November 23, 2013

တိမ်ဖုံးပါလို့ လမသာ

တိမ်ဖုံးပါလို့ လမသာ
လပြည့်ညလေး ကိုယ့်အတွေး
ညစဉ် ညတိုင်း အမှောင်အတိကျနေတဲ့ လောကကြီးကို အလင်းပေးနေတဲ့အထဲမှာ ဟိုး...မိုးပေါ်က လမင်းကြီး ကို မေ့ထားလို့ မဖြစ်နိုင်ပါဘူးနော် ၊ ကမ္ဘာမြေပြင်ရဲ့ ဟို... အဝေးကြီးကနေ မြေကမ္ဘာမှ သက်ရှိ သက်မဲ့ များစွာကို အလင်းရောင်းပေးနေတဲ့ ဒီ လမင်းကြီးဟာ မျက်နှာကြီးငယ် မရွေးချယ်ပဲ အေးမြ ပြီး လှပတဲ့ အလင်းရောင်တွေ နဲ့ ကျေးဇူးပြု ပေးနေတာကြောင့် မြေကမ္ဘာကြီးဟာ ညအခါမှာပင် လှချင်တိုင်း လှနေလေ့ ရှိပါတော့တယ် .
ဒီ လမင်းကြီးဟာ လတစ်လရဲ့ လဆန်းပက္ခ ရောက်ခဲ့လေတိုင်း ထွက်ပေါ်လာလေ့ရှိပေမဲ့လဲ သူ့ထက် အလင်းအင်အား လွန်စွာ ကြီးမားတဲ့ နေမင်းကြီးထွက်ပေါ်လာတဲ့အခါ ဘယ်ဆီများ သွားပုံးကွယ်နေရတယ် မသိပါဘူး ။ ဒါပေမဲ့ ည ဘက်ဆီသို့ တစ်ကြော့လည်လာလေတိုင်း ပြန်လည်ထွက်ပေါ်လာပြန်ရော.. ဒီလို နေ့ညလည်ပတ်ရင်း လမင်းကြီးဟာ တစ်လမှာ တစ်ခါ တော့ အပြည့်အဝ အလင်းပေးခွင့် ရလေ့ရှိပါတယ်။ အဲဒီလို လမင်းကြီးရဲ့ အလင်းကို အပြည့်အဝ ခံယူခွင့်ရတဲ့ ညလေးမို့ လပြည့်ညလို့ ဆိုကြလေသလားလို့ အပေါ်ယံအတွေးနဲ့ နားလည်ခဲ့ဖူးပေမဲ့ နောက်ဝယ်မှာ ဖုံးကွယ်နေတဲ့ အဓိပ္ပါယ်များကိုတော့ တစ်ခါမှ တွေးမကြည့်ခဲ့မိဘူးပါဘူး
တကယ်တော့ လ ဆိုတာ သေးရာမှနေ တစ်ဖြေးဖြေး ကြီးလာ ပြည့်လာပြီး လပြည့်ရက်/ည ရယ်လို့ ဖြစ်လာခဲ့ပေမဲ့ ပြည့်ပြီးနောက်ဝယ်တော့ ပြန်လည်သေးငယ်သွားကာ လကွယ်ရက်/ည ဆိုတာဆီ ဦးတည်နေပြန်ရတယ်ဆိုတာ ခုတော့ တွေးမိလို့ လာပါပြီ ။ ဒီအတွေးတွေနဲ့ အတူ မိမိရဲ့ ဘဝ ဖြစ်တည်မှုလေးတွေနဲ့ နှိုင်းကာ ဆကြည့်တော့ ၊ အော် ....ဒါလဲလေ ဒို့တစ်တွေကို သတိသံဝေ ချွေနေတာပါလားလို့ ခုညမှာတော့ အတွေးရခဲ့ပါတယ်
လ လျှင် ပြည့်ကွယ် ကြီး၍ငယ် သို့
လလျှင်ပြည့်ကွယ် ၊ ကြီး၍ ငယ်သို့ ၊ထို့နှယ်မလွဲ ၊လူခပဲ လည်း ၊ အမြဲ ချမ်းသာ မရှိရာဘူး...တဲ့ စာသင်သားဘဝက ကျက်ခဲ့ဘူးတဲ့ စာပိုဒ်လေးပေါ့ ..တကယ်တော့ လမင်းကြီးဟာ သေးရာ ကနေ ကြီးလာခြင်းပါ ၊ ကြီးလာ ပြည့်လာပြီးတော့လဲ အမြဲ တည်မနေပဲ တစ်ဖြည်းဖြည်း ပြန်လည်သေးငယ်ရာမှ ပျောက်ကွယ်သွားရ ပြန်တယ်နော် ။
ဒီလိုပဲ ထင်ပါရဲ့ ..လူဆိုတာလဲ မွေးလာ ပြီး ကြီးလာရပေမဲ့ ပုခက်နှင့် ဝေးလေလေ အခေါင်းနဲ့ နီးလေလေမို့ ကြီးလာတာနဲ့အမျှ လူ့လောက ကနေ ပြန်လည်ပျေက်ကွယ်ဖို့ နီးလာရပြန်ပါတယ် ။ အောင်မြင်မှု သရဖူတွေ အလီလီဆောင်းလို့ ဂုဏ်ပေါင်းစုံနဲ့ ပြည့်စုံလှပါတယ်ဆိုတဲ့ သူတွေမှာလဲ အသက်အရွယ် ကြီးလာတာနဲ့ အမျှ ဂုဏ်ပကာသနတွေကို ခဝါချလို
့ မာန်မာနတွေ လျော့ကျပြီး လောကကြီးကို အရှုံးပေးနေရတာတွေ ရှိနေတာပါပဲ ၊
နောက်ဆုံးမှာ တော့ သေရာ ညောင်စောင်း လဲလျှောင်းရင်း အရာရာကို လက်ပြခဲ့ရသူချည်းပါပဲလား လို့ စဉ်းစားမိလိုက်တဲ့အခါ ရင်ထဲမှာ ဟာနေတာတော့ ဘာသာပင် သိကြမယ်ထင်ပါရဲ့ပေါ့ ။
ငယ်စဉ်တုန်းက ပျော်စရာ ..ခုနေတွေးတော့ ရယ်စရာ
ပေမှာ တစ်သီး ၊ တစ်သက်ပြီးလျှက်၊ ကျိီးတစ်သားပေါက်၊ နောက်၌မလာ ၊တစ်ကြိမ်သာ သို့ ၊ တစ်ဘဝမှာ၊ သတ္တဝါထိုထို ၊တစ်ကြိမ်အိုက၊ နောက်ကို တစ်လည်၊ ပျိုသည်မရှိ၊ အိုသည့်ထိတည့်...တဲ့ ။ မန်လည်ဆရာတော်ဘုရားကြီး ၏ မဃဒေဝလင်္ကာလာ ဒီ စာသားတွေဟာ သေချာ ခံစားနားလည်ကြည့်မယ် ဆိုရင် စာရေးသူတို့ကို သံဝေဂအတွေးတွေ အပြည့်ပေးနေတယ်လို့ ထင်ပါတယ် ။ လပြည့်ညပြီးရင် လကွယ်ည ဆိုတာ ရောက်လာပေအုံးမှာလို့ တွေးမသိခဲ့တဲ့ ငယ်စဉ်ကလေးဘဝရဲ့ လပြည့်ညချမ်း အပျော်လေးတွေဟာ ခုနေခါပြန်တွေးတော့ ရယ်စရာလေး သဖွယ် ဖြစ်နေပြန်ပါတော့တယ်

လမင်းအစွမ်း ညစ်နွမ်းစေသူ
ငယ်စဉ်ကလေးဘဝမှာတော့ လမင်းကြီး သာတာကို တန်ဖိုးထားပြီး လသာရက်များကို မျှော်လင့်နေမိတတ်ပါတယ် လမင်းကြီးရဲ့ အလင်းရောင်အောက်မှာ သူငယ်ချင်းတွေနဲ့ ပြေးလွှား ဆော့ကစားခဲ့ရတာဟာ မမေ့းကောင်းတဲ့ အတိတ်အကြောင်းတွေထဲမှာ ပါနေကောင်း ပါနေတတ်ပါတယ်. လသာရက်ဖြစ်ပေမဲ့ လမင်း အလင်းရောင် မမြင်ရဘူးဆိုရင်ဖြင့် ဘာကြောင့်ရယ်လို့ အတွေးမကြွယ်မိခဲ့ပါဘူး သက်ရွယ်ရလာ ခုနေမှာတော့ ဆီးနှင်း မြူ တိမ် သူရိန် မီးခိုး ဆိုတဲ့ ညစ်မျိုး ငါးဝသည် လသာညကို မှောင်မိုက်စေတတ်ခဲ့တာပါလား လို့ နားလည်စ ပြုလာပါတယ် ။
လမင်းအလှ ပံ့ပိုးကြသူ
ဒီ လမင်း ကြီး.. လောက အတွင်းမှာ ထင်လင်းသာယာနေဖို့ဆိုတာ အထက်က ဖေါ်ပြခဲ့တဲ့ ဆီးနှင်း မြူ တိမ် အစရှိသော အရာတွေကင်းစင်နေဖို့ လိုသလို လမင်းကြီးကို ဝိုင်းရံ ခနေကြတဲ့ ကြယ်တာရာတွေကလဲ လမင်း ရဲ့ အလှကို ပိုမို ပေါ်လွင်အောင် ပံ့ပိုးနေသလို ဖြစ်နေပါတယ။် ထို့အတူပင် ကောင်းကင်ပြာပြာကြီးက နောက်ခံ မပေးထားရင် လမင်းရဲ့ အလှဟာ သိပ်ပေါ်လွင်လိမ့်မယ် မထင်ပါဘူး။ ဒါကြောင့် ကောင်းကင်ပြာပြာ ကြယ်တာရာတို့ဟာ လမင်းကြီးကို အလှဆင်ပေးနကြသလို လမင်းအလှ ပိုမိုထင်ရှားအောင် ထောက်ပံ့နေကြသလိုလို ထင်မိပါတယ် ။ ဒီလိုပါပဲ မိမိတို့မှာ လည်း မိဘဆွေးမျိုးတွေက လမင်းကြီးကို နောက်ခံ ပေးထားတဲ့ ကောင်းကင်ပြင်ကြီးသဖွယ် ၊ မိတ်ဆွေပေါင်းသင်း သူငယ်ချင်းတွေက လမင်းကြီးကို ဝိုင်းရံနေကြတဲ့ ကြယ်လေးတွေ သဖွယ်တူတယ်လို့ အတွေးနယ်ချဲ့ကြည့်နေမိခြင်းပါ ။
လမင်း နဲ့ တူစွာ ဒို့သူငါ
ဒီ လမင်း ကြီးနဲ့ နှိုင်းယှဉ်ပြီး မိမိတို့ ဘဝအသွင်ကိုလည်း ဆင်ခြင်ကြည့်လို့ ရနိုင်မယ်ထင်ပါတယ် ။ မြန်မာလို စာရေးတဲ့အခါ လ နဲ့စတဲ့ လမင်း မှာ လဆန်း ၊ လဆုတ် ၊ လပြည့် ၊ လကွယ် စသည်ဖြင့် ရှိသလို လ နဲ့ ရေးတဲ့ လူမှာလဲ မွေး နေ သေ မှု တို့နဲ့ အတူ..ပြေလည်မှု မပြေလည်မှုတွေ ၊ အနိမ်-အမြင့် ၊ အအောင်အရှုံး ၊ ပြုံးရယ် -မဲ့ငို ၊ ချစ်-မုန်း ဆိုတာတွေ ရှိနေတာပဲ မလား ..ဒီတော့ လူ့ဘဝဆိုတာဟာလည်း အရာရာသည် ဝိရောဓိ များစွာနဲ့ပါလား လို့ နားလည်မိလိုက်ပါတော့တယ်
သာချင်ပေလျက် မသာယာ
လစဉ် လစဉ် လဆန်းရက်များမှာ ဆို လမင်းကြီးဟာ သေး ငယ်မဟူ သာယာလေ့ရှိပါတယ်.. တစ်ရက် နှစ်ရက် ရေတွက်တဲ့ ဂဏန်းပမာဏကြီးလာလေလေ လမင်းကြီးရဲ့ ပမာဏလဲ ပိုမိုကြီးလာပြီး အလင်းအား ပိုကောင်းလေလေဖြစ်ပါတယ် ။သို့သော် တစ်ခါခါမှာတော့ လ သာရက်ပေမဲ့ လမထွက်ခဲ့တာတွေလဲ ကြုံဖူးတွေ့ဖူးကြမှာပါပဲ ။ အကြောင်းရှာတဲ့ အခါ ဆီနှင်း နဲ့ မြူ၊ တိမ်တွေထူပြီး မိုးလေတွေကြီးနေတာမျိုး.. ရာဟု အသူရိန်ကြီးက ဖမ်းစားထားလို့ လငပုပ် ဖမ်းနေတာမျိုး စသည့် အကြောင်းတွေကို တွေ့ရနိုင်ပါတယ်

နှိုင်းယှဉ်လေ့လာ တွေးသော အခါ
လမင်း ကြီးအသွင်ပါပဲ ၊ လူ့ဘဝ ခန္ဓာကို ရထားကြတဲ့ စာရေးသူတို့ဘဝတွေမှာလည်း တစ်ခါတစ်လေမှာတော့ အစစ အရာရာ တွင် အောင်မြင်မှုတွေရလို့ ဘေး မသီ ရန်မခ ဖြစ်ကြတော့ ပျော်ကြရွင်ကြပေါ့ ၊ တစ်ခါတစ်ခါတော့လဲ ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်လေတော့ စိတ်တွေနောက်ခါ ပျော်ရွင်မှုတွေပါ ပျောက်နေကြပြန်ပါတယ် ၊
ဒီအဖြစ်အပျက်တွေရဲ့ အကြောင်းရင်းကို ရှာကြည့်မိပြန်တော့ ကောင်းကံ ဆိုးကံ ဒီ နှစ်တန်က စီမံ နေတာကို တွေးရပြန်ပါတော့တယ် ၊ ကောင်းတာတွေးကြံ ကောင်း.မှန်..တာပြော ကောင်းမှု သဘောမှာ ပျော်နေကြသူတွေမှာ အစစအရာရာတွင် ကံတွေကောင်းနေကြပါတယ် အပြန်အလှန်အားဖြင့် မကောင်းတာကြံ ပြော မကောင်းမှု သဘောမှာ ပျော်ပိုက်နေတဲ့ ဒုစရိုက်သမား ငမိုက်သားတို့မှာတော့ တိမ်းဖုံးနေတဲ့ လ ပမာ ပါပဲ၊ဘဝဟာ သာယာချင်ပေလျှက် မသာယာနိုင်တော့ဘူးပေါ့

သံသယမိုးတိမ် ထူလွန်းချိန်
မိုးသားမိုးတိမ်တွေ ပိတ်ပိတ်သဲသဲ ထူထဲ နေခဲ့မည်ဆိုပါရင် လပြည့်ညပင် ဖြစ်ပါစေ ၊ လမင်းရဲ့ အလင်းရောင်တွေကို ရနိုင်မှာ မဟုတ်ပါဘူး ၊ ဒီအတူပါပဲ လူသားတိုင်းမှာလဲ မိုးတိမ်နဲ့ တူတဲ့လောဘ ဒေါသ စတဲ့ ကိလေသာတွေ ထူလွန်းနေမယ် ၊ အောင်မြင်ပြည့်စုံမှု ချမ်းသာများကို ပိတ်ကွယ်တားဆီးတတ်တဲ့ နီဝရဏ တရားတည်းဟူသော မိုးတိမ်တွေ ထူလွန်းနေမယ်ဆိုရင်လဲ ကံကြမ္မာတွေ ညှိုးမှိန်နေတတ်လို့ ဘာမဆို အကြပ်အတည်းနဲ့ တွေ့ရတတ်ပါတယ် ၊ တစ်ခု နဲ့ တစ်ခု အမှီသဟဲ ပြုနေတတ်တဲ့ ဒီတရားတွေဟာ တစ်ပါးက ရှေ့သွားခေါင်းဆောင်တဲ့အခါ ကျန်တဲ့အရာတွေက နောက်လိုက်အဖြစ် သစ္စာခံနေတတ်ကြပြန်တာကိုလဲ မမေ့အပ်ပါဘူး ၊
ထို့အတူပင် လူ့ဘောင်အသိုင်းအဝိုင်းမှာ လူမှုရေးဆိုတဲ့ စည်းနဲ့ ဝိုင်းပတ်ခြင်းခံထားရတဲ့ မိမိတို့ဟာလည်း အပြန်ပြန်အလှန်လှန် အမှီသဟဲပြုနေရတာချည်း ပါပဲ ။ တစ်ဦးနဲ့ တစ်ဦး ခင်ခင်မင်မင် လေးလေးစားစား ရှိကြရမဲ့ အစား သံသယအတွေးတွေနဲ့ မယုံမကြည် မလေးမစား ဖြစ်နေကြလေတော့ စီးပွားရေး လူမှုရေး ပညာရေး နိုင်ငံရေး ဘာသာရေး စသည့်အရေးတွေမှာ မကြပ်တန်ပဲ ကြပ်နေကြတယ် လို့ တွေးကြည့်မိလိုက်ပါတယ်
လမင်း မှသည် လူမင်း ဆီ သို့
ကောင်းကင်ပြာပြာ ကြီးနဲ့ နက္ခတ်တာရာ ကြယ်များစွာဟာ လမင်းကြီးရဲ့ အလှ ပေါ်လွင်ဝင့်ကြွားလာဖို့ ပံ့ပိုးနေကြသည့် နည်းတူ လူ ဆိုတဲ့ မိမိတို့ရဲ့ အလှတရား၊ စွမ်းပကားတွေ တောက်ကြွား လာဖို့ ဆိုရင် လူမှု အသိုင်းအဝိုင်းနဲ့ ကင်းလို့ မရနိုင်ဘူး ထင်ပါတယ် ၊ ဒီတော့ လူထဲက လူ ဖြစ်ကြတဲ့ မိမိတို့ဟာ လမင်းကြီးကို သက်သေယူ သက်သေထူးပြီး ဖုံးနေတဲ့ တိမ်ကြားက ထွက်ပြေးလွတ်မြောက်နိုင်အောင် လျှင်မြန်တဲ့ အရှိန် (ဝိရိယ) အားကြီးတဲ့အလင်း(ဉာဏ်ပညာ)စွမ်းအားနဲ့ ဖောက်ထွက်တန်ထွက် ရုန်းထွက်တန် ထွက်ရမှာပါပဲ ။ ဒီလို မမှိတ်မမသုန် ကိုယ်ယုံကြည်စွာလျှောက်ရာလမ်းကို ဉာဏ်စွမ်း ကံစွမ်း လုံ့လ အစွမ်းနဲ့ လျှောက်လှမ်းမယ်ဆို ကိုယ့်အသင်းအပင်းမှာတော့ ကိုယ်မင်းဖြစ်နိုင်သေးတယ်လို့ ပြောနိုင်မလားပဲ နော်

တိမ်အကာရှင်း၍ လင်းပါစေ
လူတစ်ယောက်ရဲ့ မျက်စိမှာ တိမ် လို့ခေါ်တဲ့ ရောဂါစွဲလာပြီဆိုရင် အမြင်အာရုံဟာလဲ မှုံဝါးလာတတ်ပါတယ် အဖြူ နဲ့ အမဲ မသဲကွဲချင်တော့ပါဘူး ထို့အတူ လူတစ်ယောက်ရဲ့ စိတ်ထဲမှာ တစ်ဘက်သားအပေါ် အထင်အမြင်တွေ လွဲကာ ကြံမှား ဆိုမှား ပြုမှားတွေ အထိ ဖြစ်ကုန်တယ်ဆိုတာ အခြေခံအားဖြင့် တိမ်ဖုံး နေလို့ လို့  ကောက်ချက် ချနိုင်ပါလိမ့်မယ် ၊ အဲ ဒီ တိမ်ဆိုတာတွေကတော့ ပုထုဇဉ်တို့ သန္တာန်မှာ ကိန်းအောင်းနေတဲ့ ကာမစ္ဆန္ဒ နီဝရဏ၊ ဗျာပါဒ နီဝရဏ စတဲ့ အာဝရဏ တရားတွေကိုလဲ ညွန်းဆိုနိုင်ကောင်း ဆိုနိုင်ပါလိမ့်မယ်လို့ ထင်မိပါတယ် ၊
အကယ်၍သာ သာယာလှပသော လောက ကမ္ဘာကြီးကို ဖန်တီးချင်တယ်ဆိုရင်ဖြင့် တစ်ယောက်နဲ့ တစ်ယောက် ယုံးမှားသံသယ မိုးတိမ်တွေ ကင်းရှင်းအောင် စွမ်းဆောင် ပြုမူပြောဆို နေထိုင်သင့်ပါတယ် စာရေးသူကတော့ တစ်ယောက်ယောက်အပေါ် သံသယဝင်နေမိရင် ဖြစ်စေ ဒေါသအမျက်ထွက်မိရင်ဖြစ်စေ စသည်ဖြင့် စိတ်ထဲမှာ ကိလေသာတိမ်တွေထူ ၊ ညစ်ကျူယုတ်မာဆိုးဝါးတဲ့ အတွေးမှားတွေ စိုးမိုးနေရာယူနေတဲ့ အခါမှာဖြစ်စေ စိတ်တွေမကြည်မလင်ဖြစ်ပြီး နေရ ထိုင်ရတာ မပျော်မရွှင် ဖြစ်နေတတ်တာကို အမှတ်ရမိပါတယ်
ဒါလဲ အမှန်တရား ပျောက်ကွယ်ပြီး အောင်မြင်မှုနောက်ဝယ် ပုန်းကွယ်နေရခြင်းရဲ့ တရားခံလို့ တွေးယူမိပါရဲ့...
တိမ်လွှာရှင်း၍ လမင်း သာစေ
သီတင်းကျွတ်လပြည့် ကာလ နီးလို့ ပြည့်လုနီးနီး ထွက်ပေါ်နေတဲ့ လမင်းကြီးကို ကြည့်ပြီးတွေးနေလိုက်တာတွေကို နိဂုံးချုပ်သင့်ပါပြီ ဒီအတွေးအရေးတွေဟာ စာပေကျန်းဂန်နဲ့ ညီချင်မှ ညီပါလိမ့်မယ် ကိုယ်ပိုင်ဘဝ ဖြတ်သမ်းမှုလေးတွေနဲ့ ပတ်ဝန်းကျင်မှာ တွေ့မြင်ကြားသိနေရတာလေးတွေကို နှိုင်းယှဉ်တွေးမိသမျှလေးတွေပါပဲမို့ အမြင်တို့ မတူလို့ အယူအဆတွေများ ကွဲပြား လွှဲမှားနေခဲ့ရင်ဖြင့် စာရေးသူအပေါ် နားလည်ခွင့်ပြုပေးစေချင်ပါတယ် ။
စာချစ်သူ မိတ်ဆွေအပေါင်း သီတင်းကျွတ် လပြည့်ည ကာလမှသည် နောင်နှစ်ပေါင်းရာရှည်သည်အထိ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ . အောင်မြင်မှု ဟူသမျှကို တားဆီးပိတ်ပင်တတ်တဲ့ အချင်းချင်း ယုံမှားသံသယ မိုးတိမ်များကင်းရှင်းနိုင်ကြပါစေ အချင်းချင်းချစ်ခင်ရင်းနှီးစွာ မိမိသူတပါး နှစ်ဦးသား အကျိုးတွေ သယ်ပိုးနိုင်ကြပါစေ လပြည့်ညမှာ ထွက်ပေါ်လာတဲ့ လမင်းကြီး သဖွယ် အစစအရာရာဝယ် ပြည့်စုံကြွယ်ဝကြပါစေလို့ ဝါကျွတ်ဆုမွန်ပြုရင်း တိမ်ဖုံးပါလို့ လမသာ အမည်ရ တဲ့ ဒီ တစ်ညအတွေးကို နိဂုံးချုပ်လိုက်ပါရစေ..
ဇေယျသုခ အရှင်နန္ဒဝံသ( Amarillo, Tx, U.S.A)

 ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ ဆိုက်မှ ကူယူဖေါ်ပြသည်။

No comments:

Post a Comment