September 9, 2013

ဝိစိကိစ ၦာ၏ သေဘာ…(၂)…

ဝိစိကိစ ၦာ၏ သေဘာ…(၁)… မွ အဆက္

ဝိစိကိစ ၦာကို ပယ်ရှားနိုင်ရန် တရား (၆) ပါး ရှိလေသည်။

(၁) ဗဟုဿုတကာ - များသော အကြားအမြင်ရှိခြင်း
(၂) ပရိပုစ္ဆကတာ - အဖန်ဖန် မေးတတ်ခြင်း
(၃) ဝိနယေပကတညုတာ - ဝိနည်း၌ ကျွမ်းကျင် လိမ္မာခြင်း
(၄) အဓိမောက္ခဗဟုလတာ - ဆုံးဖြတ်နိုင်ခြင်း များခြင်း
(၅) ကလျာဏမိတ္တတာ - ကောင်းမွန်သော အဆွေခင်ပွန်းရှိခြင်း
(၆) သပ္ပါယကထာ - လျောက်ပတ်သည်ကို ပြောဆိုခြင်း

ဝိစိကိစ္ဆာကို ပယ်ရှားနိုင်စေရန် အကြားအမြင် ဗဟုသုတများစွာ ရရှိအောင် ကြိုးစားကြရမည်။ တရားဓမ္မနှင့် သက်ဆိုင်သော စာအုပ်စာပေမျာကို ဖတ်မှတ်ရမည်။ယခုခေတ်တွင် အင်တာနက်များ၌လည်း ဓမ္မ ဗဟုသုတ များစွာကို ရှာဖွေ လေ့လာနိုင်ပေသည်။ ထိုသို့ရှာဖွေ လေ့လာရာတွင် စာပေ အဆိပ်မသင့်ဖို့သာ အရေးကြီးပေသည်။ ဓမ္မနှင့် လွဲချော်နေသော စာပေများကိုဖတ်ရှုခြင်းဖြင့် အသိ အမြင် လွဲမှားမှုများ ဖြစ်စေတတ်သည်ကို သတိချပ်ရပေမည်။ မှန်ကန်သောစစ်မှန်သော ဓမ္မ ဗဟုသုတများကို လေ့လာခြင်းဖြင့် အကြားအမြင် အသိအမြင်များပြီး မိမိတို့၏ဝိစိကိစ္ဆာများ လွယ်လင့်တကူ ပါးသထက် ပါးလာပေမည်။

မိမိ မသိသေးသော၊ မရှင်းလင်းသေးသော၊ ဇဝေဇဝါ ဖြစ်နေသော၊သို့လော သို့လော ဖြစ်နေသော ဓမ္မရေးရာ ကိစ္စရပ်များကိုလည်း နားလည်တတ်ကျွမ်းသော ရဟန်း ပညာရှိ၊လူပညာရှိ စသည့် ပညာရှိ သူတော်ကောင်းများထံ ဆည်းကပ်နာယူ မေးမြန်း လျှောက်ထားကြရမည်။ရှုထောင့် အမျိုးမျိုးမှ သုံးသပ်ကာ ကြိမ်ဖန်များစွာ မေးမြန်း ဆွေးနွေး ကြရမည်။ သို့မှသာမှန်ကန်သော အဖြေကို တိတိကျကျ ရရှိလာမည်။ ဆရာမကူဘဲ သဗ္ဗညုတ ဉာဏ်တော်ကို ရနိုင်စွမ်း ရှိသည်မှာပါရမီဆယ်ပါးကို ပြီးပြည်စုံအောင် ကျင့်ကြံပွားများခဲ့သော ဗုဒ္ဓမြတ်စွာ တစ်ပါးတည်းပင်ရှိသည်။ ဤဤထိုထို သတ္တဝါ ပုဂ္ဂိုလ်မှန်သမျှသည် ပညာရှိသူတော်ကောင်းများ ထံတွင် ဆည်းကပ်ပြီးမေးမြန်းလျှောက်ခြင်း မရှိဘဲ ဝိစိကိစ္ဆာ ကင်းစင်နိုင်ဖို့ရန် လုံးဝ မဖြစ်နိုင်ပေ။မိမိ ကိုယ်ပိုင် အသိ တစ်ခုတည်းဖြင့် မှန်သည် ဟု ဆုံးဖြတ်ချက် မချသင့်ချေ။ အမှားပေါ်အမှား ထပ်ဆင့်သွားတတ်သည်။
  
မြတ်စွာဘုရား ဟောကြားထားသော ဝိနည်းစည်းကမ်းများကိုကျွမ်းကျင်စွာ သိရှိထားလျှင်လည်း ဓမ္မနှင့်ပတ်သက်သည့် ဝိစိကိစ္ဆာ ယုံမှားသံသယများကိုရှင်းလင်းပေးနိုင်သည်။ ဝိနည်းစည်းကမ်း ဆိုသည်မှာ သီလဟုပင် ပြောရမည်။ ဝိနည်းဟု ဆိုလိုက်လျှင်ရဟန်း သံဃာများနှင့်သာ ဆိုင်သည် မိမိတို့ လူပုဂ္ဂိုလ်များနှင့် လားလားမျှ မဆိုင် ဟုတွေးတတ်ကြသူများလည်း ရှိတတ်ကြသည်။ ရဟန်း သံဃာများတွင်လည်း ဆိုင်ရာ ဝိနည်းသီလများ ရှိသကဲ့သို့လူပုဂ္ဂိုလ်များတွင်လည်း ဆိုင်ရာ ဝိနည်းသီလများ ရှိကြပေသည်။ သီလ ဖောက်ဖျက်ခြင်း၏ ဆိုးကျိုးအပြစ်များနှင့် သီလ စောင့်တည်ခြင်း၏ ကောင်းကျိုး ကျေးဇူးများကို နားလည် သိရှိထားရမည်ဖြစ်သည်။ မိမိတို့နှင့် သက်ဆိုင်ရာ သီလများကို ကျင့်ကြံပွားများ အားထုတ်ခြင်းဖြင့်ဝိစိကိစ္ဆာ ဖြစ်တတ်မှုများကို ပယ်ရှင်း ပစ်နိုင်ပေသည်။

ဓမ္မရေးရာ ကိစ္စရပ်များကို သတိ ဉာဏ်ပညာဖြင့် မှန်ကန်စွာဆုံးဖြတ်ချက်ချပြီး ယုံကြည်မှု သဒ္ဒါတရား တိုးပွားလာအောင် ပြုလုပ်ရမည်။ ယုံကြည်မှု သဒ္ဒါတရားကိုသတိဉာဏ် ပညာဖြင့် ယှဉ်တွဲ၍ ဖြစ်နေရမည်။ သဒ္ဒါနှင့် ပညာ မျှတနေရမည် ဟု ဆိုလိုခြင်း ဖြစ်သည်။မှန်ကန်သော ဆုံးဖြတ်ချက် တိကျ ခိုင်မှာမှသာလျှင် အလုပ်တစ်ခုကို အောင်မြင်စွာ ပြီးမြောက်စေသကဲ့သို့တရားဓမ္မ ကျင့်ကြံအားထုတ်ရာတွင်လည်း တိကျမှန်ကန်သော ဆုံးဖြတ်ချက် ခိုင်မာစွာ ရှိလျှက်ပြုလုပ်ပါက အထမြောက် ပြီစီးပေလိမ့်မည်။ ထိုကြောင့် မှန်ကန်သော ဓမ္မကို သိရှိပြီး ဆိုလျှင်ဆုံးဖြတ်ချက် ပိုင်နိုင်စွာ ပြုလုပ်လျှက် ကျင့်ကြံ အားထုတ်ခြင်းဖြင့် ဝိစိကိစ္ဆာ ကိုပယ်သတ်နိုင်မည်။

မိမိ ပေါင်းသင်းနေသော မိတ်ဆွေ အပေါင်းအသင်းများတွင်လည်းတရားဓမ္မနှင့် စပ်လျဉ်း၍ ရှင်းလင်း ဟောပြ လမ်းညွှန်ပေးနိုင်သော ပုဂ္ဂိုလ်များ ရှိနေရမည်။အခါအားသင့်လျော်စွာ တရားဓမ္မများနှင့် သက်ဆိုင်သော အကြောင်း အရာများကို တစ်ဦးနှင့်တစ်ဦး ဆွေးနွေး တိုင်ပင် နှီးနှော ရမည်။ ထိုသို့ ဆိုလျင် မိမိတို့၏ စိတ်သန္တာန်တွင်ရှိနေသော ဝိစိကိစ္ဆာ အကုသိုလ်များကို ဖြည်းဖြည်းချင်း နည်းသထက် နည်းအောင် ကျင့်ကြံနိုင်ပေလိမ့်မည်။ကလျာဏမိတ္တ ဟူသော အဆွေခင်ပွန်းကောင်းသည် ကုသိုလ်တရားများ ဖြစ်ထွန်းရေးအတွက် များစွာအထောက်အကူ ပြုသည်ကို သိရှိထားရမည်။

အချိန်သင့်သည့် အခွင့်သင့်သည့် အခါတိုင်း တရားဓမ္မဆွေးနွေးကြခြင်းဖြင့် အချိန်ကုန်လွန်စေပါက ကုန်လွန်သော အချိန်များသည် အတိုင်းထက် အလွန်တန်ဖိုး ရှိကြပေလိမ့်မည်။ လောက၌ လူအများစုသည် တစ်ဦးကို တစ်ဦး လိမ်ညာသော စကားများပြောဆိုခြင်း၊ တစ်ဦးနှင့် တစ်ဦး ရန်လို အမုန်းပွား ဖြစ်စေရန် ကုန်းတိုက်စကားများပြောဆိုခြင်း၊ မကြားဝံ့မနာသာ စကားများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ ပြောဆိုခြင်း၊အကျိုးမရှိဘဲ သိမ်ဖျင်းသော စကားများ ပြောဆိုခြင်းဖြင့် အချိန်ကုန်နေကြခြင်း စသည့်ဖြင့်တန်ဖိုးရှိသော အချိန်များကို ဖြုန်းတီးပစ်နေကြသည်။ ထိုသို့ အချိန်များ အလဟသတ် ဖြစ်သွားမည့်အစားတရား ဓမ္မများကို ဆွေးနွေးခြင်းဖြင့် အချိန်ကုန်လွန်စေလျှင် တရား အသိအမြင်များ ရရှိကာဝိစိကိစ္ဆာဟူသော အကုသိုလ် အညစ်အကြေးများသည် သန့်စင်လာပေလိမ့်မည်။

ကုသိုလ်တရားတို့ကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရားခြောက်ပါးတွင် ဝိစိကိစ္ဆာနီဝရဏ အဖြစ် ပါဝင်နေသည်။ အနုသယ ခုနစ်ပါးတွင်လည်း ဝိစိကိစ္ဆာနုသယ ရှိနေပြန်သည်။ သံယောဇဉ် ဆယ်ပါးတွင် ဝိစိကိစ္ဆာသံယောဇဉ် ရောယှက်နေပြန်သည်။ ထိုကြောင့်ဝိစိကိစ္ဆာသည် သတ္တဝါများကို ဘက်ပေါင်းစုံမှ စိုးမိုး ခြယ်လှယ်ထားသည်။

ဗုဒ္ဓဘာသာဝင် မဟုတ်သူများတွင် ဝိစိကိစ္ဆာ ဧကန်ရှိနေကြပေသည်။ ဗုဒ္ဓဘာသာဝင် ဖြစ်နေလင့်ကစား သောတာပန်အဆင့် မဖြစ်သေးသ၍ ထို ဝိစိကိစ္ဆာကိုအသိဖြင့်သာ ပယ်ထားနိုင်ပေဦးမည်။ အချို့ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာဝင် အမည်ခံထားသော်လည်းဝိစိကိစ္ဆာ လွှမ်းမိုးခံရလျှက် ကိုးကွယ်မှု အယူဝါဒ မှားယွင်းနေသူများလည်း ရှိနေကြသည်။ဥပမာ - နတ်ကိုးကွယ်နေသူများ၊ ကံနှင့် ကံ၏ အကျိုးကို မယုံကြည်သေးသူများ စသည် စသည်တို့ပင်တည်း။

လောကတွင် ကျင့်ကြံအားထုတ်နေကြသော အယူဝါဒပေါင်းစုံရှိကြရာ အဝတ်မဝတ်ဘဲ ကျင့်ကြံခြင်းဖြင့် လည်းကောင်း၊ ဆံပင်များ ရိတ်ခြင်း မပြုဘဲ ကျင့်ကြံခြင်း၊ရွှံ့ညွန်များ လိမ်း၍ ကျင့်ကြံခြင်း၊ အစာအငတ်ခံ ကျင့်ကြံခြင်း၊ မြေ၌ အိပ်၍ ကျင့်ကြံခြင်း၊မြူမှုန်များ လိမ်းကျံ၍ ကျင့်ကြံခြင်း၊ မီးခိုးပြာများ လိမ်း၍ ကျင့်ကြံခြင်း၊ ဆောင့်ကြောင့်ထိုင်၍ကျင့်ကြံခြင်း၊ တိရိစ္ဆာန်တို့၏ အမူအကျင့်များဖြင့် ကျင့်ခြင်း၊ တစ်ပါးသော သတ္တဝါများကိုရက်စက်စွာ ညှင်းဆဲ သတ်ဖြတ်၍ ဘုရားသခင်ထံ ယစ်ပူဇော် ပသခြင်း စသည်စသည်ဖြင့် မည်သို့ပင်ကျင့်ကြံအားထုတ် နေစေကာမူ ဓမ္မလမ်းကြောင်း အမှန်ပေါ်သို့ မရောက်ဘဲ ဝိစိကိစ္ဆာ မလွတ်မြောက်သေးသောပုဂ္ဂိုလ်များသာလျှင် ဖြစ်နေပေလိမ့်မည်။

အချိန်လည်းကုန်၊ လုပ်အားလည်းကုန်၊ ခန္ဓာလည်း ပင်ပန်း၊သံသရာ ဒုက္ခဆင်းရဲတွင်းမှလည်း မလွတ်မြောက်သော ကျင့်စဉ်များဖြင့် အဘယ်သို့ အကျိုးရှိပါအံ့နည်း။

လမ်းလျှောက်နေသော်လည်း လမ်းမှန်ပေါ်သို့ မရောက်နေပါက မိမိ လျှောက်လှမ်းနေသော ခြေလှမ်းများသည် သံသရာဝဲ သြဃတွင် တဝဲလည်လည်သာ ရှိချိမ့်မည်။ သို့ဖြစ်ပါ၍ ဝိစိကိစ္ဆာ အကုသိုလ်ကို ကင်းစင်အောင် ဆောင်ကျဉ်းပေးနိုင်သော ဗုဒ္ဓ၏ တရားဓမ္မများကိုကျင့်ကြံခြင်းဖြင့်သာ အရိယာ သူတော်စင်တို့ လျှောက်လှမ်းနိုင်သော နိဗ္ဗာန်သို့ ရောက်နိုင်ကြပေတော့မည်။

အရှင်ဉာဏဒီပ
ဒေလီတက္ကသိုလ်၊ အိန္ဒိယ
              အရှင်ဉာဏဒီပ (ဓမ္မရတနာ) by ဆိုက်မှ ကူယူဖေါ်ပြပါသည်။

No comments:

Post a Comment