသွားမယ်၊ ကျောင်းသွားမယ်။ တရားစာဖတ်မယ်။ တရားနာမယ်၊ လှူဒါန်းမယ်၊ ဥပုသ်စောင့်မယ်၊ ငါးပါးသီလမြဲအောင်နေမယ်၊ မေတ္တာပို့မယ်၊ တရားရိပ်သာတစ်ခုခုကို သွားမယ်ဆိုတဲ့ ကောင်းမှုကုသိုလ်စိတ်တွေများလာမည်ဖြစ်ပါကြောင်း သံဝေဂရရန် အကြံပေးနှိုးဆော် လိုက်ပါသည်။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

http://www.wiradhamma.blogspot.com/
မှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment