September 22, 2016

"နကုလပိတာနှင့် နကုလမာတာ"


      မြတ်စွာဘုရား လက်ထက်တော်အခါဝယ် “နကုလပိတာ” ဟုထင်ရှားသော သူကြွယ်နှင့် “နကုလမာတာ” ခေါ် သူကြွယ်ကတော်တို့သည် ရှေးရှေးဘ၀ များစွာကပင် မကွဲမကွာ ဖြစ်လာကြ၍ ယခုဘ၀၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန်များ ဖြစ်ခဲ့ရလေသည်။ ထိုဇနီးမောင်နှံ နှစ်ဦးလုံးပင် ဘ၀ပေါင်းများစွာက ဘုရားအလောင်း၏ မိဘများအဖြစ်
ဦးကြီး၊ မိကြီး၊ ဦးလေး၊ ဒေါ်လေး အဖြစ်ဖြင့် အတူနေခဲ့ကြရသောကြောင့် ဘုရားရှင်ကို သားအသွင် ချစ်ခင်ကာ လွန်စွာအကျွမ်းဝင်ကြရကား လျှောက်လိုရာကို ခြွင်းချက်မရှိ လျှောက်လေ့ရှိကြသည်။ ထို့ကြောင့် အခါတစ်ပါး၌ သူကြွယ်က ဘုရားထံလျှောက်သည်မှာ.....
         “တပည့်တော်သည် နကုလမာတာကို ငယ်ရွယ်စဉ်ကပင် သိမ်းပိုက်ခဲ့ပါသည်။ သူ့ကိုသိမ်းပိုက်ခဲ့သော အခါမှစ၍ အခြားတစ်ယောက်ကို ကိုယ်ထိလက်ရောက် မဆိုထားဘိ စိတ်နှင့်မျှ မပြစ်မှားမိပါ။ နကုလမာတာကို ယခုဘ၀မှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲမြင်လိုပါသည်။” 
         ထိုစကားကို နကုလမာတာကြားလျှင် အားကျမခံ သူ့စိတ်ရင်းကို လျှောက်သည်မှာ.....
         “တပည့်တော်မသည် ငယ်ရွယ်စဉ် အခါကပင် နကုလပိတာ၏ အိမ်သို့ လိုက်ပါခဲ့ရပါသည်။
ထိုအခါမှစ၍ အခြားသူကို စိတ်မျှမကူးမိပါ။ နကုလပိတာကို ယခုဘ၀မှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲတွေ့မြင်လိုပါသည်။”
         ထို သမီးခင်ပွန်း နှစ်ဦးတို့၏ စကားကို ဘုရားရှင်ကပြန်၍ မိန့်တော်မူသည်မှာ.....
         “ယခုဘ၀၌ စိတ်တူသဘောတူ ကြည်ဖြူကြသော သမီးခင်ပွန်းတို့သည် နောက်နောင်ဘ၀၌ မကွဲမကွာ ဖြစ်လိုကြလျှင် တစ်ယောက်နှင့်တစ်ယောက် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ အရာရာ
တူစေကြရမည်။”
         ဆိုလိုသည်မှာ အိမ်ရှင်က သဒ္ဓါတရားကောင်းသကဲ့သို့ အိမ်သူကလည်း သဒ္ဓါတရားကောင်းရမည်။ အိမ့်ရှင်က သီလစင်ကြယ်သကဲ့သို့ အိမ်သူကလည်း သီလစင်ကြယ်စေရမည်။ တစ်ယောက်ယောက်က စွန့်ကြဲပေးကမ်း လှူဒါန်းလိုလျှင် မတားမြစ်ရ။ “မယ်ကလှူမူ မောင်ကြည်ဖြူ၊ မောင်
ကလှူဒါန်း မယ်ရွှင်လန်း” ဖြစ်စေရမည်။ အသိအလိမ္မာ ဉာဏ်ပညာချင်းလည်း အရာရာတူစေရမည်ဟု ဟောတော်မူ လိုရင်းဖြစ်သည်။
         သောတာပန်ဖြစ်ပြီးသော ဇနီးမောင်နှံတို့ အပြန်အလှန် ချစ်ခင်ကြသည့်အတွက် မိမိတို့အချင်းချင်းမှလွှဲ၍ အခြားသူနှင့် ဖောက်ပြားဖို့ရန် စိတ်မျှမကြံမိကြ။ ထိုမျှလောက် စိတ်ထားစင်
ကြယ်ကြသဖြင့်လည်း ပိုမို၍မြတ်နိုးကာ တစ်သံသရာလုံး မခွဲမခွာလိုဘဲ အမြဲတွေ့မြင်လိုကြပေသည်။ ဤကဲ့သို့ တွေ့မြင်လိုကြရာ၌ လောဘအရင်းခံသော ဆန္ဒပင် ဖြစ်လင့်ကစား ထိုသူတော်စင်တို့၏ တဏှာပေမလောဘသည် သူတို့ချင်း မကွဲကွာအောင် ချည်နှောင်ပြီးလျှင် ပြုပြုသမျှ
ကုသိုလ်အပေါင်းက ကောင်းမြတ်ရာသို့ ပို့ဆောင်ပေမည်။
  

အမရပူရမြို့၊ ကျေးဇူးတော်ရှင်
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
{ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }


No comments:

Post a Comment